မူးယစ် သတင်းပေးခြင်းဖြင့် သိန်း ၁၃၀ အနည်းဆုံး ရမည်

မူးယစ် သတင်းပေးခြင်းဖြင့် သိန်း ၁၃၀ အနည်းဆုံး ရမည်
ဇွန်လ ၂၆ရက်က ရန်ကုန်တွင် ကျင်းပသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲတွင် တွေ့ရသည့် စိတ်ကြွရူးသွပ်ဆေးများ (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/EPA)
 

နေပြည်တော်(ဇွန်လ ၂၇ရက်၊ ၂၀၁၈ခုနှစ်)။ ။ မူးယစ်ဆေးဝါးကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားသည့် လက်ကြီးသမားများနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားမှုများအပေါ် ဖော်ထုတ်ဖမ်းဆီးရမိပါက သတင်းပေးသူကို အနည်းဆုံး ကျပ်သိန်း ၁၃၀ ပေးရန် တွက်ချက်ထားပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“မူးယစ်ဆေးဝါးသတင်းပေးလို့ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ ကိစ္စတွေမှာ အနည်းဆုံးလူတစ်ယောက်ကို သိန်း ၁၃၀ လောက်ပေးဖို့တွက်ထားပြီးပြီ” ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါ ချီးမြှင့်မှုနှင့်ပတ်သက်ပြီး သတင်းပေးသူ၏ လုံခြံုရေးအတွက် သတင်းထုတ်ပြန်သွားမည်မဟုတ်ဘဲ ချီးမြှင့်မည့် ငွေကြေးအပေါ်လည်း အခွန်ကင်းလွတ်ခွင့်ပြုမည်ဟု သမ္မတရုံးက စီစဉ်ထားသည်။

“ပြည်သူတွေကို ပြောချင်တာက တိုင်ကြားတဲ့အခါ ဘယ်လိုသတင်းရပါတယ်ဆိုတာထက် တိတိကျကျတိုင်ပေး၊ တိတိကျကျလုပ်လို့ရတယ်။ ကြားသတင်းလိုဟာမျိုးကျ အထူးသတိပြုဖို့ပေါ့နော်။ တိုင်တာကတော့ တိုင်ပါ။ သို့သော် နံပါတ်တစ်က သူတို့ရဲ့ လုံခြံုမှုကို ကျနော်တို့ စိုးရိမ်တယ်။ နောက်တစ်ခုက သူတို့ သတင်းပေးတဲ့အချက်အလက်တွေ လုံခြံုမှုကို ကျွန်တော်တို့က စိုးရိမ်တယ်။ လက်တွေ့ဖမ်းဆီးဖော်ထုတ်တဲဲ့အခါမှာလည်း လွတ်သွားတာတွေ၊ အဓိက တရားခံတွေ မမိမှာစိုးရိမ်လို့ ဒီဟာကို စနစ်တကျစီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် 'မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန' ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းလိုက်ပြီး ယင်းဌာန၏ လိပ်စာများဖြစ်သော အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀ , ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ , အီးမေးလ်လိပ်စာ [email protected] သို့ လုံခြံုစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း ယမန်နေ့က အသိပေးထားသည်။

တိုင်ကြားရေးဌာနသို့ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို သမ္မတရုံး အမြဲတမ်းအတွင်းဝန်က သမ္မတဦးဝင်းမြင့်ထံ တင်ပြမည်ဖြစ်ပြီး ဖော်ထုတ်အရေးယူရန် ဗဟိုတွင် ဖွဲ့စည်းထားသည့် 'မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့' ကို သမ္မတက ညွှန်ကြားမည်ဖြစ်သည်။

“လုပ်မယ့်လုပ်ငန်းစဉ်က ဘာလဲဆိုတော့ ဒီဌာနကို ရောက်လာတယ််။ ရောက်လာတဲ့သတင်းကို သမ္မတကို တင်ပြမယ််။ သမ္မတကနေ စိစစ်မယ်။ စိစစ်ပြီးရင် ဒီဟာကို အောက်ခြေကို အဆင့်ဆင့်ကို မချပြဘူး။ ဗဟိုမှာဖွဲ့ထားတဲ့ အထူးအဖွဲ့ကို ပေးမယ်။ အထူးအဖွဲ့က သွားပြီး စစ်ဆေးမယ်။ ဖော်ထုတ်မယ်။ အရေးယူမယ်” ဟု ဦးဇော်ဌေးက လုပ်ငန်းစဉ်ကို ရှင်းပြသည်။

သတင်းပေးသူများ၏ လုံခြံုရေးနှင့် သတင်းအချက်အလက် လုံခြံုရေးကို အထူးအလေးပေးခြင်းကြောင့် လုပ်ငန်းစဉ်ကို အတိုဆုံးဖြစ်အောင် စီစဉ်ထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အထူးအဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့သည့် မူးယစ်ရာဇာ၏ ပိုင်ဆိုင်မှုများအပြင် တရားဝင် ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့် ဥပမာ - အိမ်ခြံမြေ၊ ကား စသည်တို့ကို ကာလတန်ဖိုးကို သတင်းပေးသူနှင့် လက်ရဖမ်းဆီးသူ မူးယစ်ရဲဝန်ထမ်းထံ အချိုးကျ ပေးအပ်ရန်လည်း အစိုးရက စီစဉ်ထားသည်။

“ဒီအမှုကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့ တရားရုံးက စီရင်ချက်ချတဲ့အထိဆိုရင် ဒီဖြစ်စဉ်က အရမ်းကြာနေမယ်။ ကြာနေမယ်ဆိုတော့ တန်ဖိုးသင့်ပြီးရင် သတင်းပေးသူ၊ ဖမ်းတဲ့သူကို နိုင်ငံတော်က စိုက်ထုတ်ပြီး ပေးထားမယ်။ နောက်တရားရုံးက အမှုပြီးပြတ်မှ နိုင်ငံပိုင်လုပ်ပြီးတော့ လောလောဆယ်မှာ နိုင်ငံတော်က ခေတ္တစိုက်ထုတ်ပြီး ပေးမယ်။ ပေးတဲ့အခါမှာလည်း သတင်းပေးတဲ့သူက ဘယ်သူလည်းဆိုတာ မသိရအောင်လို့ ဆုချီးမြှင့်တာတွေကို သတင်းထုတ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ လုံခြံုမှုကို အထူးဂရုပြုပါတယ်” ဟု ဦးဇော်ဌေးက သတင်းထောက်များကို ပြောသည်။

လက်ရှိတွင် သတင်းပေးသူက ဖမ်းဆီးရမိသူ ပိုင်ဆိုင်သည့် တန်ဖိုး၏ ၁၀ရာခိုင်နှုန်း၊ လက်ရဖမ်းဆီးသည့် မူးယစ်ရဲဝန်ထမ်းက ၂၀ရာခိုင်နှုန်းနှင့် အစိုးရက ရ၀ရာခိုင်နှုန်း ရယူရန် အကြမ်းဖျဉ်းအားဖြင့် သတ်မှတ်ထားသော်လည်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာနည်းဥပဒေ ထွက်ရှိပြီးမှသာ အဆိုပါ ရာခိုင်နှုန်းကို အတည်ပြုမည် ဖြစ်သည်။

“အထူးသဖြင့် မူးယစ်ရဲဝန်ထမ်းတွေကို မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ များများဖမ်းလေ၊ နိုင်ငံတော်က ချီးမြှင့်တဲ့ ပိုက်ဆံများများ ရလေပေါ့။ အဲ့တော့ သူတို့ရဲ့ လုံခြံုမှုကိုလည်း ကျွန်တော်တို့က သတိပြုရတယ်။ နောက်သူတို့ရဲ့ စားဝတ်နေရေးကိုလည်း ချီးမြင့်ရာရောက်တဲ့အတွက် သူတို့ များများဖမ်းလေ၊ များများရလေပေါ့နော်။ အဲ့တော့ မူးယစ်ရဲတွေအနေနဲ့လည်း ဂုဏ်သိက္ခာရှိရှိ မူးယစ်ဆေးဝါးအမှုတွေကို ဖော်ထုတ်နိုင်မယ်” ဟု ဦးဇော်ဌေးက ပြောသည်။

မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရန်အတွက် အဓိက ထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေး နှိမ်နင်းရန်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေမှုများကို မသိချင်ယောင်ဆောင်ထားသည့် ဖြစ်စဉ်များတွင် တာဝန်ရှိသူများကို ဦးစားပေးပြီး အရေးယူရန်၊ ပိုင်ရှင်မဲ့ဖြစ်သွားမည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရန်နှင့် မူးယစ်ရဲများ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးရန် စသဖြင့် သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပြီးနောက် အထက်ပါလုပ်ငန်းစဉ်များ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူးအဖြစ် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ သွားရောက်ရာတွင် ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်း်ချိန်အတွင်းမှာပင် မူးယစ်ဆေးဝါး သုံးစွဲနေကြသည်ကို ရင်နာစရာ ကြားသိတွေ့ရှိခဲ့ရခြင်းကြောင့် မူးယစ်ဆေးဝါးပြဿနာကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟု သမ္မတဦးဝင်းမြင့်က ယမန်နေ့က ပြောကြားထားသည်။

“ဒါဟာ အလွန်ရင်နာစရာကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်၊ မျှော်လင့်ချက်တွေဖြစ်တဲ့ ဒီကနေ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူရရှိပြီး မူးယစ်သားကောင်တွေ ဖြစ်နေကြရတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျရှုံးမှုနွံတွင်းထဲ တွန်းပို့နေသလို ကျွန်တော် ခံစားမိပါတယ်” ဟု သမ္မတက ပြောကြားသည်။

“ဘာဖြစ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးတွေကို ဒီလိုမျိုး ဖောဖောသီသီ ရရှိနေကြတာလဲ” ဟုလည်း သမ္မတဦးဝင်းမြင့်က မေးခွန်းထုတ်ခဲ့သေးသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို နှစ်စဉ် မီးရှို့ဖျက်ဆီးလျက်ရှိရာ ယခုနှစ်တွင်လည်း ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကျပ်သန်းပေါင်း ၂၅၃,၃၂၄ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags