လှိုဏ်ဂူကို အပေါက်ဖောက်ပြီး ပိတ်မိပျောက်ဆုံးနေသည့် ထိုင်းလူငယ်များကို ကယ်တင်နိုင်ရန် ကြိုးပမ်း

လှိုဏ်ဂူကို အပေါက်ဖောက်ပြီး ပိတ်မိပျောက်ဆုံးနေသည့် ထိုင်းလူငယ်များကို ကယ်တင်နိုင်ရန် ကြိုးပမ်း
ဓာတ်ပုံ - AFP

ဇွန် ၂၈ ။            ။ ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုဏ်ဂူတစ်ခုထဲမှာ ပိတ်မိပျောက်ဆုံးနေလျက်ရှိတဲ့ ယောကျ်ားလေး ၁၂ ယောက်နဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်း နည်းပြဖြစ်သူတို့ကို ကယ်တင်နိုင်ဖို့ ယခုအခါ ကယ်ဆယ်ရေးသမားတွေက ဂူကို အပေါက်တစ်ပေါက် ဖောက်သွားဖို့ ကြိုးပမ်းနေပြီ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အကြား အသက်အပိုင်းအခြားရှိ ထိုင်းလူငယ် ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြဖြစ်သူတို့ဟာ ဇွန်လ ၂၃ ရက်ကတည်းက အဆိုပါ သမ်လောင်ဂူထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး ယခုအချိန်ထိ ပြန်ရှာတွေ့ခြင်း မရှိသေးပါဘူး။

မိုးရာသီကာလအတွင်းမှာ ယင်းဂူမှာ ရေလွှမ်းမိုးတတ်တာကို သိလျက်သားနဲ့ ၎င်းဘောလုံးအသင်းအဖွဲ့ဟာ ဂူထဲ လေ့လာဖို့ ၀င်ရောက်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် တောင်တစ်လုံးအောက်က ၆ မိုင်အလျားရှိ အဆိုပါ လှိုဏ်ဂူမှာတော့ ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ထိုင်းရေတပ် တပ်ဖွဲ့ဝင်တွေအပါအဝင် ထိုင်းစစ်ဘက်အဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ရောက်ရှိနေကြပါတယ်။

" တောင်ကို ဖောက်ပြီး အပေါက်တစ်ပေါက် တူးသွားမှာဖြစ်ပါတယ်၊ သိပ်အနက်ကြီးတော့ တူးမှာတော့ မဟုတ်ပါဘူး၊ လူတွေ ၀င်လို့ ရလောက်အောင်ပဲ တူးမှာပါ" ဆိုပြီး ထိုင်းပြည်ထဲရေးဝန်ကြီး အန်နူပေါင် ပါအိုချင်ဒါ က ပြောသွားပါတယ်။

" ဘာပဲဖြစ်ဖြစ် ကလေးတွေကို ကယ်နိုင်ဖို့ နည်းလမ်းအကုန် သုံးသွားမှာပါ" လို့လည်း ၎င်းက ပြောပါတယ်။

ယခု ဆိုရင် အဆိုပါ ဘောလုံးအသင်းအဖွဲ့ ဂူထဲ ပိတ်မိပျောက်ကွယ်နေခဲ့တာ ဆိုရင် ငါးရက်မြောက်နေ့ ရောက်လာပြီ ဖြစ်ကာ ပူဆွေးသောကရောက်နေကြတဲ့ ဆွေမျိုးမိဘတွေကလည်း ဂူအပြင်ဘက်မှာ စုရုံးစောင့်ဆိုင်းနေကြလျက်ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ အမေရိကန်စစ်တပ်က အကူအညီအဖွဲ့တစ်ခု စေလွှတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly