အီသီယိုပီးယား ဝန်ကြီးချုပ်သစ်၏ ပထမဆုံးလူထုစုရုံးပွဲတွင် လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွား

အီသီယိုပီးယား ဝန်ကြီးချုပ်သစ်၏ ပထမဆုံးလူထုစုရုံးပွဲတွင် လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွား

အက်ဒီးစ်အဘာဘာ၊ ဇွန် ၂၃ ။            ။ အီသီယိုပီးယားနိုင်ငံ မြို့တော် အက်ဒီးစ်အဘာဘာတွင် ဝန်ကြီးချုပ်သစ်၏ ပထမဆုံးလူထုစုရုံးမှုတွင် လက်ပစ်ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွား၍ လူဒါဇင်အချို့ ဒဏ်ရာရပြီး လူအုပ်ကြီးမှာ ကြောက်လန့်တကြား ထွက်ပြေးကြသည်။

ဝန်ကြီးချုပ် အဘီးအာမတ်က ထောင်ပေါင်းများစွာသော ပြည်သူများကို မိန့်ခွန်းပြောစဉ် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ကာ ဝန်ကြီးချုပ်က တက်သုတ်ရိုက် ထွက်ခွာခဲ့ပြီး မိန့်ခွန်းပြောရာ စင်မြင့်သို့ ထောက်ခံသူပြည်သူများ ဒရောသောပါး ပြေးလာကြသည်။

ထိုနောက်တွင် အဘီးအာမတ်က ရုပ်သံမှ မိန့်ခွန်းပြောရာ လူထုစုရုံးမှုကို ဖျက်ဆီးလိုသော အုပ်စုများက ဖောက်ခွဲမှုကို စီစဉ်ခြင်း ဖြစ်ကြောင်း ပြောသော်လည်း မည်သည့်အုပ်စုဟု နာမည်တပ် မပြောပေ။

“ငြိမ်းချမ်းရေးအင်အားကို ဖျက်လိုဖျက်ဆီး လုပ်လိုသူတွေပဲ။ ဒါမျိုးတွေ ဆက်လက်မလုပ်ဖို့ ခင်ဗျားတို့ လိုအပ်တယ်။ ခင်ဗျားတို့အနေနဲ့ အတိတ်ကလည်း မအောင်မြင်ခဲ့သလို နောင်မှာလည်း အောင်မြင်ဖို့ မရှိဘူး။”ဟု ၎င်းက ဆိုသည်။

ထိုပေါက်ကွဲမှုတွင် လူတစ်ချို့ သေဆုံးမှု ရှိကြောင်း ဝန်ကြီးချုပ်က ဆိုသော်လည်း ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဖစ်ဆမ်းအရီဂါက နောက်ပိုင်းတွင် သေဆုံးမှုမရှိကြောင်း တွစ်တာက ရေးသားသည်။

“ခုချိန်ထိ ရဲနဲ့ ဆေးရုံသတင်းတွေအရတော့ လူပေါင်း ၈၃ ဦး ဒဏ်ရာရတာ ရှိပါတယ်။ ဒီ ၈၃ ဦးမှာ ခြောက်ဦးကတော့ စိုးရိ်မ်ရတဲ့ အခြေအနေပါ။ သေဆုံးသူ သတင်း မကြားရသေးပါ။”ဟု အရီဂါက ရေးသည်။

ဝန်ကြီးချုပ်သစ် အဘီးအာမတ်သည် အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် ရာထူးမှ နုတ်ထွက်သွားသော ဟေးလမ်မာရီအမ်း နေရာအား ဆက်ခံခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်က စတင်ဖြစ်ပွားသည့် နိုင်ငံ၏ အကြီးဆုံး တိုင်းရင်းလူမျိုးစုနှစ်ရပ် ဦးဆောင်သည့် အစိုးရဆန့်ကျင်သော အဆိုပါ ဆန္ဒပြမှုများအတွင်း လူ ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly