ကမ္ဘာ့ချန်ပီယံခါးပတ်က မြန်မာပြည်မှာပဲ ဆက်ရှိနေမည်ဟု အောင်လအန်ဆန်းပြော

ကမ္ဘာ့ချန်ပီယံခါးပတ်က မြန်မာပြည်မှာပဲ ဆက်ရှိနေမည်ဟု အောင်လအန်ဆန်းပြော
ဓာတ်ပုံ - ပြည့်ဖြိုး

ဇွန် ၂၇၊ ရန်ကုန်။                      ။ စိန်ခေါ်သူ ကန်ဟာဆီဂါဝါကို အနိုင်ကစားမည်ဖြစ်၍ ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်မှာ မြန်မာပြည်တွင်သာ ဆက်ရှိနေမည်ဟု ဘက်စုံသုံးကိုယ်ခံပညာ လက်ရှိချန်ပီယံ အောင်လအန်ဆန်းက ပြောဆိုလိုက်သည်။

ဇွန် ၂၉ တွင် ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်းနှင့် စိန်ခေါ်သူ ကန်ဟာဆီဂါဝါ ထိုးသတ်မည့် ONE: SPIRIT OF A WARRIOR ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Pullman ဟိုတယ်တွင် ဇွန် ၂၇ နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ အောင်လအန်ဆန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် One Championship မှ Chief Commercial Officer ဖြစ်သူ မစ္စတာ ဂျက်လင်း၊ တယ်လီနော မြန်မာမှ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးတို့က အမှာစကားပြောခဲ့ကြပြီး ONE: SPIRIT OF A WARRIOR ပြိုင်ပွဲ၌ပါဝင်ယှဉ်ပြိုင်မည့်သူများကို မိတ်ဆက်ပြသခဲ့သည်။

ကန်ဟာဆီဂါဝါက ''အောင်လအန်ဆန်းက အာဂပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့အပြင် ကျွန်တော့်ထက်တောင် ပိုတော်တဲ့ ချန်ပီယံပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အနိုင်ရမယ်လို့ ယုံကြည်ပြီး ချန်ပီယံအသစ်တစ်ယောက်အဖြစ် အောင်ပွဲခံသွားမှာပါ'' ဟု ပြောသည်။

အောင်လအန်ဆန်းက ''ချန်ပီယံတစ်ယောက်အနေနဲ့ စိန်ခေါ်သူအားလုံးကို ကြိုဆိုပါတယ်။ ယှဉ်ချင်တဲ့သူအားလုံး လာပြိုင်ပါ။ ဒါပေမဲ့ ဒီခါးပတ်က မြန်မာပြည်မှာပဲရှိနေမှာပါ။ သောကြာနေ့မှာ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာစေရမယ်လို့ ပြောချင်ပါတယ်'' ဟု ပြောသည်။

ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကို ဇွန် ၂၉ ရက် သောကြာနေ့ ညနေ ၆းဝဝ နာရီမှစတင်ကာ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင်းကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်မည်ဖြစ်သည်။

အဓိကပွဲဖြစ်သော အောင်လအန်ဆန်းနှင့် ကန်ဟာဆီဂါဝါတို့၏ ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ၊ သြစတြေးလျမှ အဲလီယော့နှင့် အမေရိကန်မှ မက်သယူးတို့၏ စူပါစီးရီးပွဲ၊ အခြားပွဲများအပြင် မြန်မာကစားသမားနှစ်ဦးဖြစ်သည့် စောဒါဝိတ်နှင့် မိုက်ရိုင်းတို့ပွဲလည်း ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly