ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို တိုင်းလွှတ်တော် အတည်ပြု

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို တိုင်းလွှတ်တော် အတည်ပြု

ရန်ကုန် ၊ ဇွန် ၂၇ ။          ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းကို တိုင်းဒေသကြီးလွှတ်တော်မှ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၅၁) ရက်မြောက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။

အဆိုပါစည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီမှ ပြင်ပပညာရှင်များနှင့် ရက်ပေါင်း ၉၀ ကျော်ကြာ ပြင်ဆင်ပြီးနောက် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောဆိုခဲ့သည်။

မူလကနဦးက တိုင်းဒေသကြီးအစိုးရမှ တင်သွင်းသည့် ဥပဒေကြမ်းတွင် မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းများ၌ ဝင်ရောက်ရင်းနှီးမြုပ်နှံနိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သော်လည်း ယခုအတည်ပြုသည့်အခါတွင် အဆိုပါပြဋ္ဌာန်းချက်များပါဝင်သည့်အခန်းတစ်ခုလုံးကိုပယ်ဖျက်နိုင်ခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

“ဥပဒေကြမ်းကို တင်လာတဲ့အချိန်တုန်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီးပွားရေးလုပ်မယ့်ဆိုတဲ့ အချက်တွေ ပါလာပါတယ်။ ဒီအချက်တွေကို ကျွန်တော်တို့လွှတ်တော်က အောင်မြင်စွာနဲ့ပဲ အခန်းတစ်ခန်းလုံးကို ပယ်ဖျက်လိုက်တဲ့အတွက်ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီးပွားရေးလုပ်လို့မရဘူး။ မူလအတိုင်းပဲ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရတဲ့ အနေအထားမျိုးကို လုပ်ကိုင်ရမှာ ဖြစ်ပါတယ်” ဟု ဦးလှဌေးက ဆိုသည်။

စည်ပင်သာယာရေးဥပဒေအတည်ပြုခဲ့ခြင်းကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များကို ရွေးချယ်ရန် ရွေးကောက်ပွဲများ လုပ်ဆောင်သွားရမည်ဖြစ်သည်။ ယခင်က စည်ပင်သာယာရေးကော်မတီဝင်များရွေးကောက်ပွဲတွင် အိမ်ထောင်ဦးစီးတစ်ဦးသာ ဆန္ဒမဲပေးခွင့်ရှိသော်လည်း ယခုအတည်ပြုလိုက်သည့် ဥပဒေကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စည်ပင်သာယာရေးကော်မတီဝင်များကို ဆန္ဒမဲပေးခွင့်ရှိမည်ဖြစ်သည်။

အတည်ပြုလိုက်သည့် စည်ပင်သာယာရေးဥပဒေကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဖွဲ့စည်းပုံများ ပြောင်းလဲသွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့်ဝန်ထမ်းများအား အရေးယူသွားမည့် ပြဋ္ဌာန်းချက်များလည်း ပါဝင်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly