လက်ဖက်ခြောက် ပိုကောင်းရန် နည်းလမ်းဟောင်းကို ပြုပြင်ရမည်

လက်ဖက်ခြောက် ပိုကောင်းရန် နည်းလမ်းဟောင်းကို ပြုပြင်ရမည်
နယ်ဖက်ပြီးသား လက်ဖက်ကိုနေလှန်းနေသည့် လဲလှောင်းရွာမှ အမျိုးသမီးတစ်ဦး (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း / Myanmar Now)

ပင်လောင်းမြို့ တောင်သူတို့ကဒေသ၏အဓိကထွက်ကုန် အရည်အသွေးပိုမိုမြင့်မားစေရန် နည်းလမ်းရှာလာကြသည်

(ပင်လောင်း)—တောင်ကုန်းတောင်တန်းများဝန်းရံထားသည့် ပင်လောင်းမြို့ထဲရောက်သည်နှင့် သင်းပျံ့ပျံ့လက်ဖက်ခြောက်န့ံက ကြိုဆိုနေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၏ လက်ဖက်စိုက်ဧကအများဆုံးမြို့ဖြစ်သည်နှင့်အညီမြို့ထဲတွင် လက်ဖက်ခြောက်၊ လက်ဖက်အစိုဆိုင် အများအပြားတွေ့ရသည်။

လက်ဖက်လုပ်ငန်းအတွေ့အကြုံနှစ် ၅ဝ နီးပါးရှိသည့် ဒေသခံဦးစိုင်းပွန်းကလက်ဖက်ခြောက် ထုတ်လုပ်ရေးလုပ်ငန်းတွင် မကြာသေးခင်နှစ်များအတွင်းလုပ်နည်းလုပ်ဟန် ပြောင်းလဲမှု တချို့ ရှိလာရာထိုသို့ ပြောင်းလဲလိုက်သည့် နောက်ပိုင်းတွင် ဝင်ငွေပိုတိုးလာကြောင်းပြောသည်။

“အရင်ကဆို တစ်မိသားစုလုံးဝိုင်းလုပ်ရတာ၊ အခုတော့ပိုပြီး အချိန်ကုန်သက်သာလာတယ်၊ လက်ဖက်အရည်အသွေးလည်း ပိုကောင်းလာတယ်”ဟု ကိုးခေါင်ရွာမှ တောင်သူ ဦးစိုင်းပွန်းက ဝမ်းသာအားရပြောသည်။

ယခင်ပြုလုပ်နေကြလမ်းဟောင်းကိုအခြေခံပြီးနည်းစနစ်သစ်၊ ပိုမိုသန့်ရှင်းသပ်ရပ်မှုတို့ ပေါင်းစပ်ထပ်ပိုးလိုက်ခြင်းအားဖြင့် လက်ဖက်ခြောက်အရည်အသွေး  ပိုမိုကောင်းမွန်လာသည်ဟု ဦးစိုင်းပွန်းအပါအဝင် ဒေသခံအများအပြားကပြောသည်။

လက်ဖက်ခူးဆွတ်ချိန်မှ အိပ်သွပ် ထုပ်ပိုးချိန်အထိစနစ်ကျမှု၊ သန့်ရှင်းသပ်ရပ်မှုတို့လိုအပ်နေသည်။

ရွှေဖီချိန်

ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက််များအရပင်လောင်းမြို့တွင် လက်ဖက်စိုက်ဧက ၁၂,ဝဝဝကျော်ရှိပြီးအဆိုပါ ကိန်းဂဏန်း၏ ထက်ဝက်ခန့်မှာမြို့နှင့် ဆယ်မိုင်ခန့်ကွာဝေးသည့် လဲလှောင်းဆိုသည့် တောင်ပေါ်ရွာလေးတွင်ရှိနေသည်။

 လှော်အိုးထဲသို့ မီးခိုးဝင်ခြင်း၊ အနံ့စွဲခြင်းမဖြစ်စေရန် မီးဖိုတွင်တပ်ဆင်ထားသည့်ခေါင်းတိုင်ကိုနံရံအပြင်ဘက် ထုတ်ထားကြသည်။

လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီးတရုတ်၊ အာသံ၊ ကိုးကန့်၊အင်ဒိုချိုင်းနားစသည့်မျိုး၄ မျိုးရှိသည်။ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကစိုက်ပျိုးကြသည်။

လက်ဘက်ဒေသတွင် နှစ်စဉ် ဖေဖော်ဝါရီမှ မေလဆန်းအထိကို ရွှေဖီချိန်ဟုခေါ်ကြပြီး ထိုကာလအတွင်းထွက်ရှိသည့် လက်ဖက်သည် အရည်အသွေးအကောင်းဆုံးဖြစ်သည်။

လက်ဖက်ရွက်ကိုဒယ်အိုးထဲထည့်လှော်ပြီးအနည်းငယ်နွမ်းသွားပါကလက်နှင့်နယ်ကြသည်၊နယ်ပြီးသားလက်ဖက်ကိုနေလှန်းပြီးခြောက်သွားလျှင် အသင့်သောက် သုံးနိုင်ပြီဖြစ်သည်၊ ဤနည်းလမ်းကိုတောင်သူများဘိုးဘွားစဉ်ဆက် အသုံးပြုလာကြသည်။

လက်ဖက်စိုက်ခင်း ပြုပြင်ထိန်းသိမ်းခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းတို့နှင့် ပတ်သက်ပြီးဒေသခံတောင်သူအစုအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနတို့၏ ပညာပေးမှုများက ယခုနှစ်ပိုင်းအတွင်း ပိုမိုအရှိန်ရလာသည်ဟု သိရသည်။

လက်ဖက်ပင်ကိုင်းဖြတ်နည်း၊ထိန်းသိမ်းနည်းများကိုအဓိကထားပို့ချပေးခဲ့သည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်သန်းကပြောသည်။

လက်ဘက်စိုက်ပျိုးမှု ရာနှင့်ချီသက်တမ်းရှိသည့် ပင်လောင်းတွင် ဒေသထွက်ကုန်ကိုအရည်အသွေးပိုင်းဂရုစိုက်သင့်သည်ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ဖက်စိုက်ပျိုးရေးနှင့် သုတေသနခြံမှ ဒုတိယဦးစီးမှူး ဦးစိုင်းပန်မိုင်းကပြောသည်။

ကိုင်းဖြတ်ထိန်းသိမ်းထားသည့် လက်ဖက်ခင်းကို ပြသနေသော လဲလှောင်းရွာသားကိုစောမင်း။

“မိရိုးဖလာနည်းကို ကျွန်တော်တို့က ချွတ်ရမယ်။ဒါမှ လက်ဖက်အရည်အသွေးကောင်းပြီးတော့ စျေးကောင်းကောင်းရလာမယ်”ဟုလက်ဖက်အတွေ့အကြံု နှစ် ၃ဝ ကျော်ရှိနေသည့် ဦးစိုင်းပန်မိုင်းကပြောသည်။

အပင်ကိုအမြင့်သုံးပေခန့်ထားခြင်းကအကောင်းဆုံးဖြစ်ပြီးရွက်နုပိုမိုထွက်ရန်လည်းကိုင်းဖြတ်ပေးရသည်၊လက်ဖက်ခူူးစဉ်ကတည်းကအရည်အသွေးထိန်းသိမ်းသည့်အနေဖြင့် တစ်ဖူးနှစ်ရွက်နှုန်းခူးဆွတ်ခြင်းကပိုမိုသင့်လျော်သည်ဟုဒေသခံလက်ဖက်အစုအဖွဲ့မှ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်းကပြောသည်။

“အရင်ကတောင်သူအများစုကလက်ဖက်ခူးရင် အနုရောအကြမ်းရောအကုန်ခူးလိုက်ကြတာ။အဲဒါကိုအဓိကပြောင်းလဲဖို့တိုက်တွန်းရတာပေါ့”ဟုမြန်မာနိုင်ငံလက်ဖက်အသင်းတွင်လည်းအဖွဲ့ဝင်အဖြစ်ပါဝင်သည့် ကိုစိုင်းကောင်ခမ်းကပြောသည်။

၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်းလက်ဖက်အစုအဖွဲ့အနေဖြင့် ပင်လောင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၅ဝကျော်ကိုအသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့သည်။

လက်ဖက်လှော်သည့်အိုးသန့်ရှင်းစွာထားရန်၊ မီးခိုးန့ံမရှိစေရေးအတွက် မီးခိုးခေါင်းတိုင်ပါသည့် မီးဖိုကိုအသုံးပြုရန်၊လက်ဖက်လှန်းရာတွင်လည်းတတ်နိုင်သရွေ့ စင်ဖြင့်လှန်းရန်အဓိကထားဟောပြောကြသည်။

လက်ဖက် အထွက်နည်းခြင်း၊ လက်ဖက်လှော်သည့်အခါ ထမင်းဟင်းချက်သည့်အိုးကြီးများအသုံးပြုခြင်းတို့နှင့် အသားကျနေသည့် ဒေသခံတို့အတွက် ပညာပေးလုပ်ငန်းများကအလွန် အသုံးဝင်သည်။ 

အဖွဲ့အစည်းအသီးသီးကပညာပေးပြီးတွင် အပင်ထိန်းသိမ်းမှု၊ အခါးခြောက် ထုတ်လုပ်မှု အဆင့်ဆင့်သည်လည်းတိုးတက် ပြောင်းလဲလာသည်။

ခြောက်သွေ့နည်းပညာ

ကိုးခေါင်ရပ်ကွက်(ယခင်ကိုးခေါင်ရွာ)မှ လက်ဖက်ခြောက်ကအရည်အသွေးပိုမိုကောင်းမွန်ပြီးစျေးလည်းပိုရကြောင်းဒေသခံတို့ကပြောသည်။

လက်ဖက်ထုတ်လုပ်သည့် နည်းစနစ်များနှင့် သန့်ရှင်းသပ်ရပ်မှုကိုဦးစားပေးရာတွင် ကိုုးခေါင်ကရှေ့မှ ပြေးနေသည်။

လက်ဖက်ခူးဆွတ်နေသည့်လဲလှောင်းရွာသူပအိုဝ်းတိုင်းရင်းသူ ဒေါ်နန်းသောင်း။

အခြားရွာများမှထွက်သည့်လက်ဖက်ခြောက်ကတစ်ပိဿာ၃,၈ဝဝ နှင့် ၄,ဝဝဝ ကြားရရှိချိန်တွင် ကိုးခေါင်လက်ဖက်ခြောက်က ၆,ဝဝဝခန့်အထိစျေးရသည်။

အိ်မ်ခြေ ၁ဝဝ ကျော်ရှိသည့်ကိုးခေါင်တွင် လက်ဖက်တောင်သူအားလုံးနီးပါးကစနစ်တကျရှိကြသည်။လက်ဖက်တွင် မီးခိုးနံ့ ကင်းစေရန် မီးခိုးခေါင်းတိုင်ပါသည့် မီးဖိုနှင့် သန့်ရှင်းသည့်လက်ဖက်လှော်အိုးများကိုအသုံးပြုလာကြသည်။

ကိုးခေါင်နည်းတူနည်းစနစ်သစ်၊ စက်ကိရိယာသစ်များအသုံးပြုလာသည့် အခြားရွာတစ်ခုမှာလွယ်ပျားရွာဖြစ်သည်။ လက်ဖက်လှော်ရာတွင် အပူဓာတ်ထိန်းနိုင်မှုနည်းသည့် ဒယ်အိုးဝိုင်းအစားအလုံပိတ်သံအိုးကိုအသုံးပြုလာကြသည်။အလျား ၄ ပေ၊အချင်း ၃ ပေရှိသည့် သံအိုးတွင်  အားသာချက် များစွာရှိသည်ဟုလွယ်ပျားရွာကကိုစိုင်းဟန်မွေကပြောသည်။

“အားသာချက်ကအချိန်ကုန်သက်သာပြီးလူသက်သာလာတယ်။ ထင်းအကုန်အကျနည်းပြီးအန့ံအသက်(မီးခိုးန့ံ) လည်းကင်းစင်လာတယ်”ဟုကိုစိုင်းဟန်မွေကဝမ်းပန်းတသာပြောသည်။

ရရှိထားသည့် နည်းစနစ်များကိုရွာအားလုံးအသုံးပြုခြင်းတော့မရှိသေးကြောင်းလက်ဖက်အစုအဖွဲ့အတွင်းရေးမှူး ကိုစိုုင်းကောင်ခမ်းကပြောသည်။

လက်ဖက်ပင် ထိန်းသိမ်းခြင်း၊   အခြောက်လှန်းရာတွင် မြေန့ံနှင့် ဖုန်ကင်းစင်ရန်ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်ပြီးလုပ်ဆောင်ရန် ခက်ခဲနေသည်ဟုပြောလာသည့် တောင်သူများထဲတွင် လက်ဖက် ၄ ဧကခန့်စိုက်ပျိုးထားသည့် လဲလှောင်းရွာမှဦးတီးဝင်းလည်းပါဝင်သည်။

“ရထားတဲ့နည်းတွေထဲမှာစင်နဲ့လှန်းဖို့ဆိုတာပါတယ်။ ဒါပေမဲ့ နေရာကအခက်အခဲရှိတယ်။ ဖျာနဲ့ လှန်းတာကယာယီဆိုတော့ မြေနေရာမလိုဘူးလေ”ဟုဦးတီးဝင်းကရှင်းပြသည်။

နေလှန်းစင်ဆောက်ရန်အတွက် ငွေကျေးကုန်ကျမှုကလည်းတောင်သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။

စျေးကွက်

ပင်လောင်းလက်ဖက်ခြောက်ကို မြန်မာပြည်အလယ်ပိုင်းနှင့် အခြားမြို့နယ်များသို့တင်ပို့ရောင်းချနေသော်လည်းပြန့်နှံ့မှုအားအကန့်အသတ် ရှိနေသေးသည်ဟုသင်းပျံံ့မွှေးလက်ဖက်ခြောက်ပွဲရုံနှင့် စက်ရုံပိုင်ရှင်ကိုစိုင်းကောင်းခမ်းကပြောသည်။

“တောင်သူတွေကိုလက်ဖက်ကောင်းကောင်းထုတ်လုပ်ဖို့တိုက်တွန်းနိုင်တယ်ထားဦးတော့ ထွက်လာတဲ့ လက်ဖက်ခြောက်တွေကိုစျေးကောင်းကောင်းနဲ့ ရောင်းဖို့ကစျေးကွက်ကလည်းလိုသေးတယ်”ဟုကိုစိုင်းကောင်ခမ်းကပြောသည်။

လက်ဘက်ခြောက်ထုတ်လုပ်သည့် စက်ရုံအရေအတွက်၊စျေးကွက်ချိတ်ဆက်နိုင်မှုတို့တွင်လည်းပင်လောင်းကဒေသတွင်းမြို့များထက် နောက်ရောက်နေသည်။

လက်လှည့်သံအိုးသုံးပြီး လက်ဘက်ခြောက်သွေ့စေသည့် နည်းလမ်း၏ အားသာချက်များထဲတွင် လက်ဖက်ပိဿာချိန် ပိုမိုဆံ့ဝင်ခြင်း၊မီးခိုးန့ံကင်းစင်ခြင်း၊ ထင်းအကုန်အကျသက်သာခြင်းတို့  ပါဝင်သည်။

“ကျွန်တော်တို့ဆီလည်းအကူအညီပေးတဲ့ အဖွဲ့တွေများများဝင်ပေးဖို့လိုမယ်၊ စက်ရုံမလုပ်ပေးနိုင်ရင်တောင်မှ စျေးကွက်ချိတ်ဆက်နိုင်ဖို့ကလိုသေးတယ်”ဟုကိုစိုင်းကောင်ခမ်းကပြောသည်။

အိမ်ခြေ ၁ဝဝကျော်ရှိသည့် လဲလှောင်းရွာသည် ပင်လောင်းမြို့နှင့် ၁ဝမိုင်ခန့်ကွာဝေးသောကြောင့် တောင်သူအများစုကရွာအတွင်းရှိလက်ဖက်ခြောက်ဒိုင်တွင်ပြန်သွင်းကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် လက်ဖက်စိုက်ဧကအများဆုံးမှာပင်လောင်း ဖြစ်သော်လည်းပင်းတယ၊ ရပ်စောက်အစရှိသည့် အိမ်နီးချင်းမြို့နယ်များနည်းပညာအကူအညီပိုမိုရရှိနေသည်ဟုဒေသခံတို့ကဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် မယ်ဖားလုံဟုခေါ်သည့်အဖွဲ့အစည်းတစ်ခုကလာမည့်နှစ်အတွင်းပင်လောင်းရှိလက်ဖက်တောင်သူများကိုနည်းပညာမျှဝေပေးရန်ရှိနေသည်ဟုသိရသည်။

လက်ဖက်ခြောက်ထုတ်လုပ်သည့်Nara Green Teaကုမ္ပဏီကလဲလှောင်းရွာထွက် လက်ဖက် ရရှိရန် အကျိုးတူပူးပေါင်းလုပ်ကိုင်သည့် စိုက်ပျိုးလယ်ယာစနစ်အတိုင်းလုပ်ဆောင်မည်၊ လိုအပ်သည့် နည်းပညာလည်း မျှဝေသွားမည်ဟုထိုကုမ္ပဏီ၏မန်နေးဂျင်းဒါရိုက်တာဦးကျော်သီဟကပြောသည်။

“အဲဒီရွာကထုတ်လုပ်နိုင်စွမ်းလည်း မြင့်တယ်၊ အရည်အသွေးလည်းကောင်းလာတယ်၊ဒါကြောင့် ဒီရွာကိုရွေးလိုက်တာ” ဟုကိုကျော်သီဟကရှင်းပြသည်။

ကုမ္ပဏီကလဲလှောင်းရွာဒေသခံတို့ကိုသင့်လျော်သည့် နည်းပညာ မျှဝေမည်ဟုဆိုသည်။ 

လဲလှောင်းရွာရှိလက်ဖက်ခြောက်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်နန်းသိန်းဟန်ကယခုနှစ်ပိုင်းအတွင်းရွာ၏ လက်ဖက်ခြောက် အရည်အသွေး၊ ထုတ်လုပ်မှုပိုင်းတို့ကိုအားရမိသည်ဟုပြောသည်။

"အရင်ကထက်တော့အရည်အသွေးပိုကောင်းလာတယ်။ ဖြစ်နိုင်ရင်တော့တစ်ရွာလုံးကိုစင်နဲ့လှန်းစေချင်တယ်။ကိုယ့်ရွာလက်ဖက်လည်းနာမည်ပိုရတာပေါ့"ဟုလက်ဖက်ခြောက်အဝယ်ဒိုင် လုပ်ငန်းရှင်ဒေါ်နန်းသိန်းဟန်ကပြောသည်။

Mizzima Weekly