နည်းပြကို အလုပ်ထုတ်ခံရအောင် ကြိုးစားခဲ့တဲ့ အဂူရိုနဲ့ အာဂျင်တီးနားကစားသမားတချို့ ချန်လှပ်ခံရဖွယ်ရှိနေ

နည်းပြကို အလုပ်ထုတ်ခံရအောင် ကြိုးစားခဲ့တဲ့ အဂူရိုနဲ့ အာဂျင်တီးနားကစားသမားတချို့ ချန်လှပ်ခံရဖွယ်ရှိနေ

 

ဇွန် ၂၆၊ ရုရှ။                       ။ အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုနဲ့ အသင်းဖော်တချို့ဟာ နည်းပြဆမ်ပါအိုလီကို အလုပ်ထုတ်ခံရအောင် ကြိုးစားခဲ့မှု ကျရှုံးခဲ့ပြီးနောက်မှာ နိုင်ဂျီးရီးယားနဲ့ပွဲမှာ ချန်လှပ်ခံရဖွယ်ရှိနေတယ်လို့ မယ်ရာသတင်းမှာ ဖော်ပြထားပါတယ်။

အဂူရိုနဲ့ အသင်းဖော်တချို့ဟာ အာဂျင်တီးနားအသင်း အိုက်စလန်နဲ့ တစ်ဂိုးစီသရေ၊ ခရိုအေးရှားကို သုံးဂိုး၊ ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲတွေ အပြီးမှာ နည်းပြကိုဆန့်ကျင်ခဲ့ကြတာပါ။

ကစားသမားတော်တော်များများဟာ ဆမ်ပါအိုလီကို ထုတ်ပယ်ပေးဖို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တက်ပီယာထံ ချဉ်းကပ်တောင်းဆိုခဲ့ကြဖွယ်ရှိပါတယ်။

ဒါပေမဲ့ တက်ပီယာက ဆမ်ပါအိုလီကိုသာ ထောက်ခံလိုက်ပြီးနောက်မှာတော့ ကစားသမားတွေရဲ့ ကြိုးပမ်းမှုက ကျရှုံး သွားခဲ့ပါတယ်။ အဂူရိုဟာ တခြားတိုက်စစ်မှူး ဟီဂွာအင်နဲ့ ပွဲထွက်ခွင့်အစားထိုးခံရဖွယ်ရှိနေပါတယ်။

ခရိုအေးရှားနဲ့ပွဲမှာ အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမားကာဘယ်လီရိုကိုလည်း နည်းပြဆမ်ပါအိုလီက အာမန်နီနဲ့ အစားထိုးဦးမှာပါ။ အကူနာနဲ့ ပီရက်ဇ်တို့နေရာမှာ ဒီမာရီယာနဲ့ ဘန်နီဂါတို့ ကစားခွင့်ရရှိကြမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ နောက်တစ်ဆင့်တက်ဖို့ မဖြစ်မနေအနိုင်ရဖို့လိုအပ်နေတဲ့ပွဲအဖြစ် အင်္ဂါနေ့မှာ နိုင်ဂျီးရီးယားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly