ခန္တီး GTI တွင် မူးယစ်ဆေးသုံးသည့် ကျောင်းသား၊ကျောင်းသူများရှိနေဟု နာမည်ထွက်

ခန္တီး GTI တွင် မူးယစ်ဆေးသုံးသည့် ကျောင်းသား၊ကျောင်းသူများရှိနေဟု နာမည်ထွက်

ဇွန် ၂၅ ၊ ခန္တှီး ။                  ။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ချင်းတွင်းဒေသ ခန္တီးမြို့ ခန္တီး GTI (နည်းပညာကောလိပ်)နှှင့် GTHS အစိုးရ စက်မှုလက်မှု သိပ္ပံတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးသုံးစွဲသူ များရှိကြသည်ဟု နာမည်ကြီးနေကြောင်း အဆိုပါကျောင်းမှ ကျောင်းဆရာ ကိုစည်သူစိုးက ပြောသည်။

ဇွန်လ ၂၅ ရက်က GTI ကျောင်းခန်းမမှာ ခရိုင် ပြန်/ဆက် ဦးစီးဌာနမှဦးစီးကျင်းပသည့် ပြည်သူ့စကားဝိုင်း၊လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်စကားဝိုင်း၌ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ကျောင်းက ကျောင်းသား၊ကျောင်းသူတွေ မူးယစ်ဆေးသုံးတယ်လို့ မြို့ခံတွေကြားမှာ နာမည်ကြီးပါတယ် ။ အပြောများတယ် ။ ဘယ်လောက်ထိနာမည်ကြီးလဲဆိုရင် ကျောင်းတက်ဖို့ ရဲစခန်းမှာ ထောက်ခံစာသွားယူရင် ဒီကျောင်းမှာတော့တက်ပေါ့ကွာ ။ ဖိုးသမားတို့ ဘိန်းသမားတို့ မဖြစ်စေနဲ့။ အဲ့ဒီလိုမျိုးတောင် အပြောခံရတယ် ။ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ဆင်ခြင်ဖို့လိုတယ်။ ကျောင်းဆရာ ဆိုတော့ ကြည့်လိုက်တာနဲ့ ဘယ်သူဆေးသုံးတယ်၊ မသုံးတယ်ဆိုတာ သိပါတယ်။ သူတို့ကို ဖမ်းဆီးမလား၊ ရဲလက်အပ်မလား မလုပ်နိုင်တဲ့ အချက်ရှိပါတယ်။ တကယ်လို့ သူတို့ကို ရဲလက်အပ်လိုက်လို့ ပြစ်ဒဏ်ကျသွားရင် ထောင် ၃ နှစ် ၅ နှစ် သူတို့ရဲ့ လူငယ်ဘဝဟာ ထောင်ထဲမှာပဲ အချိန်ကုန်သွားမှာပါ “ ဟု GTI ကျောင်းဆရာ ကိုစည်သူစိုးက ပြောသည်။

ကျောင်းပရဝဏ်အပြင်ဘက်နှင့် ကျောင်းအနီးတစ်ဝိုက်ရှိ ဓာတ်ပေါင်းစု စေတီအဆင်းအတက်လမ်း၊ ဇီးဖြူကုန်း ဘုရားအတက်အဆင်းလမ်းများ၊ MPT တာဝါတိုင်သွားသည့်လမ်းများတွင် မူးယစ်ဆေးသုံးစွဲနေကြသည်ကို မျက်မြင်တွေ့ရှိသူများ ရှိကြောင်း သိရသည်။

"ခန္တီးမှာ မူးယစ်ဆေးသုံးတဲ့သူတွေက အခုနောက်ပိုင်းတော်တော်များလာတယ်။ GTI ကျောင်းဘက်မှာဆိုရင် ကျောင်းသားတွေတင်မကဘူး ။ ကျောင်းသူတွေပါ နံပါတ်ဖိုးထိုးနေကြတယ် ။ ကျောင်းသူနှစ်ယောက် အပ်တန်းလန်းနဲ့ ကျွန်တော်ကိုယ်တိုင်မြင်တာပါ"ဟု အမည်မဖော်လိုသူ ခန္တီးဒေသခံတစ်ဦးက ပြောသည်။

GTI ကျောင်းတွင် မူးယစ်းဆေးသုံးစွဲသည့် ကျောင်းသားများရှိနေသည်ဟု နာမည်ထွက်ခြင်းသည် မြို့ခံများ၏ အပြောသာဖြစ်ပြီး ၊ လွန်ခဲ့သော ၂ နှစ်ကျော်က ကျောင်းသား ၂ ဦး မူးယစ်ဆေးသုံးစွဲ၍ အရေးယူခံရခြင်းသာ ရှိကြောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာထွန်းကျော်မြင့်က ဆိုသည်။

“ ဒါတွေက အသံပဲရှိတာပါ ဒါပေမဲ့ ဒီကိုရောက်တာ ၂ ပတ်ပဲရှိသေးတော့ သေချာမသိဘူး ။ ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ ဂဃနဏ မပြောနိုင်သေးဘူး။  ကျောင်းအဝင်မှာ ဓာတ်ပေါင်းစုစေတီဆိုတာရှိတယ်။ အဲ့ဒီနားရယ် MPT တာဝါတိုင်သွားတဲ့ တောလမ်းဘေးမှာ ဆေးသုံးကြတယ် ၊ လူငယ်တွေပါ ။ ကျောင်းက ကျောင်းသားရယ်လို့တော့ မဟုတ်ပါဘူး ။ ဒီလိုပဲ သို့လော သို့လော ပြောကြတာပေါ့ ကျောင်းသားတွေပါလို့ တပ်အပ်ပြောလို့ မရဘူးလေ ” ဟု ယင်းက ဆက်လက်ပြောသည်။

ရတနာနယ်မြေဖြစ်သည့်အတွက် မှော်များရှိသောကြောင့် မူးယစ်ဆေးဝါးပေါများပြီး၊ စျေးနှုန်းချိုသာ၍ လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ ဖမ်းဆီးမှုများရှိသော်လည်း ထိရောက်နိုင်နင်းစွာ မဖမ်းဆီးနိုင်ခြင်းကြောင့် ခန္တှီးမြို့တွင် မူးယစ်ဆေးပေါများနေခြင်း ဖြစ်ကြောင်း ဒေသခံများ ဝေဖန်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly