မုံရွာတက္ကသိုလ် ဆရာများအဆောင်တွင် ဆိုင်ကယ်နှစ်စီး ပျောက်ဆုံးမှုဖြစ်ပွား

မုံရွာတက္ကသိုလ် ဆရာများအဆောင်တွင် ဆိုင်ကယ်နှစ်စီး ပျောက်ဆုံးမှုဖြစ်ပွား

ဇွန် ၂၄၊ မုံရွာ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတက္ကသိုလ်ဝင်းအတွင်းရှိ ဆရာများအဆောင် (၁) တွင် ဇွန်လ ၂၄ ရက် မနက်အစောပိုင်းက ဆိုင်ကယ်နှစ်စီးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

စူစကီးစမတ် စူဖီဆိုင်ကယ်နှင့် နယူးအန်ဘို ဆိုင်ကယ် နှှစ်စီးပျောက်ဆုံးခဲ့ပြီး ပျောက်ဆုံးသွားသည့် အချိန် အတိအကျကို သေချာသိရှိခြင်းမရှိဘဲ နံနက် ၂နာရီနှင့် ၃ နာရီကြားတွင်ဖြစ်နိုင်ပြီး နံနက်လင်းမှသာ ပျောက်ဆုံးတာ ဖြစ်နိုင်ကြောင်း အဆောင်နေဆရာများက ဆိုသည်။

" ကျောင်းပိတ်ရက်ဖြစ်တဲ့ အတွက် ညအိပ်တာနောက်ကျတယ်။ ၁ နာရီလောက်မှ အိပ်ဖြစ်တာ ။ သူခိုးက ဘယ်လိုခိုးသွားလဲဆိုတော့ ဆိုင်ကယ်တွေထားတဲ့ အနီးဆုံး အခန်း (၂)ခန်းကို အပြင်ကနေ ဂျက်ထိုးသွားတယ်။ သိသွားရင်တောင်မှ လိုက်လို့မလွယ်အောင်နေမှပေါ့ ။ ဒါရောဆို ဒီအဆောင်ကပဲ ဆိုင်ကယ်ပျောက်တာ ၆ စီး ရှိပြီ။ စားကျက်လိုဖြစ်နေတာ။ မနှစ်က ၄ စီးပျောက်တယ်။ အခု ၂ စီးပျောက်တယ်" ဟု အဆောင်(၁) တွင် နေထိုင်သော ဆရာတိုးကပြောသည်။

ယင်းသို့ ဆိုင်ကယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းသို့ သွားရောက်မေးမြန်းရာ အမှုဖွင့်ထားခြင်း မရှိဘဲ လာရောက်အကြောင်းကြားထားခြင်းသာ ရှိကြောင်း ဒုရဲအုပ်တစ်ဦးက ဆိုသည်။

"မနက် ၈ နာရီလောက်ကတော့ ဆိုင်ကယ်ပျောက်လို့ဆိုပြီး စခန်းကို လာအကြောင်းကြားတယ်။ အမှု ဖွင့်ထားတော့ မရှိသေးပါဘူး ။ ကျွန်တော်တို့ရဲစခန်း နယ်မြေအပိုင်တင်မဟုတ် တခြားမြို့နယ်တွေက ဆိုင်ကယ်ပျောက်မှုတွေလည်း စခန်းကို လာအကြောင်းကြားတာ တော်တော်များပါတယ် "ဟု မုံရွာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်က မုံရွာတက္ကသိုလ်ဝင်းအတွင်း ကျောင်းသား၊ကျောင်းသူများ၏ ဆိုင်ကယ်ပျောက်ဆုံးမှု (၃၀) မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly