"များများလည်းထွက်ရမယ် စျေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်"

"များများလည်းထွက်ရမယ် စျေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်"
 ဇွန်လလယ်ပိုင်းက လက်ဘက်ရည်ကြမ်းအရည်အသွေးအမျိုးမျိုးရှိပုံကို ပြသနေသောပင်လောင်းလက်ဖက်အစုအဖွဲ့မှ အတွင်းရေးမှူးကိုစိုင်းကောင်ခမ်း (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

အရည်အသွေးကောင်းသော လက်ဖက်ခြောက် ထုတ်လုပ်နိုင်သည့် နည်းလမ်းများသိရှိလာပြီဖြစ်ရာလက်တွေ့လိုက်နာရန်သာလိုအပ်သည်ဟုလက်ဖက်လုပ်ငန်းရှင်တစ်ဦးကပြောသည်

လက်ဖက် အကြီးအကျယ်စိုက်ပျိုးသောရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် လက်ဖက်ကိုပိုမိုနည်းစနစ်တကျထုတ်လုပ်နိုင်ရန် ဒေသခံတို့ကကြိုးစားနေကြသည်။

ပင်လောင်းလက်ဖက်အစုအဖွဲ့မှ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်းက နည်းပညာရရှိမှုနှင့်စျေးကွက်အခြေအနေများအကြောင်း ပြောပြထားသည်။

မေး။    ။ နည်းပညာအသစ်တွေရရှိမှုအခြေအနေဘယ်လိုရှိလဲ။

ဖြေ။    ။ တိုးတက်လာတယ်။ အရင်ကဆိုရင် လက်ဖက်ကိုခူးမယ်၊ နယ်မယ်၊ အခြောက်လှမ်းမယ် ပြီးရင် ပွဲရုံမှာသွားရောင်းမယ် ဒီအဆင့်လောက်ပဲ။ အခုဆိုသူတို့ဘာသိလာလဲဆိုတော့ ကိုင်းဖြတ်ရမှာတွေ၊ကိုင်းပြုပြင်ရင် လက်ဖက်ပိုထွက်လာမှာတွေ ဒါတွေကိုတဖြည်းဖြည်းချင်းနားလည်လာတယ်။လက်ဖက်အစုအဖွဲ့မဖွဲ့ခင်ရောဖွဲ့ပြီးတော့ရောကျွန်တော်တို့ ဘယ်သူ့အထောက်အပ့ံမှမပါဘဲနဲ့ လက်ဖက်တောင်သူတွေကိုသွားရောက်ဟောပြောခဲ့တာပါ။ ရွာသူရွာသားတွေကိုလူစုခိုင်းထားပြီးတော့ လက်ဖက်ကိုကိုင်းဘယ်လိုဖြတ်ရမယ်ဆိုတာလက်တွေ့ပြတယ်။ လက်ဖက်လုပ်နည်းအသစ်လည်းသင်ပေးတယ်။ ပြီးတော့ အလှူခံထားတဲ့ ကိုင်းဖြတ်ကတ်ကြေးတွေပါ ဖြန့်ဝေပေးတယ်။

မေး။    ။ နည်းပညာနဲ့ ပတ်သက်ပြီးဘယ်ကအကူအညီရသလဲ။

ဖြေ။    ။ အစုအဖွဲ့ဖွဲ့ပြီးနောက်ပိုင်းမှာတော့ GIZ အဖွဲ့က စိုက်ပျိုးရေးဌာနနဲ့ပေါင်းပြီးတော့ ရာသီဥတုနဲ့ ပတ်သက်တာကိုတစ်နှစ်လောက်ပဲလုပ်တယ်။ အဲဒါကလည်းရွာတွေကို သင်တန်းနည်းနည်းပေးလိုက်တာလောက်ပဲ။ ကြာကြာလုပ်ရင်ပိုကောင်းတာပေါ့။ရာသီဥတုပူပြင်းလာတော့ လက်ဖက်ခြံတွေမှာအရိပ်ရပင်တွေစိုက်ဖို့ဘာဖို့လောက်ပဲပြောခဲ့တော့ တစ်နှစ်စီမံကိန်းဆိုတော့ တော်တော်နည်းတယ်။ ကျန်တဲ့ NGO အဖွဲ့တွေ ပင်လောင်းလာပြီးတော့ ကူညီတာမျိုးမရှိဘူး။

မေး။    ။ တောင်သူတွေကရောနည်းပညာသစ်တွေအပေါ်စိတ်ဝင်စားမှုရှိလား။

ဖြေ။    ။ လက်ဖက်တောင်သူတွေကမိရိုးဖလာနည်းလို့ပြောရအောင်ကိုသူတို့အဘိုးအဘွားလက်ထက်ကတည်းကလုပ်လာတော့ ပြုပြင်ပြောင်းလဲဖို့ကအရမ်းခက်တယ်။ အဲဒါကြောင့် ကျွန်တော်ဟောပြောပွဲလုပ်လို့ လူစုခိုင်းရင် လူငယ်၊ လူလတ်ပို်င်းလောက်ပဲလူစုခိုင်းတယ်၊အဲဒါမှ သူတို့ကအပြောင်းအလဲကိုလက်ခံမှာ။ အသက်ကြီးတဲ့ ပိုင်းကဒါတွေကိုပြောင်းလဲဖိို့ခက်တယ်။ ပြောင်းလဲရမှာလည်းတအားကြောက်တယ်။ နည်းပညာကိုတော့ သူတို့စိတ်ဝင်စားကြတယ်၊သွားဟောလိုက်ပြီးဆိုရင် သူတို့မှာတအံ့တသြကြီးကိုဖြစ်နေတယ်။ သူတို့ သတင်းရတာနည်းတော့ သူများဒေသမှာဘယ်လိုလုပ်နေတယ်၊ဘယ်လိုပြုပြင်ပြောင်းလဲဖို့လိုပြီဆိုတာကိုသွားဟောလိုက်ရင် ဒါကြီးကသူတို့အတွက် အသစ်အဆန်းကြီးဖြစ်နေတယ်။ အခုတော့ ဒါတွေကိုသူတို့မြင်လာပြီ။ အားလုံးပြောင်းလဲဖို့ဆိုရင်တော့အဆင့်တွေအများကြီးလိုသေးတယ်။

မေး။     ။ ဘာတွေပြောင်းလဲဖို့လိုသေးလဲ။

ဖြေ။     ။ စိုက်ပျိုးတဲ့အခါမှာ အရည်သွေးကောင်းတဲ့ မိခင်ပင်ကိုရွေးချယ်ဖို့လိုတယ်။ ဒါမှ မျိုးစေ့အဖြစ်သုံးမယ့်အသီးကအရည်အသွေးကောင်းမှ စိုက်တဲ့လက်ဖက်ပင်လည်းကောင်းမှာ။   နောက်တစ်ခုကအတန်းလိုက်စိုက်တဲ့အခါတောင်စောင်းတွေမှာကန့်လန့်စိုက်သင့်တယ်။ ဒေါင်လိုက်စိုက်ရင် မိုးရွာလို့ရေတိုက်စားတဲ့အခါမြေဆီမြေနှစ်တွေပါသွားတတ်တယ်။ စိုက်နည်းစနစ်ကမှားနေတယ်။ မှားလို့ အဲဒီအပင်တွေဖျက်ဖို့ပြောတာမဟုတ်ဘူး။ လှေခါးထစ်ပုံစံဖြစ်သွားအောင် ပေါင်းပေါက်လိုက်ဖို့လိုတယ်။ အဲဒါဆိုအကန့်လိုက်ဖြစ်သွားပြီး   မြေဆီလွှာထိန်းသိမ်းဖို့လည်းလွယ်သွားမယ်။ နောက် လက်ဖက်ပင်ကိုကိုင်းဖြတ်တဲ့အခါမှ တချို့ကဓားနဲ့ရမ်းတော့ ကိုင်းပြတ်တာမညီဘဲတချို့ကိုင်းတွေကပုတ်သွားနို်င်တယ်။ လက်ဖက်ခူးတဲ့အခါ အရွက်ကြမ်းကိုခူူးတာက ကျွန်တော်တို့မြန်မာနိုင်ငံမှာပဲရှိတယ်။ သူများနိုင်ငံကစျေးနှုန်းကောင်းကောင်းရတော့ နှစ်ရွက်တစ်ညွှန့်ခူးနည်းကိုမှန်မှန်ကန်ကန်ခူးတယ်။ ကျွန်တော်တို့ဆီမှာက အရွက်ကြမ်းတွေခူူးတယ်။ အရိုးတွေလည်းခူးတယ်။ ဒါကလည်း ခြံရှင်ကလက်ဖက်ခူးသမားငှားတော့ ခူးသမားကလည်းအလေးချိန်ရအောင် ပိုခူးတယ်၊ခူးယူမှုစနစ်မှားတော့ လက်ဖက်အရည်အသွေးလည်း ကျတာပေါ့။ လက်ဖက်စိုက်နည်းစနစ်မှန်မှန်ရယ်၊ ကိုင်းဖြတ်ပြုပြင်ပေးမှုရယ် ပြီးတော့  မှန်မှန်ကန်ကန်ခူးမယ်ဆိုရင် လက်ဖက်အရည်အသွေးပိုကောင်းလာနိုင်တယ်။

မေး။     ။ လက်ဖက်ခြောက်ထုတ်မယ်ဆိုရင် ဘယ်လိုနည်းစနစ်တွေနဲ့ထုတ်သင့်လဲ။

ဖြေ။     ။ လက်ဖက်ခူးတဲ့စနစ်မမှန်ဘဲခူးလာတဲ့ လက်ဖက်တွေကိုပလိုင်းတွေထဲမှာထည့်သိပ်ထားတယ်။ ပြီးတော့ ဆာလာအိတ်ထဲမှာထည့်သိပ်ထားတယ်။ ပြီးတော့ တစ်နေကုန်ခူးပြီးသား လက်ဖက်တွေကိုမှ ပေါင်းဖို့၊ လှော်ဖို့စလုပ်တာပေါ့။ တကယ်ဆိုရင် ပလိုင်းပြည့်ပြီဆိုရင်အိတ်ထဲချက်ခြင်းမထည့်ဘဲနဲ့ ဖျာနဲ့ပဲဖြစ်ဖြစ် လက်ဖက်တွေကိုဖြန့်ပြီးတော့ခင်းထားရမှာ။ ဒါမှ လက်ဖက်ကချဉ်နံံ့ပျောက်မှာ။ အိုးထဲထည့်လှော်တဲ့အခါမှာလည်းအများကြီးထည့်လှော်ရင် အကျက်မညီတာဖြစ်နိုင်တယ်။ နိုင်သလောက်ပဲထည့်သင့်တယ်။ မီးဖိုလုပ်တဲ့အခါမှာလည်းမီးခံပြားနဲ့ မီးခိုးခေါင်းတိုင်ပါတဲ့ မီးဖိုကိုသုံးသင့်တယ်။ မဟုတ်ရင် လက်ဖက်ခြောက်မဖြစ်ခင်မှာဘဲလက်ဖက်ကမီးခိုးန့ံထွက်နေတတ်တယ်။ ထွက်လာတဲ့ လက်ဖက်ကိုလည်းအခုကတော့ စက်နဲ့ပဲနယ်ကြတယ်။ ဒီဒေသကထွက်တဲ့စက်ပေါ့။ စက်ကလည်းတစ်မိနစ်ဘယ်လောက်နှုန်းလည်ပတ်ရမယ်၊ထည့်သွင်းမဲ့ လက်ဖက်ပမာဏကိုလည်း   သေချာတွက်ချက်ရမယ်၊ ဒါတွေလည်းလိုတယ်။   လှော်ပြီးပြီးချင်းလက်ဖက်ကိုလည်းခဏအအေးခံပြီးမှ နယ်သင့်တယ်။ မဟုတ်ရင် လက်ဖက်အညွန့်တွေကျိုးကျေသွားတာဖြစ်နိုင်တယ်။ လက်ဖက်လှန်းတဲ့အခါမှာလည်းစင်နဲ့လှန်းသင့်တယ်။ လမ်းပေါ်မှာပဲဖျာနဲ့လှန်းရင် အမှုန်အမွှားတွေ၊ မြေကြီးန့ံတွေ၊ ဖုန်တွေပါလာတတ်တယ်။ လှော်တဲ့အိုးတွေကိုလည်းမှန်မှန်ဆေးကြောသင့်တယ်။ ဖျာကိုလည်း သန့်သန့်ရှင်းရှင်းထားရမယ်။   တော်တော်များများ မှားနေကြတာက ဖျာဆိုရင်မဲနက်နေမှ။ အဲဒါကလည်း အမှားတစ်ခုပဲ။ အဓိကကတော့ သူတို့လုပ်နေတဲ့ စနစ်ကနေနည်းနည်းလေး ထပ်တိုးပြောင်းလဲလိုက်မယ်ဆိုရင် အဆင်ပြေသွားပြီ။

မေး။     ။ လက်ဖက်အရည်အသွေးကောင်းလာရင် စျေးကွက်ရောအဆင်ပြေနိုင်မလား။

ဖြေ။     ။ စျေးနှုန်းကရွှေဖီချိန်ဆိုရင်တောင် တော်တော်ကောင်းကောင်းသန့်သန့်လေးမှ တစ်ပိဿာ ၅,ဝဝဝလောက်ပဲရတယ်။ ခူးခကတစ်ပိဿာကို ရဝဝကနေ ၁,ဝဝဝ ကြားရှိတယ်။ အရွက်စိမ်းလေးပိဿာမှ လက်ဖက်ခြောက် တစ်ပိဿာဆိုတော့ နည်းနည်းပဲကျန်တယ်။ ဒီလိုအချိန်ဆိုရင် ရွက်စိမ်းကတစ်ပိဿာ ၅ဝဝကနေ ရဝဝ ကြားရှိတယ်။ အဲဒီတော့ ခူးသမားနဲ့ ပိုင်ရှင်နဲ့ကတစ်ယောက်တစ်ဝက်လိုဖြစ်နေတယ်။ အဲဒီတော့ လက်ဖက်တောင်သူကလည်း ခြံရှိိလို့သာလုပ်ရတဲ့သဘောဖြစ်နေတယ်။ လက်ဖက်ခြောက်တစ်ပိဿာကို ၆,ဝဝဝအထိပေးမယ် လှလှလေးလုပ်ပေးပါဆိုရင် သူတို့လုပ်ကြမှာပဲလေ။ အဲဒါဆိုရင် ထိုင်းမှာအလုပ်သွားလုပ်နေတဲ့သူတွေတောင် ပြန်လာပြီးလုပ်မှာ။ လက်ဖက်ခြောက် တစ်ရက်ကို နှစ်ပိဿာပဲထုတ်နိုင်ဦးတော့ သူတို့ဝင်ငွေက ၁ဝ,ဝဝဝနဲ့ ၁၂,ဝဝဝ ကြားမှာရှိနေပြီ။ အခုလိုပုံမှန်ဆိုရင် ၄,ဝဝဝ၊ ၄,၂ဝဝပဲရှိတယ်။ ခူးခနှုတ်ပြီးရင် သူ့မှာ ၂,ဝဝဝကျော်ပဲကျန်မယ်။ ပြီးတော့ ထင်းဖိုးကုန်မယ်၊စက်နဲ့နယ်ရင်လည်းမီတာခရှိသေးတယ်။ မကိုက်တော့ တခြားနေရာထွက်ပြီးတော့ အလုပ်လုပ်ကြရတာပေါ့။ တကယ်တမ်းပြောရရင်တော့ လက်ဖက်ခြောက်ကမြေပြန့်ကိုမှီခိုနေရတာ။ မြေပြန့်က ကောင်းကောင်းဝယ်ယူသုံးစွဲပြီး၊ စျေးကောင်းကောင်းလည်းပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဥပမာနာဂစ်ဖြစ်တုန်းကဆိုရင် လက်ဖက်ခြောက်အရောင်းကျသွားတယ်။ အဓိကက ပြည်တွင်းကိုမှီခိုနေရတာပေါ့။ ပြည်တွင်းမှာသာအခြားနိုင်ငံကလက်ဖက်ခြောက်တွေဝင်လာမယ်ဆိုရင် တောင်သူတွေပိုအထိနာမယ်။ အဲဒီတော့ ဒီကတောင်သူတွေကအဆင့်မြင့်မြင့်ထုတ်ဖို့လိုတယ်။ များများလည်းထွက်ရမယ် စျေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်။

မေး။     ။ ပင်လောင်းလက်ဖက်ကိုဘယ်တွေကိုအဓိကပို့လဲ။

ဖြေ။     ။ အဓိကက မြန်မာပြည်အလယ်ပိုင်းပေါ့ ကျောက်ပန်းတောင်း၊ ရေနံ့ချောင်း၊ ချောက်၊ ညောင်ဦး၊ ပခုက္ကူ၊ လယ်ဝေး ပြီးတော့ ပဲခူူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းအစုံပို့ရတယ်။ အများဆုံးပို့ရတာတော့ ရွှေဖီချိန်နဲ့ ကဆုန်ခြောက်ပဲ။ မိုးခြောက်တော့မရှိတော့ဘူး။ ရွှေဖီချိန်မှာဆိုရင် ပိဿာချိန် ၁၅,ဝဝဝလောက်အထိပို့ရတယ်။ ရွှေဖီချိန်ကအရသာပိုရှိပိုကောင်းတော့ မြေပြန့်က လူတွေကတစ်ရာသီစာသုံးမယ့်လက်ဖက်ခြောက်တွေကိုအဲဒီအချိန်မှာဝယ်လှောင်ထားကြတယ်။ကျွန်တော်တို့ကခိုင်မာတဲ့ စျေးကွက်တစ်ခုရှိဖို့လိုအပ်တယ်။ အခြားလုပ်ငန်းရှင်တွေနဲ့ အသေးစား၊အလတ်စားငွေချေးတဲ့သူတွေလည်းအတိုးနှုန်းနည်းနည်းနဲ့ ချေးပေးရင်ပိုကောင်းမယ်။ အခုကငွေချေးပြီးအလုပ်လုပ်နေတုန်းရှိသေးတယ်။ အကြွေးက ပြန်ဆပ်ရတော့မယ်။ အဓိကကတော့ ခိုင်မာတဲ့စျေးကွက်မရှိဘူး။ အဲဒီတော့ လက်ဖက်တောင်သူတွေအတွက်ကငွေရေးကြေးရေးလည်းရှိဖို့လိုတယ်။ စျေးကွက်လည်းရှိဖို့လိုတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေလည်းအားပေးအားမြှောက်လုပ်ဖို့လိုတယ်။ လက်ဖက်အဓိကထွက်တဲ့ဒေသမှာစပါးစံပြကွက်တွေချည်းပဲလုပ်နေရင်တော့ အလုပ်သိပ်မဟုတ်ဘူးပေါ့။ ဒီဒေသမှာဘာထွက်လဲ၊ ထွက်တဲ့ဟာကိုအစိုးရကအားပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

မေး။     ။ လက်ဘက်လုပ်ငန်း၊ စျေးကွက် ဒီထက် ပိုပြီးအဆင်ပြေဖို့ ဘာတွေ လိုအပ်မလဲ။

ဖြေ။     ။ လက်ဖက်တွင်ကျယ်ဖို့ကထုတ်လုပ်မှုအပို်င်းချည်ပဲလုပ်လို့လည်းမရဘူး။ လက်ဖက်ကွင်းဆက်အရစိုက်တဲ့သူ၊ ကုန်ချောထုတ်တဲ့သူနဲ့ တင်ပို့ရောင်းချတဲ့သူကတစ်ကွင်းတစ်ဆက်တည်းဖြစ်ဖို့လို့တယ်။ ကျွန်တော်တို့မှာကကုန်ကြမ်းရှိတယ်။ နည်းပညာပိုင်းကူညီမယ့်ပညာရှင်တွေနည်းတယ်။ အဲဒီလိုကူညီမယ့်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအထောက်အပံ့တွေလိုတယ်။ အဲဒီလိုကူညီပြီးအသိပညာများများလာပေးမယ်ဆိုရင်တော့ လက်ဖက်ကပွဲစားဆိုတာတောင်ရှိမှာမဟုတ်တော့ဘူး။ တိုက်ရိုက်တောင်သူတွေနဲ့ သွားတဲ့စနစ်ပဲသွားတော့မှာပေါ့။ အဲဒါဆိုရင် နိုင်ငံခြားစျေးကွက်လည်းရည်ရွယ်လို့ရလာမယ်။ ရည်လည်းရည်ရွယ်နေတယ်။ အဲဒီလိုဖြစ်ဖို့ကလည်းလက်ဖက်တောင်သူတွေပါဝင်ဖို့လိုတယ်။ သူတို့ကိုလည်းပိုမိုမြှင့်တင်ပေးဖို့လိုတယ်။      ။

 

Mizzima Weekly