ယာဉ်ဝန်ထမ်းသားသမီးများအား ၁၇ ကြိမ်မြောက် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်

ယာဉ်ဝန်ထမ်းသားသမီးများအား ၁၇ ကြိမ်မြောက် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်

ဇွန်လ ၂၇ ။            ။ ၂၀၁၇-၂၀၁၈ခုနှစ်၊ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ယာဉ်ပိုင်ရှင်များ၊ ယာဉ်မှူးများ၊ ယာဉ်နောက်လိုက်များနှင့်ယာဉ်အသင်းဝင် ဝန်ထမ်းများ၏ သားသမီးများကို မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ၁၇ ကြိမ်မြောက် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားအား ဇွန်လ ၂၇ ရက်၊နံနက် ၉ နာရီ၊၃၀ မိနစ်က မန္တလေးမြို့၊ ၆၃လမ်း၊ ၃၃လမ်းနှင့်၃၄လမ်းကြား၊အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီရုံး၊ရွှေမန္တလေး ခန်းမတွင်ပြုလုပ်ခဲ့သည်။

"ပညာရည်ချွန်ဆုများ ပိုမိုချီးမြှင့်နိုင်ရန်အတွက် ရုံးပိုင်ယာဉ်များကို အငှားလိုက်ခြင်း၊ယာဉ်လောကသားများကို ယာဉ်ပြင်ဆင်စရိတ် ချေးငွေများထုတ်ချေးပေးခြင်း၊ရုံပိုင်ဂိတ်ခန်းများကို ငှားရမ်းခြင်း၊ ၎င်းတို့မှရရှိတဲ့ငွေတွေကို စုပေါင်းပြီး တစ်နှစ်ထက်တစ်နှစ် ဆုကြေးငွေပိုမိုရရှိအောင် ကော်မတီအနေနဲ့ ကြိုးစားရွက်ခဲ့တယ်။"ဟု မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

၂၀၁၄-၂၀၁၅ ခုနှစ်ပညာသင်နှစ်တွင် ကျပ်သိန်း ၁၅၀၊၂၀၁၅-၂၀၁၆ခုနှစ်ပညာသင်နှစ်တွင် ကျပ် ရ၇သိန်း၊ ၂၀၁၆-၂၀၁၇ခုနှစ် ပညာသင်နှစ်တွင် ကျပ်၂၁၇သိန်းကျော်နှင့်ယခု ၂၀၁၇-၂၀၁၈ခုနှစ်ပညာသင်နှစ်တွင် ကျပ်သိန်းပေါင်း ၂၃၃သိန်းကျော် တိုးမြှင့်ချီးမြှင့်နိုင်ခဲ့သည်ဟု ဦးအောင်ကျော်လင်းကဆိုသည်။

၆ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊၅ဘာသာဂုဏ်ထူးရှင်(၄)ဦး၊၄ ဘာသာဂုဏ်ထူးရှင်(၆)ဦး၊၃ ဘာသာ ဂုဏ်ထူးရှင် (၁၀)ဦး၊၂ ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊၁ ဘာသာဂုဏ်ရှင်(၃၅)ဦးနှင့် ရိုးရိုးအောင်မြင်သော သူ(၁၃၆)ဦး၊ စုစုပေါင်း(၂၀၇)ဦးကို ဆုကြေးငွေများနှင့်ဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက"ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတာ ကောင်းပါတယ်။ ဒီယကကအနေနဲ့ ယာဉ်လောက ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတာတွေလည်းတွေ့ရပါတယ်။"ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly