လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ၅

 

ပြီးခဲ့တဲ့ လေးကြိမ်လောက်ကစပြီး ကိုယ့်တိုင်းပြည် ပြင်ပထွက်ပြီး ဗဟုသုတရှာကြသူတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွင်း တကိုယ်ရေ ဗဟုသုတရှာဖွေဖို့လိုအပ်တဲ့ဆွေးနွေးမှုတွေကို ရေးခဲ့ပါတယ်။ ဒီနေ့လည်း ဗဟုသုတ ရှာဖွေတဲ့အခါ စနစ်တကျရှိဖို့ ပြည့်စုံဖို့ လိုအပ်တဲ့အကြောင်း ထပ်ပြီးဆွေးနွေးချင်ပါသေးတယ်။

ကျနော်တို့ဟာ မသိစိတ်နဲ့ ဗဟုသုတ ရခဲ့ကြတာရှိသလို အသိစိတ်ရှိရှိနဲ့ တကူးတကရှာဖွေလို့ ဗဟုသတရကြတာလည်းရှိပါတယ်။ မသိစိတ်နဲ့ ဗဟုသုတရခဲ့တာဆိုတာက ကိုယ်က သိချင်လို့မဟုတ်ပေမယ့် မမျှော်လင့်ဘဲ ကိုယ်မသိသေးတဲ့အကြောင်းအရာအချက်အလက်ကို ရလိုက်တာမျိုးဖြစ်ပါတယ်။ ဥပမာ ခရီးတစ်ခုသွားရင်းက အဲဒီခရီးအတွင်း ကိုယ်သွားတဲ့ဒေသရဲ့ ဓလေ့စရိုက်တချို့ သိခဲ့ကြရတာမျိုးကို ဆိုလိုတာပါ။ ကိုယ်က အဲဒီဒေသကို အခြားရည်ရွယ်ချက်တစ်ခုခုကြောင့်သွားတာဖြစ်ပေမယ့် အဲဒီဒေသရောက်တော့မှ ကိုယ့်ရည်ရွယ်ပြည့်မြောက်အောင်ဆောင်ရွက်ရင်း အဲဒီဒေသရဲ့ဓလေ့စရိုက်တွေ သိလိုက်ရတာမျိုးကို ဆိုလိုတာပါ။

လွန်ခဲ့တဲ့နှစ်က ကချင်ပြည်နယ်ထဲက မေခနဲ့ မလိခမြစ်နှစ်မွှာဆုံရာနေရာကို ဓါတ်ပုံရိုက်ဖို့ ကျနော်သွားခဲ့ပါတယ်။ ဟိုရောက်တော့ ဓါတ်ပုံရိုက်ဖို့နေရာရွေးရပါတယ်။ အဲဒီအချိန်မှာပဲ တိုက်ဆိုင်ချင်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုက အဲဒီမြစ်ဆုံမှာပဲလာပြီး ဆွေးနွေးပွဲနဲ့ စာတမ်းဖတ်ပွဲလုပ်တာနဲ့သွားကြံုပါတယ်။ အဲဒီကြတော့ ကျနော့်မှာ ဘုရားလည်းဖူး လိပ်ဥလည်းတူးဆိုသလို မရည်ရွယ်ဘဲ ဗဟုသုတတိုးခဲ့ရပါတယ်။ နေရပ်ကိုပြန်ရောက်တဲ့အခါ ဓါတ်ပုံတွေလည်းရပြီး မေခ မလိခမြစ်နှစ်မွှာဆုံရာနေရာမှာ   ရေအားလျပ်စစ်ထုတ်လုပ်ဖို့ ရေကာတာတွေတည်ဆောက်မယ်ဆိုရင် ရရှိလာရမယ့် အကျိုးအပြစ်တွေကို ဆောင်းပါးတစ်ပုဒ်ရေးလို့ရအောင် အချက်အလက်တွေစုဆောင်းနိုင်ခဲ့ပါတယ်။ ဒါကတော့ မရည်ရွယ််ပါပဲ မသိစိတ်နဲ့သွားခဲ့တာမှန်သော်ငြားလည်း နောက်ထပ်ဗဟုသုတချို့ကို ရအောင်ယူနိုင်ခဲ့တဲ့သဘောပါပဲ။ သိစိတ်နဲ့ ဗဟုသုတရှာတဲ့အလုပ်ဖြစ်တဲ့ ဓါတ်ပုံရိုက်ဖို့သွားရင်းက တခြားဗဟုသုတကိုပါ ယူခဲ့နိုင်တဲ့သဘောပါပဲ။

ကဲ ဒီနေရာမှာ ကိုယ့်ရဲ့မူလ ဦးတည်ချက်အရ ခရီးသွားတာမှန်သော်ငြားလည်း တခြား ဗဟုသုတရဖွယ်အချက်အလက်တွေစုဆောင်းပြီး မှတ်တမ်းတင်ခဲ့လို့ ဘယ်လောက်အထိ အကျိုးရှိခဲ့ရသလဲဆိုတာ ဆက်ပြောချင်ပါသေးတယ်။

အေဒီ ၁၇၉၇ ခုနှစ်အတွင်းတုန်းက ဗဒုံမင်းလက်ထက် အမရပူရမြို့ကို ခရစ်ယံသာသနာပြုဘုန်းကြီး ဆင်ဂါမနော ရောက်လာခဲ့ပါတယ်။ သူက သာသနာပြုဖို့ ရောက်လာခဲ့တာမှန်သော်ငြားလည်း တခြားဗဟုသုတတွေကို မှတ်သားခဲ့ပါတယ်။ သူရေးခဲ့တဲ့ မှတ်သားချက်ကြောင့် နှောင်းလူတွေဟာ ဗဒုံမင်းလက်ထက် အမရပူရမြို့တော်အခြေအနေကို သိရှိနားလည်လာခဲ့ကြရပါတယ်။ သူရေးတဲ့မှတ်တမ်းထဲက တချို့အချက်အလက်တွေကို ကြည့်ကြရအောင်ပါ။

“အဲဒီအချိိန်အဝမြို့ဟောင်းကနေပြီး မြို့သစ်အမရပူရ(မန္တလေး)အဖြစ် နေရာအသစ် ပြောင်းရွှေ့တည်ပြီးကာစဖြစ်ပါတယ်။ မြို့ရိုးသည်တဘက်လျင် တမိုင်ခန့်ရှည်၍ စတုရန်းပုံစံဖြစ််လေသည်။ မြို့ရိုးအတွင်းဘက်တွင် အနည်းငယ်နိမ့်သော အရံအတား ရှိလေသည်။ ထိုအလည်တွင် သစ်ဖြင့်ဆောက်လုပ်ထားသော နန်းတော်ရှိလေသည်။ ထိုမြို့ရိုးတို့ကို မြောက်ဘက်တွင် ဧရာဝတီမြစ်ကလည်းကောင်း၊ တောင်ဘက်တွင် တောင်သမန်အင်းကလည်းကောင်း၊ အခြားနှစ်ဘက်တွင်မူ ကျံုးများထားလေသည်။ မြို့တော်သစ်ကို ဘုရင်သည် ၁၇၈၃ ခု မေလ ၁၇ ရက်နေ့မှာ အခမ်းအနားနဲ့ သိမ်းယူခဲ့လေသည်။

ပြောင်းရွှေ့လိုက်ပါရသူတချို့က မြို့ရိုးအတွင်း၌ နေထိုင်ကြသည်။ ထိုသူတို့မှာ မင်းညီမင်းသားများ၊ ၀န်စုမှူးစုများနဲ့ အခြားသက်ဆိုင်သူများ ဖြစ်ကြသည်။ ကျန်သူတွေက မြို့ပြင်လေးရပ်တွင် အကွက်ချ၍နေထိုင်ကြရသည်။ ထိုသူတို့မှာ မြန်မာလူမျိုးများအပြင် အထူးသဖြင့် ကုန်းဘောင်ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် စစ်သုံ့ပမ်းအဖြစ်ပါလာရာမှ အိုးအိမ်ထူထောင်ခဲ့ကြသော ယိုးဒယားလူမျိုးနှင့် ကသည်းလူမျိုးများဖြစ်ကြသည်။ ထို့ထက်ပိုများသည်သူများမှာ မွတ်စလင်ဘာသာဝင်များဖြစ်ကြသည်။ သူတို့မှာ ဗလီအဆောက်အအုံနှင့်တကွ သူတို့၏ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့် ရှိလေသည်။ ထိုသူများအပြင် တရုတ်တန်းနေ တရုတ်များလည်း ရှိပြန်ပါသေးသည်။ အလုပ်လုပ်ရာတွင် အင်မတန်ဝီရိယကောင်းသူများပါပေ။ မြို့သစ်တည်ကာစ အမရပူရမြို့တော်၏လူဦးရေသည် ၂ သိန်း ရှိလေသည်။ ”

ဒါ့အပြင် သံတမန်အဖြစ်ရာက်ရှိနေတဲ့ ဗိုလ်ကြီးမိုက်ကယ်ဆိုင်းကလည်း သူ့ရဲ့သံတမန်ရေးကိစ္စအပြင် အခြားဗဟုသုတအချက်အလက်တွေကို လေ့လာမှတ်သားခဲ့တာ တွေ့ရပါသေးတယ်။ မိုက်ကယ်ဆိုင်းရဲ့ မှတ်သားထားခဲ့ချက်တွေထဲမှာ ထိုအချိန်က မြန်မာတွေဟာ တရုတ်ပြည်ဘက်ကို ၀ါ များအကြီးအကျယ်ပို့သွင်းခဲ့ကြတဲ့အကြောင်း၊ ပယင်း၊ ကျောက်သံပတ္တမြား၊ ဆင်ဆွယ်၊ ငှက်သိုက်၊ ကွမ်းသီးတို့ကို ဗန်းမော်မှာရှိတဲ့ တရုတ်တွေနဲ့ ကုန်ပစ္စည်းချင်းလဲလှယ်ကြတဲ့အကြောင်း၊ တရုတ်တွေဘက်က ပိုး၊ ကတ္တီပါ၊ စက္ကူ၊ ရွှေဆိုင်း၊ သစ်သီးယိုများနဲ့လဲလှယ်ကြကြောင်း မှတ်တမ်းတင်ထားခဲ့တာတွေ့ရပါတယ်။ ဒီနေရာမှာ မှတ်သားဖို့သင့်တဲ့အချက်တစ်ခုရှိပါတယ်။ မြန်မာတွေအနေနဲ့ ယမ်းစိမ်းကိုမူ ပြည်ပသို့ ပို့ခွင့်ထွက်ခွင့်မရှိဘူးဆိုတဲ့အချက်ပါပဲ။ ဒါ့အပြင် ဆိုင်းသည် ဗန်းမော်အနီး တရုတ်နယ်စပ်မှ ဘော်တွင်း၊ ချင်းတွင်းမြစ်အနီး ဝေဘူလတောင်တဝိုက်မှ နိီလာ၊ ပတ္တမြား၊ ရွှေ၊ ငွေ၊ ပယင်း၊ ကျွန်းသစ်၊ ဆန် အစရှိတဲ့ပစ္စည်းများ လှိုင်လှိုင်ထွက်ရှိကြောင်းလည်း ရေးမှတ်ခဲ့ပါတယ်။

ဒီအကြောင်းတွေကို ကျနော်က ဘာပြုလို့ အဓိကထား ပြောနေဆွေးနွေးနေရသလဲဆိုတာ မေးဖို့ရာ ရှိမယ်ထင်ပါတယ်။ တိုတိုနဲ့လိုရင်းကိုပြောရရင် အဲဒီအချိန် အဲဒီကာလတုန်းက ကျနော်တို့လူမျိုးရဲ့အသိမှာက ကမ္ဘာကြီးပေါ်က အခြားဒေသ အခြားလူမျိုးတွေအကြောင်း ဗဟုသုတလေ့လာမှတ်သားခြင်း၊ မှတ်တမ်းရေးခြင်းဟာ အင်မတန်အရေးကြီးတယ်ဆိုတာကို အလေးအနက်မထားခဲ့ကြပေမယ့် ဥရောပသားတွေကတော့ မြန်မာတွေလိုမဟုတ်ဘဲ ဗဟုသုတ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူတို့လူမျိုးခေါင်းဆွေတွေကအစ နားလည်ခဲ့ကြတယ်ဆိုတဲ့အချက်ကို သိစေချင်လို့ ဆွေးနွေးနေခြင်းဖြစ်ပါတယ်။ ဗိုလ်ကြီး မိုက်ကယ်ဆိုင်းနဲ့ ဘုန်းတော်ကြီး ဆင်ဂါမနောတို့ရဲ့မှတ်တမ်းတွေထဲ တထပ်တည်းကျတဲ့အချက်ကတော့ သူတို့တွေ့ထိဆက်ဆံရတဲ့ မြန်မာခေါင်းဆောင် အားလုံးနီးပါးဟာ မိမိတို့ရဲ့အင်အားကိို အလွန်အကျွံတွက်တတ်ကြတဲ့အကြောင်း၊ ဒီလိုဖြစ်ရဖြစ်ရခြင်းဟာ ကမ္ဘာ့ဗဟုသုတ အားနည်းခဲ့ကြလို့ထင်ကြောင်း၊ အပြင်လောကကို စူးစမ်းရန်လိုအပ်ခြင်းအပေါ် အလေးအနက်မရှိကြဟန်တူကြောင်း၊  ကမ္ဘာကြီးနဲ့အညီ ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း မစဉ်းစားနိုင်ကြကြောင်း၊ အနေအစားရိုးသားသလောက် ယဉ်ကျေးမှုထုံးစံအပေါ် စွဲမြဲကြီးလွန်းသည့် ကိုယ့်လူမျိုးများအဖို့ ခေတ်ပညာဖြည့်ဆီးပေးဖို့ ဗဟုသုတရှိလာစေရေး တိုက်တွန်းလမ်းဖွင့်ပေးရန် တာဝန်ရှိသည်ကို မတွေးတတ်ကြတဲ့အကြောင်းနဲ့ အသိပညာနဲ့ပြည့်စုံတဲ့ ပြည်သူတွေ ၀န်းရံထားမှသာ စစ်မှန်သောအင်အားရှိနိုင်သည်ဟူသည့်အသိကို နားလည်ဟန်မရှိခဲ့ကြကြောင်းဆိုတဲ့အချက်အပေါ်မှာ သူတို့နှစ်ဦးရဲ့အမြင်ဟာ တထပ်တည်းသွားတူနေတာ တွေ့ကြရပါတယ်။

တကယ်တန်းပြောရရင် သူတို့ထင်ခဲ့မြင်ခဲ့တဲ့တာ မှန်ကန်ပါတယ်။ မြန်မာခေါင်းဆောင်တွေထဲ ကမ္ဘာကြီးအကြောင်းစိတ်ဝင်စားသူ၊ ဗဟုသုတ ညာဏ်ပညာအရေးကြီးတယ်ဆိုတာ သိရှိသူအရေအတွက်ဟာ လက်ချိုးရေလို့ရလောက်အောင်ကိုပဲ ရှားပါးခဲ့ပါတယ်။ အဲ နောက်ဆုံးတော့ နဖူးထိမှ အမိတရတဲ့အဖြစ်မျိုးနဲ့ကြံုရပြီး ကျနော်တို့လူမျိုး လူမျိုးခြားလက်အောက် ရောက်ခဲ့ကြရတာ အားလုံးအသိပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်နဲ့ ရပ်နားရပါဦးမယ်။

နောက်နေ့တွေမှာဆိုရင်တော့ လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာခေါင်းစဉ်အောက် ဆက်ပြီးဆွေးနွေးကြသေးတာပေါ့။

လူငယ်တွေ ဗဟုသုတရှာမှိီးနိုင်ကြပါစေ။

  1. လူငယ်နဲ့ ဗဟုသုတရှာဖွေမှု မိုးကောင်းကင် (၁ )

  2. လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၂ )

  3. လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၃ )

  4. လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၄ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly