အာရှ ကရာတေးဒိုပြိုင်ပွဲ ပြိုင်ရန် မြန်မာကရာတေးဒို အားကစားအဖွဲ့ ထွက်ခွာ

အာရှ ကရာတေးဒိုပြိုင်ပွဲ ပြိုင်ရန် မြန်မာကရာတေးဒို အားကစားအဖွဲ့ ထွက်ခွာ
အောင်ကျော်စိုး၊ မင်းဟိန်းခန့်နှင့် နည်းပြ ဒေါ်စန္ဒာမျိုးအေး။ ဓာတ်ပုံ- Sanda

ဂျပန်နိုင်ငံတွင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်ထိ ပြုလုပ်မည့် ၁၃ ကြိမ်မြောက် အာရှ ကရာတေးဒို ချန်ပီယံရှစ်ပြိုင်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ရန် မြန်မာကရာတေးဒို အားကစားအဖွဲ့မှာ သြဂုတ် ၃၁ ရက်တွင် ထွက်ခွာခဲ့သည်။

အာရှကရာတေးဒို ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကရာတေး ကစားသမားနှစ်ဦး ဝင်ပြိုင်မည်ဖြစ်ပြီး အဆိုပါ ကစားသမား နှစ်ဦးမှာ ခတ(စွမ်းရည်ပြပြိုင်ပွဲ)တွင် မင်းဟိန်းခန့်နှင့် ကုမိတေး(အတိုက်) ပြိုင်ပွဲ တွင်အောင်ကျော်စိုးတို့ ဖြစ်ကြသည်။

မင်းဟိန်းခန့်နှင့် အောင်ကျော်စိုးတို့မှာ လက်ရှိ လက်ရွေးစင် ကရာတေး ကစားသမားများထဲတွင် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား များဖြစ်သောကြောင့်မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ အာရှပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။

အာရှပြိုင်ပွဲသို့ မင်းဟိန်းခန့်၊ အောင်ကျော်စိုးတို့နှင့်အတူ နည်းပြ ဆရာအဖြစ် ဒေါ်စန္ဒာမျိုးအေးတို့မှ လိုက်ပါသွားသည်။ ဂျပန်နိုင်ငံ၊ ဟိုကိုဟားမားမြို့တွင် ပြုလုပ်မည့် အာရှ ကရာတေးဒိုပြိုင်ပွဲတွင် အာရှ ကရာတေးဒိုအဖွဲ့ဝင် နိုင်ငံ ၃၀ ကျော် ဝင်ပြိုင်ဖွယ်ရှိနေသည်။

မြန်မာ ကရာတေးဒို အားကစားအဖွဲ့သည် ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲအတွက် ၂၀၁၅ ဇွန်လမှ စတင်ကာ နိုင်ငံတကာ ပြိုင်ပွဲများနှင့်အတူ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့ပြင် မြန်မာကရာတေးဒိုအဖွဲ့သည် ၂၀၁၅ ဇူလိုင်လက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၂၀၁၅ ထိုင်းအိုးပင်း ကရာတေးဒို ချန်ပီယံရှစ် ပြိုင်ပွဲတွင်လည်း ငွေတံဆိပ် နှစ်ခုနှင့် ကြေး တံဆိပ်တစ်ခု ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly