ဟာဂျီယာစင်၏ ဘဏ်အပ်ငွေအကြောင်း တွေ့ဆုံမေးမြန်းခြင်း

ဟာဂျီယာစင်၏ ဘဏ်အပ်ငွေအကြောင်း တွေ့ဆုံမေးမြန်းခြင်း
မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများနှင့် ပတ်သက်သည်ဟု ရဲက ယူဆ ထားသူ မောင်မောင်ကို ဇွန် ၆ ရက်နေ့က ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

မလေးရှားမူးယစ်အမှု ထိပ်တန်းသံသယတရားခံက ငွေပမာဏများစွာအပ်နှံခဲ့ကြောင်း၊ ဗဟိုဘဏ်ကချမှတ်ထားသည့် စည်းကမ်းအတိုင်းလုပ်ဆောင်ခဲ့ကြောင်း ဧရာဝတီဘဏ်ကပြောသည်

မကြာသေးမီကမလေးရှားတွင် စံချိန်တင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးအမှုနှင့် ပတ်သက်၍ အဓိကတရားခံဟု ယူဆရသူ မောင်မောင် (ခ)ဟာဂျီယာစင်သည် ဧရာဝတီဘဏ်တွင် သိန်းပေါင်းများစွာ အပ်နှံထားသည်ဟုစုံစမ်းသိရှိရသည်။

မောင်မောင် ဖမ်းဆီးခံရစဉ် ပိတ်သိမ်းခံရသည့် သူ၏ ငွေစာရင်း၊  ငွေမည်းခဝါချမှု အလားအလာ တို့နှင့် ပတ်သက်ပြီး တိကျခိုင်မာ မှန်ကန်သည့် သတင်းအချက်အလက်များရရှိရန် Myanmar Now က ဇွန် ၁၂ရက်နေ့တွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်ရုံးချုပ်သို့ သွားရောက်ပြီး Enterprise Risk Management ဌာနတာဝန်ခံဦးအောင်ကိုကိုဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး- ဟာဂျီယာစင်ရဲ့နီးစပ်သူတွေရဲ့ အဆိုအရသူဟာဧရာဝတီဘဏ်ရဲ့ ဖောက်သည် ဖြစ်တယ်၊ ဘဏ်ကဘာမှစစ်ဆေးမေးမြန်းတာမျိုးမရှိဘဲသူ့အပ်ငွေ လက်ခံခဲ့တယ် လို့ သိရပါတယ်။ စစ်ဆေးမေးမြန်းတာမရှိဘူးဆိုုတော့ ငွေကြေးခဝါချဖိုု့ အခွင့်အလမ်းတွေဖွင့်ပေးထားသလိုမဖြစ်ဘူးလား။

ဖြေ- ကျွန်တော်တို့ ဘဏ်အနေနဲ့ ၂ဝ၁၆ ခုနှစ် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းအများဥပဒေအရcustomer (ဖောက်သည်)ရဲ့သတင်းအချက်အလက်ကိုထုတ်ဖော်ပြောဆိုလို့ မရပါဘူး။ ဒါပေမယ့် အခု Myanmar Now က မေးမြန်းလာတဲ့ ကိစ္စကတရားမဝင်ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်ပြီးစွပ်စွဲမှုတွေရှိလာတဲ့အတွက်ဘဏ်အနေနဲ့ဗဟိုဘဏ်ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းအတိအကျ လိုက်နာပြီးဆောင်ရွက်ထားတဲ့အပြင်၊ customer နဲ့ ပတ်သက်တဲ့ ဆောင်ရွက်စရာရှိတာတွေကိုုမှန်မှန်ကန်ကန်ဆောင်ရွက်ထားတယ်ဆိုတာသက်သေပြနိုင်ဖို့ အတွက် ဖြေကြားခြင်းဖြစ်ပါတယ်။

ငွေစာရင်းစတင်ဖွင့်စဉ်ကတည်းကစာရင်းဖွင့်လှစ်သူတိုင်းအတွက်Know Your Customer Referenceအတွက် CBM Law, AML ဥပဒေနဲ့ FIU ညွှန်ကြားချက်များအရကိုယ်ရေးအချက်အလက်၊သတင်းအချက်အလက် အပြည့်အဝအားလုံးယူရပါတယ်။ နာမည်၊ဖုန်းနံပါတ်၊လိပ်စာ၊ မှတ်ပုံတင်၊ မွေးနေ့ သက္ကရာဇ်၊ အလုပ်အကိုင်၊ အဖအမည်၊သူ့ကိုမိတ်ဆက်ပေးသူနှစ်ဦးရဲ့အချက်အလက်တွေကအစယူပါတယ်။ အချက်အလက်တွေမယူဘဲနဲ့ အကောင့်ဖွင့်ပေး၊ ငွေသွင်း၊ငွေထုတ်လုပ်ပေးတယ်ဆိုတာတော့မရှိပါဘူး။ customer က ကုမ္ပဏီလုပ်ငန်းလုပ်ဆောင်တယ်ဆိုတဲ့ အချက်အလက်ကိုပြပါတယ်။ ၎င်းအတွက် DICA Registration (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှတ်ပုံတင်စာရင်း) နဲ့တိုက်ဆိုင်စစ်ဆေးပြီးမှန်ကန်တဲ့အတွက် သူ့ရဲ့ငွေစာရင်းဖွင့်ခြင်းကိုလက်ခံခဲ့ပါတယ်။

မေး - သူပြတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ရနိုင်မလား။

ဖြေ- မရနိုင်ပါဘူး။ ဘဏ်ဆိုတာသတင်းပို့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ စာရင်းပိုင်ရှင်ရဲ့အသေးစိတ်အချက်အလက်ကိုဥပဒေအရဗဟိုဘဏ်နဲ့ FIU (ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့- Financial Intelligence Unit)ဥပဒေများအရအဆိုပါဌာနရဲ့ညွှန်ကြားချက်အရသာပေးပိုင်ခွင့် ရှိပါတယ်။ အဆိုပါ ဌာနများရဲ့ခွင့်ပြုချက်ရရင်တော့ ကျွန်တော်တို့ ပေးပါမယ်။

မေး - ဟာဂျီယာစင်ကရခိုင်ပြည်နယ်မြောက်ပိုင်းကဘင်္ဂါလီလို့ သိရပါတယ်။ဘဏ်စာရင်းဖွင့်တဲ့အချိန်မှာသူကနိုင်ငံသားစိစစ်ရေးကတ် ပြနိုင်သလား။ ဘယ်အထောက်အထား ပြနိုင်လို့ သူ့ကိုငွေစာရင်းဖွင့်ပေးတာလဲ။

ဖြေ - စဖွင့်စဉ်တုန်းကတော့ သုံးခေါက်ချိုးမှတ်ပုံတင်ကတ်ကိုကိုင်ဆောင်ထားပါတယ်။ ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်အရ White Card မဟုတ်ရင် ကျွန်တော်တို့ ငွေစာရင်းဖွင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူသည် ပန်းရောင်နိုင်ငံသားကတ်ကို ၂ဝ၁၈ မတ်လမှာရထားတာကိုသူလာအကြောင်းကြားတယ်။ ဒါကြောင့် ပန်းရောင်နိုင်ငံသားကတ် ကျွန်တော်တို့ဆီမှာကော်ပီရှိပါတယ်။

မေး - သူကဘဏ်စာရင်းဘယ်နှစ်ခုဖွင့်ထားတာလဲ။ ဘယ်အချိန်မှာငွေစတင် အပ်နှံပြီးစုုစုုပေါင်းအပ်နှံငွေ အခုချိန်အထိဘယ်လောက်ရှိပါသလဲ။

ဖြေ- ဘဏ်မှာအကောင့်အမျိုးအစားကတော့ အများကြီးဖွင့်လို့ရတယ်။ သူကတော့  Saving Account (ငွေစုဘဏ်အပ်ငွေစာရင်း)၊Fixed Deposit Account (စာရင်းသေအပ်ငွေစာရင်း) နှစ်မျိုးဖွင့်ထားပါတယ်။ ငွေသွင်း၊ငွေထုတ်လုပ်နိုင်တဲ့ ငွေစုဘဏ် အပ်ငွေစာရင်းကို ၂ဝ၁၇ခုနှစ်၊ ၁လပိုင်းကဖွင့်ခဲ့ပြီး၊ စာရင်းသေအကောင့်ကိုတော့ ၂ဝ၁၈ ခုနှစ် ၂လပိုင်းမှာ ဖွင့်ခဲ့ပါတယ်။

Saving Accountကတော့ ငွေသွင်း၊ ငွေထုတ်တွေ လုပ်တဲ့ အကောင့်အနေနဲ့ သုံးတယ်။  စာရင်းသေအကောင့်ကတော့ အတိုးလိုချင်လို့ သူဖွင့်ထားတာ။ ၃လ၊၆လ၊၉လ တစ်ကြိမ်စီအတိုးပေးတာ။ သူ့ရဲ့ ကုမ္ပဏီက trading company,အိမ်ခြံမြေလုပ်တယ် ဆိုတာကို ဖြည့်ထားတယ်။ သူ့ကုမ္ပဏီအနေနဲ့ ငွေအသွင်းအထုတ်ကို ကျွန်တော်တို့ဆီလာအပ်ပါတယ်၊လက်ခံဆောင်ရွက်ပေးပါတယ်။ လုပ်ဆောင်စရာရှိတဲ့ အချက်အလက်ယူဖို့ မေးတဲ့ ဖြေတဲ့ အပိုင်းအားလုံးမှတ်တမ်းတင် ဆောင်ရွက်ခဲ့ပါတယ်။

ငွေပမာဏကိုတော့ပြောမပြနိုင်ပါဘူး။

မေး - သူ့ရဲ့ငွေပမာဏကမကြာသေးခင်ကမှ ရုတ်တရက်များလာတာလား။ သူကဧရာဝတီဘဏ်မှာတစ်လကိုငွေသွင်း၊ငွေထုတ် ဘယ်နှခါလောက်လုပ်သလဲ။

ဖြေ- ရုတ်တရက်များလာတာတော့မဟုတ်ပါဘူး။ ကုမ္ပဏီလုပ်ငန်းလုပ်တဲ့သူနေနဲ့ကတော့ အရင်ကတည်းကများတယ်။ သူကအပ်တဲ့ ပမာဏလည်းများတယ်၊ ငွေလွှဲငွေသွင်းလည်းခဏခဏလုပ်တဲ့သူဖြစ်တာကြောင့် ကျွန်တော်တို့ ဘဏ်ရဲ့ Big Customer ထဲမှာပါပါတယ်။ ဒီလိုသတ်မှတ်လို့လည်းသူ့ရဲ့အချက်အလက်တွေကို ကျွန်တော်တို့ ပိုစောင့်ကြည့်ပါတယ်၊ သေချာရယူတယ်။ သူကတစ်လကိုငွေလွှဲ၊ငွေသွင်းအနည်းဆုံးသုံးကြောင်း၊ အများဆုံးခြောက်ကြောင်းလောက်တော့ လုပ်တယ်။ ပြည်တွင်းပါပဲ။

မေး - နိုင်ငံခြားငွေအကောင့်ရောဧရာဝတီဘဏ်မှာသူဖွင့်ခဲ့ဖူးသလား။

ဖြေ - သူကကျွန်တော်တို့ ဘဏ်မှာတော့  နိုင်ငံခြားငွေစာရင်းမရှိပါဘူး။ မြန်မာကျပ်ငွေစာရင်းပဲရှိပါတယ်။ ပြီးတော့ သူငွေအလွှဲအပြောင်းအားလုံးကတခြားနိုင်ငံကိုသွားတာမဟုတ်ပါဘူး။ ပြည်တွင်းမှာပဲလှည့်ပတ်နေတာဖြစ်ပါတယ်။ ဒေါ်လာအကောင့် ဖွင့်ရင် ကျွန်တော်တို့ကငွေဝင်လမ်းကြောင်းကိုသေချာစစ်ဆေးပါတယ်၊ အထောက်အထားတွေပိုပြရတယ်၊ မြန်မာငွေအကောင့်ထက်ပိုပြီးတော့ တင်းကျပ်ပါတယ်။

မေး - လုုပ်ထုံုးလုုပ်နည်းတွေအတိုုင်းလုုပ်ခဲ့တယ်၊ ငွေတွေဟာလည်းငွေမည်းမဟုုတ်ဘူးဆိုုရင် အခုုလိုငွေကြေးများစွာသိမ်းဆည်းခံရတော့ ဖောက်သည်ဘက်ကမနစ်နာဘူးလား။

ဖြေ - လုပ်ထုံးလုပ်နည်းတွေနဲ့ သေချာစိစစ်ပြီးသားငွေတွေ ဆိုရင် ငွေမည်းမဟုတ်ဘူးလို့ လက်ခံလို့ရပေမယ့် အခုလိုအသိမ်းခံရတော့ customer နစ်နာလားဆိုတော့ သူက ကျွန်တော်တို့ဆီလာအပ်တုန်းကတော့  ဘဏ်အပိုင်းကလက်ရှိဥပဒေအရသေချာယူတယ်၊ customerက ငွေအထုတ်အသွင်းအရမ်းများတယ်ဆိုရင် သူ့ရဲ့အချက်အလက်ကိုသေချာထပ်ယူရတဲ့အဆင့်ကိုထပ်လုပ်ပါတယ်၊သူ့ကိုအဲဒီလိုလည်းလုပ်ထားပါတယ်၊အဲဒီတော့ ဘဏ်ဘက်ကတော့ လုပ်ဆောင်ရမယ့်အရာတွေ သေချာလုပ်ဆောင်ထားပြီးသားပါ။ ဒီတော့ အခုလိုဖမ်းမိသွားတဲ့ အခါကျတော့ သူ့ရဲ့ပိုက်ဆံကဒီကုန်သွယ်လုပ်ငန်းကပဲရတာလား၊ ဘယ်ကရတာလဲဆိုတာကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကပဲလိုက်စုံစမ်းရမှာပါ။ ငွေဖြူငွေမည်းသတ်မှတ်တာကလည်းအစိုးရနဲ့ပဲဆိုင်ပါလိမ့်မယ်။ ဘဏ်ကိုပြတာသည် ပိုက်ဆံကကုန်သွယ်လုပ်ငန်းကနေရတယ်၊လုပ်ငန်းကနေရတယ်လို့  ပြောပြီးတော့ သူအသွင်းအထုတ်လုပ်တယ်။ ဒါကို ကျွန်တော်တို့ကဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အနေနဲ့  ဝန်ဆာင်မှုပေးတာပေါ့နော်။ စာမျက်နှာသုံးမျက်နှာလောက်ရှိတဲ့ အချက်အလက်ဖြည့်တာတွေ လုပ်ရပါတယ်။ ရှိသမျှဖောက်သည်ရဲ့အချက်အလက်အားလုံးကိုတစ်နှစ်တစ်ခါ ပြန်ပြီးတော့ စိစစ်တဲ့ လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ၂ဝ၁၆ ခုနှစ်ကတည်းကလုပ်ပါတယ်။ ၂ဝ၁၈မှာဆိုရင် ဧပြီလမှာအားလုံးလုပ်ထားပြီးပါပြီ။

မေး - မလေးရှားမူးယစ်မှုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ဦးမင်းနိုုင်၊ သူ့ဇနီးဒေါ်သီတာမိုုးတိုု့ကရောဒီဘဏ်မှာအပ်နှံထားတာရှိလား။ ဒီအမှှုနဲ့ပတ်သက်ပြီးတခြားဘယ်သူတွေရဲ့စာရင်းတွေ ပိတ်ထားတာရှိသလဲ။

ဖြေ- ဦးမင်းနိုင် အကောင့် ကျွန်တော်တို့ ဆီမှာမရှိပါဘူး။ ဒေါ်သီတာမိုးရဲ့အကောင့်တော့ရှိပါတယ်။ FIU ညွှန်ကြားချက်အရသူ့ဘဏ်အကောင့်လည်းအပိတ်ခံထားရတယ်။ ငွေပမာဏအများကြီးတော့ မဟုတ်ပါဘူး။ တခြားလည်းအသေးစိတ် မပြောပြနိုင်ပါဘူး။

မေး - အစိုးရကဘယ်ရက်၊ဘယ်အချိန်မှာမလေးမူးယစ်မှုနဲ့ ဆက်စပ်တဲ့ ငွေစာရင်းတွေကိုပိတ်ခိုင်းခဲ့တာလဲ။

ဖြေ - ဗဟိုဘဏ်ကနေအကောင့်တွေကိုပိတ်ဖို့အကြောင်းကြားတာကတော့ ဇွန် ၅ရက်နေ့ကဖြစ်ပါတယ်။ စာရောက်တဲ့ နေ့လယ်ကနေစပြီးတော့ ပိတ်တာတွေကိုကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ဗဟိုဘဏ်ကိုတော့ အားလုံးလုပ်ဆောင်ပြီးကြောင်း၈ရက်နေ့မှာအကြောင်းပြန်ခဲ့ပါတယ်။ ဗဟိုဘဏ်အနေနဲ့ နိုင်ငံပိုင်ဘဏ်များဆိုပြီးတော့ အားလုံးကိုရည်ညွှန်းထားတယ်။ ဧရာဝတီဘဏ်တစ်ခုတည်းသီးသန့်တော့ မဟုတ်ပါဘူး။ တခြားဘယ်ဘဏ်တွေပါလဲသေချာမသိပါဘူး။ လျှို့ဝှက်အဆင့်နဲ့လာတယ်၊လျှို့ဝှက် အဆင့်နဲ့ပဲ ပြန်ပို့ရပါတယ်။ ဒါကြောင့် အသေးစိတ်ကိုပြောပြလို့မရပါဘူး။

မေး - အရင်ကရောဘဏ်ငွေစာရင်းတွေ ပိတ်ခိုင်းခဲ့တာရှိလား။ ဘယ်ကာလမှာပိတ်ခိုင်းတာပိုများလဲ။ စာရင်းထဲကငွေသိမ်းရင်ဘယ်သူသိမ်းတာလဲ၊အစိုးရလား၊ဗဟိုဘဏ်လား။

ဖြေ - အကောင့်ပိတ်ခိုင်းတာမျိုးအရင်တုန်းကလည်းရှိပါတယ်။ အဲဒီလိုမျိုးဖြစ်ရင် ဗဟိုဘဏ်ကကျွန်တော်တို့ကိုညွှန်ကြားချက် အကြောင်းကြားစာပို့ပါတယ်။ ဒီဖောက်သည်ရဲ့ငွေစာရင်းကိုထိန်းသိမ်းထားပေးပါဆိုရင် ကျွန်တော်တို့ကထိန်းသိမ်းထားရပါတယ်။ အကောင့်ရာကျော် အကြောင်းအရာအစုံနဲ့ပိတ်ထားပါတယ်။ ၂ဝ၁၇နောက်ပိုင်းမှာတော့ ပိုများပါတယ်။ သူတို့အမှုရင်ဆိုင်ပြီးပြီဆိုရင်တော့ အစိုးရကနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းတာရှိပါတယ်။ အဲဒီအချိန်ထိဘဏ်ကထိန်းသိမ်းထားရပြီး၊တရားရုံးအမိန့်အရအမှုပြီးဆုံးတဲ့အခါအစိုးရကိုငွေလွှဲပေးရပါတယ်။

မေး - မူးယစ်ဆေး၊တရားမဝင်ကျောက်စိမ်း၊ သစ်တွေရောင်းချတဲ့ငွေတွေကိုု ပြည်တွင်းဘဏ်တွေမှာအလွယ်တကူငွေကြေးခဝါချနိုင်တယ်လိုု့သိရတယ်။ ဒါဟာမှန်ပါသလား။

ဖြေ - တရားမဝင်လုပ်ငန်းတွေရဲ့ငွေကြေးခဝါချမှုက ပြည်တွင်းဘဏ်တွေမှာသာမက ပြည်ပနိုင်ငံများမှာလည်းရှိကောင်းရှိနိုင်ပါတယ်။ ၎င်းအတွက် FIU, နိုင်ငံဖြတ်ကျော်မှုခင်းရဲတပ်ဖွဲ့၊ဗဟိုဘဏ်တို့ရဲ့ ညွှန်ကြားချက်များအရဘဏ်ဝန်ထမ်းတွေအားလုံးကိုတော့ငွေကြေးခဝါချမှုတွေ (ဟန့်တားရေး) အတွက် သင်တန်းတွေပေးထားတယ်။ ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်တွေအတိုင်း ကျွန်တော်တို့လုပ်ပါတယ်။ နောက်တစ်ခုထိန်းချုပ်တာကတော့ သတ်မှတ်ပမာဏထက် ကျော်ရင် အကြောင်းကြားတဲ့နည်းနဲ့ ထိန်းချုပ်တယ်။ နောက်တစ်ခုကတော့ ကိုယ့်ဖောက်သည်ကအရမ်းကိုများတဲ့ငွေပမဏတွေ လွှဲပြောင်းပြီး၊သံသယရှိနိုင်ဖွယ်ဖြစ်သောငွေကြေးအပြောင်းအလွှဲလုပ်တယ်ဆိုရင် သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုအဖြစ်FIU ဆီကိုမပျက်မကွက် သတင်းပေးပို့ပေးရတာပါ။

မေး - သတ်မှတ်ထားတဲ့ ငွေစာရင်းဆိုတာပမာဏဘယ်လောက်လဲ။

ဖြေ - သတ်မှတ်ထားတဲ့ ငွေပမာဏတစ်ခုရှိပေမယ့် မပြောနိုင်ပါဘူး၊ဗဟိုဘဏ်ကခွင့်ပြုရင် ပြောပါမယ်။

မေး - ဟာဂျီယာစင်နဲ့ ပတ်သက်ပြီးအဲဒီလိုသတင်းပို့ခဲ့ရတာတွေရှိလား။ ဒေါ်သီတာမိုးငွေစာရင်းမှာရောရှိခဲ့လား။

ဖြေ - မောင်မောင်ကသတ်မှတ်ငွေကြေးထက်များပြားတာကိုသတင်းပို့ပေးခဲ့ရဖူးတယ်။ မသင်္ကာဖွယ် ငွေကြေးခဝါချမှု အဆင့်ကိုတော့ သတင်းမပို့ခဲ့ရပါဘူး။ ငွေကြေးလွှဲပြောင်းမှုကမရိုးသားဘူးလို့ ထင်ရင်တော့ ပို့ကိုပို့ရတယ်။ ဘဏ်ကစောင့်ကြည့်တာတော့ အမြဲလုပ်တယ်။ သတင်းပို့တာကအချက်အလက် အပြည့်အစုံနှစ်နေရာ၊ ဗဟိုဘဏ်နဲ့ FIU ပါပဲ။ ဒေါ်သီတာမိုးအကောင့် ဖွင့်ထားပေမယ့်ပမာဏမများပါဘူး။

မေး - ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ - ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီးတော့ ဧရာဝတီဘဏ်ကစည်းမျဉ်းစည်းကမ်းအတိုင်းမဟုတ်ဘဲငွေကြေးအပ်နှံမှု ပေးခဲ့တယ်ဆိုတာမှန်ကန်ခြင်းမရှိပါ။ ဘာကိုမှမစုံစမ်းမစစ်ဆေးဘဲနဲ့ ငွေကြေးတွေကိုလက်ခံတယ်ဆိုတာလည်းမဟုတ်ပါဘူး။ အချက်အလက်ကိုတော့ မစစ်ဆေး၊ကာယကံရှင် ကိုယ်တိုင် လက်မှတ်မထိုးဘဲနဲ့တော့ ဝန်ဆောင်မှုပေးလို့မရပါဘူး။ ဒါကိုလည်းဘဏ်ဘက်ကစစ်ဆေးစိစစ်တဲ့ အဆင့်ဆင့်ရှိပါတယ်။ လုပ်ဆောင်ရန် အဆင့်ဆင့်ကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။ ဗဟိုဘဏ်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊တည်ဆဲဥပဒေများကိုအတိအကျလိုက်နာပါတယ်၊မေးလာရင်လည်းအချိန်မဆိုင်းဘဲဖြေကြားပေးပါတယ်။ ချမှတ်ထားတဲ့ တည်ဆဲဥပဒေများ၊ စည်းမျည်းစည်းကမ်းတို့ကိုကျွန်တော်တို့ ဘဏ်ဝန်ထမ်းတွေလေးစားလိုက်နာရပါတယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly