ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ကနေ ဂျာမနီအသင်းထွက်ခဲ့ရလို့ ပရိသတ်တွေ အသည်းကွဲခဲ့ရ

ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ကနေ ဂျာမနီအသင်းထွက်ခဲ့ရလို့ ပရိသတ်တွေ အသည်းကွဲခဲ့ရ

ဇွန် ၂၈၊ ဘာလင်။         ။ တောင်ကိုရီးယားအသင်းကို နှစ်ဂိုး၊ ဂိုးမရှိနဲ့ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ကနေ ဂျာမနီအသင်းထွက်ခွာခဲ့ရပြီးနောက် ဘာလင်မြို့က ဂျာမန်ပရိသတ်တွေဟာ ဝမ်းနည်းငိုကြွေးခဲ့ကြပါတယ်။

အနိုင်ရမှ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်မယ့် လက်ရှိချန်ပီယံဂျာမနီအသင်းဟာ အုပ်စုတွင်း သုံးပွဲမှာ တစ်ပွဲသာအနိုင်ရပြီး နှစ်ပွဲရှုံးခဲ့လို့ ရမှတ် သုံးမှတ်နဲ့ အုပ်စုအဆင့်ကတင် လှည့်ပြန်ခဲ့ရပါပြီ။

ဒါဟာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ၊ ကွန်ဖက်ဒရေးရှင်းဖလားချန်ပီယံနဲ့ ကမ္ဘာ့အဆင့်တစ် ဂျာမနီအသင်းအတွက် နှစ်ပေါင်း ၈၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီလိုရှုံးနိမ့်ခဲ့ရတာနဲ့ပတ်သက်ပြီး ဘာလင်မြို့က ဂျာမန် အမျိုးသားပရိသတ်တစ်ဦးက “ရှုံးသွားလို့ အရမ်းကြေကွဲရတယ်။ ဒီနေ့တော့ တစ်ခုခု လုပ်ပြနိုင်မှာပဲ ထင်ခဲ့ပေမယ့် ကံမကောင်းခဲ့ဘူး။ ဖြစ်မလာခဲ့ဘူး” လို့ ပြောဆိုခဲ့သလို

အမျိုးသမီးပရိသတ်တစ်ဦးကလည်း “အရမ်းဝမ်းနည်းတယ်။ နောက်တစ်ဆင့်မတက်နိုင်လို့ စိတ်မကောင်းဘူး။ အသင်းက ကစားတာ စိတ်ဓါတ်မရှိဘူး။ ပြီးခဲ့တဲ့ လေးနှစ်တုန်းကနဲ့ တခြားစီပဲ။ သူတို့အတွက် နောက်ဆုံးရခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့တင် ကျေနပ်နေတဲ့ပုံပေါက်နေတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဇွန် ၂၇ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ အုပ်စု F မှာ တောင်ကိုရီးယားက ဂျာမနီကို နှစ်ဂိုး၊ ဂိုးမရှိ။ ဆွီဒင်က မက္ကဆီကို ကို သုံးဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ဆွီဒင်နဲ့ မက္ကဆီကိုတို့ နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။

အုပ်စု E မှာ ဘရာဇီးက ဆားဘီးယားကို နှစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ဆွစ်ဇာလန်နဲ့ ကော်စတာရီကာတို့ နှစ်ဂိုးစီသရေကျခဲ့ကာ ဘရာဇီးနဲ့ ဆွစ်ဇာလန်တို့ နောက်တစ်ဆင့်တက်ခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘရာဇီးနဲ့ မက္ကဆီကို၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့ ကစားကြရမှာ ဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly