ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှု အရေအတွက်များလာ

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှု အရေအတွက်များလာ

စစ်တွေ၊ ဇွန်လ ၂၆ ရက်။           ။ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှု အရေအတွက်တွေ တစ်နှစ်ထက်နှစ် ပိုများပြားလာတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ဖြတ်သန်းပြီးတော့ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်တွေနဲ့ သယ်ဆောင်လာတာတွေရှိသလို ဧရာဝတီတိုင်းဒေသကြီးက ရေလမ်းကြောင်းကို အသုံးပြုပြီး စက်လှေတွေနဲ့ ရောက်ရှိလာတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီကတစ်ဆင့် ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသဖြစ်တဲ့ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့ကို ပို့ဆောင်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ကူးသန်းရောင်းဝယ်တာတွေ အများကြီးရှိတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီးက ပြောပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ (၃၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ရဲမှူးကြီးအောင်မြတ်မိုးက မီဒီယာတွေကို ပြောကြားခဲ့တာလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မူးယစ်ဆေးဝါး အမှုပေါင်း ၁၂၃ မှု ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၅ ရက်နေ့အထိ ရ၄ မှုအထိ ဖမ်းဆီးရရှိခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းစာရင်းဇယားတွေအရ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနက် WY စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်အများကြီးပါဝင်နေပြီး ဆေးခြောက်၊ ဗြူပရီနော်ဖင်း၊ မော်ဖင်းတို့လည်း ပါဝင်နေပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့အထိ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ ကျပ် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိထားတယ်လို့ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly