ရေပေးဝေရေးဧရိယာအတွင်း ရေအိမ်ဆောက်ထားသည့် နေအိမ်အချို့ကို အရေးယူမည်

ရေပေးဝေရေးဧရိယာအတွင်း ရေအိမ်ဆောက်ထားသည့် နေအိမ်အချို့ကို အရေးယူမည်

 

ရန်ကုန်၊ ဇွန် ၂၅ ။        ။ ကျောက်တန်းမြို့နယ်ရှိ သောက်သုံးရေပေးဝေသည့်ဧရိယာအတွင်း ရေအိမ်များဆောက်လုပ်ထားသည့် နေအိမ်အချို့ကို ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ကျောက်တန်းမြို့ကို သောက်သုံးရေ ပေးဝေနေသည့် ရေကန်များ၏ ရေဝေရေလဲဧရိယာအတွင်း ရေအိမ်များဆောက်လုပ်မှုကြောင့် သန့်ရှင်းမှုနှင့် ကျန်းမာရေးထိခိုက်မှုကို အရေးယူဆောင်ရွက်ပေးရန် မေးမြန်းခဲ့မှုအပေါ် ယင်းသို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ဘန့်ဘွေးကုန်းရေလှောင်တမံနှင့် ရေဝေရေလွဲဧရိယာအတွင်း လူနေအိမ် ၁၀ လုံး ရှိပြီး ၈ လုံးမှာ ရေဝေရေလွှဲဧရိယာအတွက် သိမ်းဆည်းရာ တွင် ကျန်ရှိခဲ့သည့်အတွက် ဦးပိုင်အမှတ် (၁၅၅) အတွင်းမှ ၄င်းတို့ပိုင်ဥယျာဉ်ခြံမြေများအတွင်း ဆောက်လုပ် နေထိုင်ကြခြင်းဖြစ်ပြီး နေအိမ် ၂ လုံးမှာ သစ်တောကြိုးဝိုင်းဧရိယာအတွင်းတွင် တည်ရှိနေသည်ဟု သိရသည်။

"အခြားနေအိမ် နှစ်လုံးမှာ သစ်တောကြိုးဝိုင်းအတွင်းတွင်ကျရောက်နေသောကြောင့် သစ်တောဦးစီးဌာနမှ သစ်တောဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သောက်သုံးရေသန့်ရှင်းရေးနှင့် ကျန်းမာရေး ထိခိုက်မှုမှ ကင်းဝေးစေရန် ရေဝေရေလဲဧရိယာနှင့်ထိစပ်နေတဲ့ နေအိမ် ၈ လုံးကိုလည်း ရေလှောင်ကန်နှင့် နီးစပ်နေသဖြင့် နေထိုင်ရေး၊ ကျန်းမာရေး လူမှုရေး စတဲ့အချက်တွေပေါ်မှာအခြေခံပြီးတော့ ဆောင်ရွက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဥက္ကဌကြီးမှတစ်ဆင့်ဖြေကြားအပ်ပါတယ်ခင်ဗျ" ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဇွန်လ ၂၅ ရက် တိုင်းလွှတ်တော်တွင် ပြောသည်။

သောက်သုံးရေကန်များသည် ရေအိမ်နှင့် ပေ ၅၀ ခန့် အကွာတွင် ရှိနေရမည်ဖြစ်ပြီး ၄င်းနေအိမ်များသည် အိမ်နောက်ဖေးမှ ချဲ့ထွင်ထား၍ ကန်ဧရိယာထဲကို ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

"သောက်သုံးရေကန်ဆိုတာ ကန်တော်ကြီးတို့အင်းယားကန်တို့လို ဒီအပန်းဖြေဧရိယာမဟုတ်တဲ့အတွက်ကြောင့် ရေအရည်အသွေးမြင့်မားဖို့အတွက် အစဉ်တစိုက််ဆက်စောင့်ကြည့်ပြီးတော့ စီစစ်ရမှာဖြစ်ပါတယ်" ဟု ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ပြောသည်။

ကျောက်တန်းမြို့နယ်၊ ဘန့်ဘွေးကုန်းရေလှောင်တမံနှင့် ရေဝေရေလွှဲဧရိယာသည် ၅၅၅ ဧက ကျယ်ဝန်းပြီး ရေလှောင်တမံ၏ ရေဝပ်ဧရိယာနှင့် ပေ ၅၀ အတွင်းတွင် လူနေအိမ်အဆောက်အဦ ၁၀ လုံး ပါ၀င်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly