Yoma Land အမည်ဖြင့် အိမ်ခြံမြေလုပ်ငန်းများ ဆောင်ရွက်သွားမည်

Yoma Land အမည်ဖြင့် အိမ်ခြံမြေလုပ်ငန်းများ ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဇွန် ၂၆ ။                    ။ Yoma Land အမည်ဖြင့် အိမ်ခြံမြေလုပ်ငန်းများအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဇွန်လ ၂၆ ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။

Yoma Land လက်အောက်တွင် ပန်းလှိုင်အိမ်ရာ၊ ကြယ်စင်မြို့တော် (Star City)၊ Yoam Central တို့ ပါ၀င်မည်ဖြစ်ပြီး Yoma Strategic Holdings လီမိတက်နှင့် First Myanmar Investment (FMI) ကုမ္ပဏီလီမိတက်တို့မှ အိမ်ခြံမြေလုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီ ၂ ခု လက်အောက်တွင်  လုပ်ငန်းများစွာရှိနေပြီး အိမ်ခြံမြေနှင့်ပတ်သတ်၍ သီးသန့်လုပ်ကိုင်နိုင်ရန် Yoma Land ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"Yoma Land အတွက် အနာဂတ်ဖွံ့ဖြိုးရေးအစီအစဉ်ကတော့ အိမ်ခြံမြေစျေးကွက်အများအပြားကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က ကျွန်တော်တို့စျေးကွက်မှာ အဆင့်မြင့်စီမံကိန်းတွေကိုပဲ အာရုံစိုက် လုပ်တယ်။ နောက်ဆက်သွားပြီး အိမ်ယာအများအပြားကို တည်ဆောက်သွားဖို့ရှိပါတယ်။ ဆိုတော့ လူဦးရေ အများအပြားက အကျိုးသက်ရောက်မှုကောင်းတွေကို ခံစားရမှာဖြစ်ပါတယ်" ဟု Yoma Land ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Cyrus Pun က ဆိုသည်။

လက်ရှိတွင် Yoma Land အနေဖြင့် အဆင့်မြင့်စီမံကိန်းများ လုံးချင်းအိမ်များကို မိတ်ဆက်ပေးသွားရန် ရှိပြီး တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးသင့်အိမ်ရာများလည်း ဆက်လက်တည်ဆောက်သွားရန် ရှိကြောင်း သိရသည်။

ယခုစတင်မိတ်ဆက်လိုက်သည့် Yoma Land သည် လှိုင်မြစ်နှင့်ပန်းလှိုင်မြစ်ကမ်းပေါ်တွင်တည်ရှိနေသော ဧက ၆၀၀ ကျော်ကျယ်ဝန်းသည့် ပန်းလှိုင်အိမ်ရာ၊ ပဲခူးမြစ်ကမ်းပါးတစ်လျှောက်နှင့် သန်လျင်မြို့တွင်တည်ရှိသော ၁၃၅ ဧက အကျယ်ရှိ ကြယ်စင်အိမ်ရာ(Star City) တို့အပြင် ဇိမ်ခံလူနေတိုက်ခန်းများ၊ ဟိုတယ်များပါရှိပြီး ဆောက်လုပ်ဆဲဖြစ်သည့် ဗိုလ်ချုပ်လမ်းပေါ်ရှိ Yoma Central နှင့် Penisula Yangon စီမံကိန်းတို့ကို ကိုင်တွယ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags