လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့လည်း စကားလုံးဝေါဟာရတွေအကြောင်း ဆက်သွားဖို့ ရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ စကားလုံးတွေအကြောင်းပါပဲ။

ဘာသာစကားဆိုတာ ဥပမာအမျိုးမျိုးပေးရင်း ပြောရင်းနဲ့ ကြီးထွားကြွယ်ဝလာတဲ့သဘောပါပဲ။ ပထမ အနက်အဓိပ္ပါယ်ရှိတဲ့ စကားလုံးဆိုပြီး လူတွေထွင်လိုက်ပါတယ်။ အဲဒီထွင်လိုက်တဲ့စကားလုံးကို ထွင်တဲ့လူက သုံးပါတယ်။ လူတွေကလက်ခံပြီးသုံးပါတယ်။ အဲဒီအခါ အဲဒီစကားလုံးဟာ သူကိုယ်စားပြုတဲ့ အရာနဲ့ အသေတွဲမိသွားပြီး အဲဒီစကားလုံးကို ဘယ်သူပဲသုံးသုံး ဘယ်အချိန်ဘယ်နေရာမှာပဲသုံးသုံး ဒီစကားလုံးဟာ သူကိုယ်စားပြုတဲ့အရာဝတ္ထုကိုရည်ညွှန်းတာပဲဆိုတာ လူတိုင်းလက်ခံလိုက်ကြတဲ့သဘောပါပဲ။ ဥပမာ “ခွေး၊ လူ၊ ကုလားထိုင်၊ ခဲတံ” အစရှိတဲ့့စကားလုံးတွေဆိုပါစို့။ အဲဒီ စကားလုံးကို အသုံးပြုလိုက်တာနဲ့တပြိုင်နက် လူတွေက “ခွေးဆိုတာ ဘာကိုပြောတာဖြစ်တယ်၊ ကုလားထိုင်ဆိုတာ၊ ခဲတံ ဆိုတာ ဘာတွေကိုပြောတာညွှန်းတာဖြစ်တယ်”ဆိုတာ တန်းပြီးသိသွားစေတဲ့ စကားလုံးတွေပါပဲ။ ဒါကို ဒီလိုစကားလုံးတွေက အနက်အဓိပ္ပါယ်ကိုဖေါ်ပြတာဖြစ်လို့ “အနက်ပြ”စကားလုံးရယ်လို့ သတ်မှတ်ကြပါတယ်။

ဒီနေရာမှာ ကြားညှပ်ပြီး ပြောရမယ့် စကားရှိပါတယ်။ စကားလုံးတွေကို လူတွေကပဲ တီထွင်ခဲ့ကြတာပါပဲ။ ဒါပေမယ့် တီထွင်တိုင်း အတည်ဖြစ်လာတာမျိုးမဟုတ်ပါဘူး။ အဲဒီတီထွင်မှုကို လူများစုက လက်ခံမှ အများက သဘောတူလိုက်လံအသုံးပြုမှအတည်ဖြစ်ပါတယ်။ မြဲပါတယ်။ ဒါတောင်မှ တချို့စကားလုံးတွေက ကြာကြာခံပြီး တချို့စကားလုံးတွေကြတော့ တခဏပဲလူတွေအသုံးပြုတတ်ကြပြန်ပါတယ်။ အချိန်ကြာကြာ မမြဲတဲ့စကားလုံးတွေပဲဆိုပါတော့။

စိတ်ဝင်စားဖို့ကောင်းနဲ့အချက်ကတော့ ကမ္ဘာကြီးပေါ်မှာ လူတွေအသုံးမပြုတော့တဲ့စကားလုံးတင်မက ဘာသာစကားတွေတောင် ရှိခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သူတို့ကိုကြတော့ ဘာသာစကားအသေများ လို့တောင်မှ တင်စားပြောဆိုကြပါတယ်။ ဥပမာ သသင်္ကရိုက်တို့ ပါဠိဘာသာတို့ဟာ လူတွေအသုံးမပြုတော့တဲ့ ဘာသာစကားတွေ၊ ဒါမှမဟုတ် လူတွေအသုံး အရမ်းနည်းသွားကြတဲ့ ဘာသာစကားတွေအဖြစ် ယူဆကြပါတယ်။

စကားလုံးအသစ်တွေဟာ အနက်အဓိပ္ပါယ်အတိအကျရှိတဲ့စကားလုံးတွေကို အခြေခံပြီးမှပဲ အသစ်တီထွင်ကြတာများပါတယ်။ ဘာသာစကားတွေ စတင်ပေါ်ပေါက်ကာစက စကားလုံးဝေါဟာရအရေအတွက်ဟာ အင်မတန်နည်းပါးခဲ့ပါတယ်။ နောက်တော့မှသာ အသစ်တီထွင်ရင်းတီထွင်ရင်းနဲ့ ဘာသာစကားကြွယ်ဝများပြားလာခဲ့တဲ့သဘောပါပဲ။

ဒီနေရာမှာလည်း ယဉ်ကျေးမှုမြင့်မားတဲ့လူမျိုးတွေရဲ့ ဘာသာစကားတွေဟာ ယဉ်ကျေးမှု နိမ့်တယ် နုနယ်နေသေးတဲ့လူမျိုးများရဲ့ဘာသာစကားမှာကြတော့ စကားလုံးဝေါဟာနည်းနေသေးတာ ရှိပါတယ်။ အထင်ရှားဆုံးပြောရရင် “မော်တော်ကား” ဆိုတဲ့စကားလုံးဆိုပါစို့။ ဒီစကားလုံးက မော်တော်ကားစတင်တီထွင်နိုင်တဲ့လူမျိုးက စတင်တီထွင်အသုံးပြုခဲ့တဲ့ ဝေါဟာရစကားလုံးပါ။ ဒါကို တချိို့လူမျိုးတွေက ဒီအနက်အဓိပ္ပါယ်နဲ့ကိုက်ညီတဲ့ သူတို့ဘာသာစကားစကားလုံး လိုက်ပြီးတီထွင်ခဲ့ကြတာရှိသလို အဲဒီ မူလအသံထွက်ကိုပဲ ကိုယ့်မွေးစားစကားလုံးအဖြစ် ယူသုံးလိုက်တာမျိုး ရှိပါတယ်။ ဥပမာ ကျနော်တို့လူမျိုးက မွေးစားစကားလုံးအဖြစ် အသုံးပြုနေတဲ့ မော်တော်ကား ဆိုတဲ့စကားလုံးမျိုးပါပဲ။ ဒီလို သူများစကားလုံးကို ကိုယ်ကမမွေးစားချင်လို့ ကိုယ်ပိုင်အသစ်ထွင်လို့ လူတွေက လက်ခံကျင့်သုံးလို့ မြဲသွားတာမျိုးရှိပေမယ့် တီထွင်ပေမယ့် လူတွေက သိတ်ပြီးလက်မခံ လိုက်ပြီးမကျင့်သုံးလို့ မမြဲတဲ့စကားလုံးသစ်တွေ၊ တည်းတည်းလေးပဲကျန်တဲ့စကားလုံးဆိုတာလည်း ရှိပါတယ်။ ဥပမာ မော်တော်ကား ဆိုတာ သူများစကားလုံးဖြစ်လို့ အသစ်ထွင်ဖို့ကြိုးစားတဲ့ “လေးဘီးယာဉ်” ဆိုတဲ့စကားလုံးဟာ လူတွေလက်မခံလို့ မမြဲတဲ့စကားလုံးဖြစ်သွားတာ အားလုံးအသိပါပဲ။

ပြန်ကောက်ကြရရင် ဘာသာစကားစတင်ဖြစ်ပေါ်ကာစက လူတွေစတင်အသုံးပြု တီထွင်တာက အနက်အဓိပ္ပါယ်ကိုရည်ညွှန်းဖေါ်ပြတဲ့ အနက်ပြစကားလုံးတွေပဲဖြစ်ပါတယ်။ ဥပမာ..လူ၊ ခွေး၊ စားပွဲခုံ၊ ရေကန်၊ ခဲတံ အစရှိတဲ့စကားလုံးမျိုးတွေပါပဲ။

နောက်တော့မှ လူတွေက အနက်ပြစကားလုံးတွေအပြင် နောက်ထပ်တိီထွင်အသုံးပြုရတဲ့ စကားလုံးသစ်များ ရှိလာပါတယ်။ အဲဒီစကားလုံးသစ်တွေတီထွင်လာနိုင်တာဟာ ဘာသာစကားတစ်ခု အလျင်အမြန်ဖွွံ့ဖြိုးဖို့ အင်မတန်အရေးကြီးတာ အခရာကျတာတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီစကားလုံးဝေါဟာရအသစ်တွေရဲ့ ထူးခြားချက်က “သူ့မှာ အနက်အဓိပ္ပါယ်အပြည့်အဝမရှိဘူး”ဆိုတဲ့အချက်ပါပဲ။ အဲဒါတွေကတော့ အပြောမှာသုံးတဲ့ “လို့၊ ရဲ့၊ တဲ့၊ မှာ၊ တယ်” ဆိုတဲ့စကားလုံးတွေနဲ့ အရေးမှာ ချရေးတဲ့အခါမှာ အသုံးပြုတဲ့ “၏၊ ၍၊ နှင့်၊ မှ၊ သော၊ ၌” သဖြင့် စတဲ့စကားလုံးတွေပါပဲ။ ဒီစကားလုံးတွေဟာ လူ၊ ခွေး၊ ခဲတံ အစရှိတဲ့ အနက်ပြစကားလုံး အနက်အဓိပ္ပါယ်အပြည့်အဝရှိတဲ့စကားလုံးတွေမဟုတ်တဲ့ အသုံးပြစကားလုံးများပဲဖြစ်ပါတယ်။

ဒီနေရာ ထပ်ပြီးမှတ်သားမိတဲ့အချက်က အနက်ပြစကားလုံးဆိုတာက လူတွေ တီထွင်ရင် တီထွင်နိုင်သလောက် အချိန်မရွေးတိုးပွားများပြားကြွယ်ဝလာစေနိုင်တဲ့စကားလုံးဝေါဟာရအမျိုးအစားဖြစ်ပြီး အခု အထက်ကပြောခဲ့တဲ့ အသုံးပြစကားလုံးတွေကြတော့ တီထွင်ချင်တိုင်းတီထွင်လို့မရတာသွားတွေ့ရပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကျနော်တို့ရဲ့ မြန်မာဘာသာစကားမှာကြည့်ရင်သိနိုင်ပါတယ်။ ကျနော်တို့မြန်မာဘာသာစကားရဲ့သက်တမ်းဟာ နှစ်တစ်ထောင်ဝန်းကျင်ရှိခဲ့ပြီလို့ယူဆကြပါတယ်။ အဲဒီ နှစ်တစ်ထောင်အတွင်း မြန်မာအနက်ပြစကားလုံးတွေဟာ အင်နဲ့အားနဲ့ တိုးပွားလာခဲ့တာ အားလုံးအသိပါပဲ။ ဒါပေမယ့် အဲဒီ နှစ်တစ်ထောင်အတွင်း ကျနော်တို့အသုံးပြုခဲ့ကြရတဲ့ အသုံးပြစကားလုံးကြတော့ အရေအတွက်အားဖြင့် လက်ချိုးရေလို့ရတဲ့အရေအတွက်သာသာလောက်သာပဲ ရှိတာ တွေ့ကြရမှာပါ။ ဒါကိုကြည့်ရင် တီထွင်နိုင်သလောက်တီထွင်လို့ရတာက အနက်ပြစကားလုံးတွေဖြစ်ပြီး တီထွင်ရခက်ခဲနည်းပါးလှတာကတော့ အသုံးပြစကားများဖြစ်ကြောင်း ဆွေးနွေးရင်း ဒီကနေ့ဒီလောက်နဲ့နားပါရစေ။

လူငယ်များ စကားပြေအရေးအသား ကြွယ်ဝမှန်ကန် လှပနိုင်ကြပါစေ။

Mizzima Weekly