ဒလ တံတား တည်ဆောက်ရေး ပို့/ဆက်နှင့် ဆောက်လုပ်ရေးတို့ ပူးပေါင်းဒီဇိုင်းဆွဲနေ

ဒလ တံတား တည်ဆောက်ရေး ပို့/ဆက်နှင့် ဆောက်လုပ်ရေးတို့ ပူးပေါင်းဒီဇိုင်းဆွဲနေ
ဓာတ်ပုံ - News and Periodical Enterprise

 

ဇွန်လ ၂၅ ။               ။ ကြန့်ကြာနေခဲ့သော ဒလတံတား တည်ဆောက်ရေးအတွက် ဆိပ်ကမ်းအာဏာပိုင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ နှစ်ဖက်ညှိနှိုင်းသဘောတူညီကာ ဒီဇိုင်းပြန်လည်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

တံတားဒီဇိုင်းကို ရေလမ်းကင်းလွတ်အမြင့် နှင့် အကျယ်တို့ကို အဓိကထားကာ ဒီဇိုင်းသစ်ကို အချိန် ၄ လ နှင့် ၆ လ ကြား ရေးဆွဲသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းနှင့်ပြန်ကြားရေးသို့ ပြောဆိုထားသည်။

အဆိုပါတံတားသည် ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်ရန် အဆိုပြုထားသည့်တံတားဖြစ်ပြီး ယခုဆိုလျှင် ၆ နှစ်တိုင်သည်အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ တည်ဆောက်မည့် တံတားတိုင် ၂ တိုင် အကွာအဝေးအပေါ် ညှိနှိုင်းနေ၍ ကြန့်ကြာနေခြင်းဖြစ်သည်။

ဇွန်လ ၁၁ ရက်က ကိုရီးယား - မြန်မာချစ်ကြည်ရေး ရန်ကုန်- ဒလ မြစ်ကူးတံတားတည်ဆောက်ရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ တံတားဒီဇိုင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က " ကျွန်တော်တို့က အကြံပြုတယ်၊ အန္တရာယ်မဖြစ်ဖို့၊ ဘာကြောင့်လဲဆိုတော့ ဒီတံတားသည် ၅ နှစ်မှာ မတိုက်ဘူး၊ ၁၀ နှစ်မှာ မတိုက်ဘူး၊ ၁၅ နှစ်မှာတိုက်ပြီး တစ်ခုခုဖြစ်သွားရင် နာမည်ပျက်မှာက ဘယ် အစိုးရလဲ၊ လက်ရှိဆောက်ခဲ့တဲ့အစိုးရ နာမည်ပျက်မှာ။ အဲဒါကြောင့် ကျွန်တော်တို့က ဒီလိုအခြေအနေမျိုး မဖြစ်အောင်၊ အန္တရာယ်မဖြစ်အောင် အကြံပြုချက်တွေ ပေးမှာပါ၊ ဆောက်ခြင်း၊ မဆောက်ခြင်းက ဆောက်လုပ်ရေးရဲ့အစီအမံဖြစ်ပါတယ်" ဟု  ဇွန်လ ၁၁ ရက်က ပြောဆိုထားသည်။

ရန်ကုန်-ဒလ ကြိုးဆိုင်းတံတားကို ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းထိပ်နှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင် လမ်းတို့ကို ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်ပြီး သံမဏိကြိုးဆိုင်းတံတား အမျိုးအစား ဖြစ်သည်။

ယင်းတံတားကြီး တည်ဆောက်ရန် အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း လျာထားပြီး ယင်းကုန်ကျမှု အနက် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ညီမျှသော ဝမ်ကို ကိုရီးယား သမ္မတနိုင်ငံမှ EDCF Loan ချေးငွေ ကူညီမှုဖြင့် တည်ဆောက်မည် ဖြစ်သည်ဟု MOI မှ ဖော်ပြထား သည်။

ဒလမြို့နယ်ဒေသခံများက တံတားကို အမြန်ဆုံးတည်ဆောက်ရန် လိုလားနေကြပြီး တံတားစီမံကိန်းအတွက် စီမံကိန်းမလွှတ်သည့်နေရာများကို ဖယ်ရှားပြီး နစ်နာကြေး၊ လျော် ကြေးအဖြစ် ၃ ဒသမ ရ ဘီလျံကျော် နိုင်ငံတော်မှ အကုန်ကျခံထားရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly