ခြိမ်းခြောက်ငွေတောင်းခဲ့သော မှုခင်းသတင်းထောက်ဆိုသူ ၄ ဦးအား ဖမ်းဆီးအရေးယူ

ခြိမ်းခြောက်ငွေတောင်းခဲ့သော မှုခင်းသတင်းထောက်ဆိုသူ ၄ ဦးအား ဖမ်းဆီးအရေးယူ
ဓာတ်ပုံ-ရဲဇာနည်

ဇွန် ၂၇ ။           ။ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ယူနီဖောင်းများဝတ်စားဆင်ကာ မှုခင်းသတင်းထောက် အမည်ခံ၍ ခြိမ်းခြောက်ငွေတောင်းခံသူ ၄ ဦးအား ဇွန်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း  ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့အစည်းသည် လွန်ခဲ့သည့် ၂ လခန့်က ဗန်းမောက်မြို့တွင် စတင်ဖွဲ့စည်းရောက်ရှိခဲ့ပြီး ခြိမ်းခြောက် ငွေတောင်းခံမှုများ များစွာရှိခဲ့သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ တ်ိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက မဇ္ဈိမသို့ ဇွန်လ ၂၇ ရက်တွင် ပြောသည်။

" မှုခင်းသတင်းထောက်အဖွဲ့က ကျွန်တော်တို့ ဗန်းမောက်ရောက်တာ ၂ လပဲရှိသေးတယ်၊ ၂ လ အတွင်းမှာပဲ တစ်ခါတည်း ဂျပန်များ ရမ်းတဲ့အတိုင်း တစ်မြို့နယ်လုံးပတ်ရမ်းတာ။ ကျွန်တော့် နယ်ထဲမှာ ဖြစ်တာ၊ ဘုန်းကြီးကနေ သူ့ကျောင်းက ကျောင်းဆောက်ထားတဲ့အတိုအစတွေ ပျဉ်ကြီးပျဉ်ကောင်း လည်း မဟုတ်ပါဘူး၊ အဲဒါပို့ခိုင်းလိုက်တာကို ဖမ်းမယ်ဆိုပြီး ဒဏ်ငွေ ၅ သိန်း ညှစ်တာပေါ့လေ၊ အဲဒီကိစ္စကို ရွာကအုပ်စုလိုက် ကျွန်တော့်ဆီ ရောက်လာတာ၊ အဲဒါနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ပြောပြီးတော့ အဲဒါ တရားစွဲလို့ရတယ်၊ အမှုဖွင့်လို့ ရတယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်လိုက်တာ" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၂ ရက်နေ၊ ည ၁၀ နာရီအချိန်က ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာနေ၊ ဦး အောင်ထွန်းသည် နားတောကျေးရွာနေ ဦးသိန်းရွှေ၊ ဦးစံတဲ၊ ဦးမောင်အုန်းတို့နှင့်အတူ နားတော ကျေး ရွာ၊ မူလတန်းလွန်ကျောင်းစာရေးခုံများပြုပြင်ရန်အတွက် ပျဉ်တိုပျဉ်စပျဉ်ဟောင်းများအား ပရိဘောဂ ဆိုင်သို့ပို့ရန် တုန်းဖုန်းယာဉ်ဖြင့် သယ်ဆောင်လာခဲ့သည်။

ထိုစဉ် ရှုထောင့်မှုခင်းသတင်းထောက် အမည်ပါဝတ်စုံဝတ်ဆင်ထားသူ ၁ ဦးအပါအဝင် စုစုပေါင်း(၄)ဦးတို့ ရောက်ရှိလာပြီး “အမှု လိုတယ်၊ ငွေမလိုဘူး၊ တာဝန်ရှိသူတွေကို ပိုက်ဆံပေးထားသလား”ဟု ပြောဆိုကာ ထောင် ၁၀ နှစ် ထိ ကျနိုင် သည်ဆိုသော ဥပဒေဖြင့် ဖမ်းဆီးမည်ဟုခြိမ်းခြောက်၍ ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ လိပ်စာမသိ ဆိုင်းဘုတ်ထောင်ထားသည့် အဆောက်အဦအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ပျဉ်တို ပျဉ်စများ သယ်ဆောင်လာသူ ဦးအောင်ထွန်းတို့အဖွဲ့အား အဆောက်အဦအတွင်း၌ ထိုင်ခိုင်းကာ ဇော်လင်းထွန်းဆိုသူက ၎င်းသည် ခရိုင်သတင်းထောက်ဥက္ကဋ္ဌဖြစ်ကြောင်းပြောဆို၍ ဦးအောင်ထွန်း၏ လွယ်အိတ်ကိုရှာဖွေကာ “မင်းတို့အဖမ်းမခံရအောင်ဘယ်လိုညှိမလဲ”ဟု ပြောဆိုခဲ့ပြီး၊ ဦးအောင်ထွန်း နှင့်အဖွဲ့သည် ငွေ(၅)သိန်းကျပ်ထုတ်ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးအောင်ထွန်းက ယင်းကိစ္စနှင့်ပတ်သက်၍ ဇော်လင်းထွန်းပါ(၄)ဦးအား အရေးယူပေးရန် တိုင်တန်းခဲ့ ၍ ဇွန်လ ၂၃ ရက်နေ့တွင် ဗန်းမောက်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ဇော်လင်းထွန်း ၃၃နှစ်၊ (ဖ)ဦးသောင်းဟန်၊ မြနန္ဒာရပ်ကွက်၊ ဗန်းမောက်မြို့နေသူနှင့် အတူ ပါဝင်သူများဖြစ်သော မိုးကျော်ကျော်ဦး(ခ) ဥက္ကာမိုး ၄၁ နှစ်၊ (ဖ)ဦးတင်စိုး၊ ရှိုင်းကိုကို(ခ) ကိုရှိုင်း ၃၁ နှစ်၊ (ဖ)ဦးသက်ဦး၊ မြင့်သူ(ခ) မြမိုး ၃၆ နှစ်၊ (ဖ)ဦးစံမြင့်တို့ (၄) ဦးအား စစ် ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

၎င်းတို့ထံမှ  သက်သေခံ ငွေ ၅ သိန်းကျပ်၊ ဝတ်ဆင်ခဲ့သည့်ဝတ်စုံအပါအဝင် ရှုထောင့်မှုခင်း SH တံဆိပ်ပါ ပိကက် ၂ လုံး၊ SH သတင်းထောက် လက်မောင်းတံဆိပ်ပါ အနက်ရောင်အကျႌ ၂ ထည်၊ ရှုထောင့်မှုခင်း SH တံဆိပ်ပါ အနက်ရောင် လက်တိုအကျႌ ၂ ထည်၊ အနက်ရောင်ဘောင်းဘီရှည် ၂ ထည်၊ အသုံးပြုခဲ့သော YGN-6F/8908 နံပါတ်ပါ NISSAN PRIMERA အနက်ရောင် မော်တော်ယာဉ် ၁ စီးနှင့် နံပါတ်မပါ PANGBO-125 နီနက်ကျားဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ၀တ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ထားသည်။

ထို့ပြင် ဇွန်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း မှုခင်းသတင်းထောက်များအပါအဝင် သတင်းထောက်အသင်းဝင်များအနေဖြင့် ဥပဒေမဲ့ငွေကြေး တောင်းခံခြင်း၊ အမှုများတွင် အမှုလိုက် အကျိုးဆောင်အဖြစ်လုပ်ကိုင်ခြင်း စသည့်ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ်စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly