ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကားမူးတယ် (Motion sickness) ဆိုတာ ဖြစ်လာချိန်မှာတကယ်ကိုခံစားရခက်တဲ့ဝေဒနာပါပဲ။ ခရီးမကြာခဏသွားတတ်သူတွေအဖို့ ဒီလိုဖြစ်တတ်တယ်ဆိုရင်အမြဲအခက်ကြံုနေရမှာပါ။ အဝေးပြေးကား၊ သင်္ဘော၊လေယာဉ်တို့တင်မကဘဲ ဘတ်စ်ကားစီးရင်းဖြစ်တတ်သူတွေလည်းရှိပါတယ်။ တချို့ဆို ကစားကွင်းမှာ ယာဉ်တစ်ခုခုအပျော်စီးရင်းတောင် မူးပြီးအန်တတ်ကြပါတယ်။
ဘာကြောင့်ဖြစ်ရသလဲ

ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်တဲ့အတိုင်း ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေတာဖြစ်ပါတယ်။

ဘယ်သူတွေမှာပိုဖြစ်တတ်သလဲ

  •     အသက် ၂ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေနဲ့ ကိုယ်ဝန်ရှိသူတွေ မှာပိုခံစားရလေ့ရှိပါတယ်။
  •     စိတ်ပူပန်မှုနဲ့ကြောက်စိတ်ပြင်းထန်ခြင်း
  •     စီးနင်းလာတဲ့ယာဉ်အတွင်း လေဝင်လေထွက်မကောင်းခြင်း(လှောင်ပိတ်နေခြင်း)
  •     အနောက်ဘက်ခြမ်းမှာထိုင်ရခြင်း သို့မဟုတ် ပြတင်းပေါက်ကိုမမြင်ရခြင်း

ကားမူးတဲ့အခါ မအီမသာဖြစ်တာ၊ခေါင်းနောက်ပြီးပျို့အန်တာတွေကတော့ အဖြစ်များဆုံးလက္ခဏာတွေပါ။ ချွေးစေးတွေထွက်တာ၊ ခေါင်းကိုက်တာတွေလည်းဖြစ်ပါတယ်။

ကားမူးတာကို ကာကွယ်နိုင်ဖို့အတွက်

ခရီးမထွက်ခင် ကောင်းမွန်စွာ အနားယူထားပါ။

အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အနားယူထားပါ။

ထိုင်ခုံနေရာကိုသေချာရွေးပါ။

လေယာဉ်မှာဆို အလယ်ပိုင်းကခုံတွေက အငြိမ်ဆုံးနေရာဖြစ်လို့ အမူးသက်သာစေပါလိမ့်မယ်။ ပြတင်းပေါက်ဘေးမှာနေရာယူတာလည်း ဘေးဘက်ကိုကြည့်ရတာအမူးသက်သာစေလို့ကောင်းပါတယ်။

အစားချင့်ချိန်စားပါ။

အရက်၊ဆေးလိပ်နဲ့အစာကြေဖို့ခက်တဲ့အစားအစာတွေကိုရှောင်ပါ။ အနံ့ပြင်းတဲ့အစားအစာတွေ၊ စပ်တဲ့၊အဆီများတဲ့အစားအစာတွေက ကားမူးတဲ့လက္ခဏာကိုပိုဆိုးစေတတ်ပါတယ်။ ခရက်ကာ၊ပေါင်မုန့်၊ငှက်ပျောသီးစတာတွေကကောင်းပါတယ်။ ရေဓာတ်မဆုံးရှုံးရအောင် ရေ သို့မဟုတ် အချိုရည်သောက်ပါ၊ ကဖင်းဓာတ်ကိုရှောင်ပါ။

ကားမူးပျောက်ဆေးသောက်ပါ။

ကားမူးတာတင်မကဘဲ လှုပ်ရှားမှုကြောင့် မူးဝေတတ်တဲ့သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ဆေးဝါးတွေရှိတဲ့အတွက် အဲဒီလိုဖြစ်တတ်တဲ့သူတွေ သောက်သုံးလို့ရပါတယ်။ မူးဝေအော့အန်တာတွေကို အမှန်တကယ် ဟန့်တားပေးနိုင်တဲ့ Dimenhydrinate ပါ၀င်တဲ့ဆေးတွေကို ကား၊ သင်္ဘော၊ လေယာဉ်မစီးခင် နာရီဝက်လောက်အလိုမှာ ဆေးသောက်ထားလိုက်ရင် ခရီးစဉ်တလျောက်လုံး မူးဝေအော့အန်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် မူးဝေအော့အန်လို့ အရှက်ကွဲရ၊ စိတ်ညစ်ရဖြစ်နေတဲ့သူတွေအတွက် တကယ့်ကို အားကိုးရာဖြစ်စေပါလိမ့်မယ်။ တကယ်လို့သင်ဟာ ကားမူးတတ်လို့ စိတ်ညစ်နေရတဲ့သူဆိုရင်တော့ ဒီနည်းလမ်းက သင့်အတွက် အမှန်တကယ်အဆင်ပြေစေမှာပါ။ Dimenhydrinate ပါဝင်ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ဒါကြောင့်အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်ပါလုပ်ဆောင်ကြည့်ပြီး မူးဝေမှုကင်းစင်ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly