တတိယနိုင်ငံတစ်ခုတွင် ပူတင်နှင့် ထရမ့်တို့ တရားဝင်ပထမဆုံး ထိပ်သီးစည်းဝေးရန် သဘောတူ

တတိယနိုင်ငံတစ်ခုတွင် ပူတင်နှင့် ထရမ့်တို့ တရားဝင်ပထမဆုံး ထိပ်သီးစည်းဝေးရန် သဘောတူ

မော်စကို၊ ဇွန် ၂၈ ။            ။ ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တတိယနိုင်ငံတစ်ခုတွင် ၎င်းတို့၏ ပထမဆုံး တရားဝင် ထိပ်သီးအစည်းအဝေးကို တွေ့ဆုံကြရန် သဘောတူထားကြပြီဖြစ်ကြောင်း နှစ်ဖက်အစိုးရ တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ပြောကြသည်။

နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဆိုးဝါးခြင်းကို ပြင်ဆင်နိုင်ရန် ခေါင်းဆောင်နှစ်ဦးတို့က ထိပ်သီးတွေ့ဆုံရေး ကြိုးစားနေခဲ့ခြင်းလည်း ဖြစ်သည်။

ပူတင်နှင့် ရုရှသို့ ရောက်ရှိလာသော အမေရိကန် အမျိုးသားလုံခြံုရေးအကြံပေး ဂျွန်ဘော်တန်တို့ နှစ်နာရီကြာ တွေ့ဆုံပြီးနောက် ယခု ထိပ်သီးအစည်းအဝေး အတည်ပြုချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

“ထိပ်သီးအစည်းအဝေး ကျင်းပဖို့ သဘောတူထားတာကို ကျွန်တော် ပြောနိုင်ပါတယ်။ နေ့ရက်နဲ့ နေရာတောင် သတ်မှတ်သဘောတူပြီးပြီလို့ ကျွန်တော် ပြောနိုင်ပါတယ်။”ဟု ပူတင်၏ လက်ထောက်အကူ ယူရီအူရှာကော့ဗ်က ပြောပြီး “ကျွန်တော်တို့အတွက်ရော၊ အမေရိကန်ဖက်အတွက်ပါ အလွန်ကို အဆင်ပြေမယ့် အစည်းအဝေးနေရာကို တတိယနိုင်ငံတစ်ခုမှာ ရွေးထားပါတယ်။”ဟု ဖြည့်စွက်ဆိုသည်။

လာမည့် ရက် ဇွန် ၂၈ ရက်တွင် ကရင်မလင်နှင့် အိမ်ဖြူတော်တို့က အစည်းအဝေး ကျင်းပမည့် အချိန်နှင့် နေရာကို တစ်ပြိုင်တည်း ကြေညာကြမည်ဖြစ်ကြောင်း ပူတင်နှင့် တွေ့ဆုံပြီးနောက် ဘော်တန်က သတင်းထောက်များအား ပြောခဲ့သည်။

အမေရိကန်နှင့် ရုရှနှစ်နိုင်ငံသည် ယူကရိန်နှင့် ဆီးရီးယား ပဋိပက္ခ၊ နျူကလီးယား ဖျက်သိမ်းရေး စသည်တို့ အပါအဝင် ကိစ္စရပ် အမျိုးမျိုးတွင် သဘောထာချင်း မတိုက်ဆိုင်ကြဘဲ ရှိနေကာ ဆိုဗီယက်ပြိုလဲပြီး နောက်ပိုင်း ဆက်ဆံရေးအခြေအနေ အဆိုးဆုံး ဖြစ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags