ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများအားလုံးကို နေပြည်တော်တွင် တပေါင်းတည်း စစ်ဆေးမည်

ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများအားလုံးကို နေပြည်တော်တွင် တပေါင်းတည်း စစ်ဆေးမည်

နေပြည်တော်၊ ဇွန်လ၂၈ ။        ။ ဖြိုးကိုကိုတင့်ဆန်းအား ရန်ကုန်အမှုတွဲများအပါအဝင် တရားစွဲတင်ထားသော အမှုတွဲများကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် တပေါင်းတည်း စစ်ဆေးမည်ဖြစ်ပြီး ယမန့်နေ့ ဇွန်လ ၂၇ ရက်နေ့ ရုံးချိန်းတွင် နေပြည်တော်တွင် တရားစွဲတင်ခံထားရသည့် အမှုတွဲများကို ပြန်လည်စတင်စစ်ဆေးခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းအား တရားစွဲတင်ထားသော အမှုတွဲများကို တရားရုံးတစ်ခုတည်းတွင် တပေါင်းတည်း စစ်ဆေးပေးရန် ရုံးပြောင်းလျှောက်ထားပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှစစ်ဆေး၍ ဇွန် ၁၂ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့ကာ ဒက္ခိဏခရိုင်တရားရုံးတွင် အမှုအားလုံးကို စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယမန့်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါရုံးချိန်းတွင်း ၄င်းသက်သေအပြင် အခြားသက်သေတစ်ဦးကိုလည်း စစ်ဆေးခဲ့ပြီး အဆိုပါအမှုများသည် နေပြည်တော်တွင် တရားစွဲတင်ခံထားရသည့် အမှုများဖြစ်သည်။

ထိုသို့ တရားလွှတ်တော်ချုပ်ရုံးက အမှုတွဲများအား တောင်းယူခဲ့သည့် အချိန် ၈ ပတ်အတွင်း တရားခွင်ကို စတင်စစ်ဆေးနိုင်ခြင်း မရှိခဲ့ပေမယ့် "သက်သေက ဒုရဲ အုပ်ချစ်မင်းဦးဆိုတာ လာတယ်။ ချစ်မင်းဦးကို ရာဇသတ်ကြီးမှု အမှတ် ၁၁၉/၂၀၁၇ ၊ နောက်တစ်ခါ ရဲအုပ်ကျော်ကျော်ဦးက ဖြိုးကိုကိုတင့်ဆန်းနဲ့ အောင်ဇော်ဇော်မိုးကို အရေးယူတဲ့ အမှုပေါ့ အဲ့အမှုမှာ သက်သေခံတယ်”

“ နောက်တစ်ခါ ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၁၈ ဒုရဲမှူးမြင့်စိုးကနေပြီးတော့ ဖြိုးကိုကိုတင့်ဆန်း ကို အရေးယူတဲ့ အမှု သက်သေခံတယ်။ နောက်တစ်ခါ ရာထွေ အမှု နဲ့ အဲ့အမှုနဲ့တွဲနေတဲ့ ရာထွေ မှုအမှတ် ၁/၂၀၁၈ အဲ့ဒီဟာမှာသက်သေခံတယ်။ နောက်တစ်ခါ ရာဇသတ်ကြီးမှု အမှတ် ၂/၂၀၁၈ ရဲအုပ်ကျော်ကျော်ဦးကနေပြီးတော့ ဖြိုးကိုကိုတင့်ဆန်းပါ ၃ ဦးပေါ့ ။သူတို့ကို အရေးယူတဲံ့ အမှုမှာသက်သေခံတယ်၊ ရာဇသတ်ကြီးမှု အမှတ် ၆/ ၂၀၁၈ ရဲမှူး ကျော်လွင်ဦးကနေပြီးတော့ ဖြိုးကိုကိုတင့်ဆန်းကို အရေးယူထားတဲ့ အမှု အဲ့ အမှုတွေမှာ ဒုရဲအုပ်ချစ်မျိုးဦးကနေပြီးတော့ သက်သေခံ သွားတာပေါ့နော်။ အားလုံးမှာ ငါးမှု သက်သေခံသွားတယ်"ဟု ဇွန်လ ၂၇ ရက် တရားခွင်အပြီးတွင် ဒက္ခိဏသီရိခရိုင်တရားရုံးမှ ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖြိုးကိုကိုတင့်ဆန်းအား တရားစွဲတင်ခံထားရသည့် အမှုပေါင်း ၁၁ မှုရှိခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံးမှ တစ်မှု၊ ဗဟန်းမြို့နယ်တရားရုံးမှ ငါးမှု၊ သာကေတ မြို့နယ်တရားရုံးမှ ငါးမှု တို့ဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ တရားခံပြေးမှု၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ၂၀၁၃ ဆက်သွယ်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲတင်ထားခြင်းဖြစ်သည်။

လက်ရှိ ဒက္ခိဏ ခရိုင်တရားရုံးတွင်နေပြည်တော်မှ အမှုတွဲများကိုသာ စစ်ဆေးနေပြီး "ရန်ကုန်ကအမှုတွေကတော့ တရားခံတွေကော သက်သေခံပစ္စည်းကော အကုန်စုံသွားတော့မှပဲ သူက စစ်လို့ရမှာ"ဟုဦးခင်မောင်ဝင်းကပြောသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရုံးချိန်းရက်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း ချိန်းဆိုစစ်နေပြီး ယခု ရန်ကုန်တိုင်းရှိ တရားရုံးများမှ ထပ်မံလွှဲပို့ထားသော အမှုတွဲများကြောင့် ရုံးချိန်းရက်သည် ထပ်မံတိုးလာနိုင်ဖွယ်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly