လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၂ )

လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၂ )

မနေ့တုန်းက လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင်ခေါင်းစဉ်အောက်မှာ အချက်အလက်တချို့ စတင်ဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာကြီးပေါ်မှာ ဗဟုသုတရှာဖွေလိုသူ လူစွန့်စားတွေဆိုတာ အထူးသဖြင့် ကဗ္ဘာသစ်ကို ရွက်တပ်သဘောင်္တွေနဲ့ ပင်လယ်ပြင်ထွက် စွန့်စားခဲ့ကြသူတွေထဲမှာ ဒတ်ချ်လူမျိုးနဲ့ ပေါ်တူဂီလူမျိုးတွေက စတင်ခဲ့ကြတာဖြစ်ကြောင်း ကျနော်ပြောခဲ့ပါတယ်။

မှန်ပါတယ်။ ဒီတိုင်းပြည်က လူစွန့်စားတွေဟာ ကမ္ဘာသစ်ကိုရှာဖွေခဲ့ကြတာ ၁၅ ရာစုနဲ့ ၁၆ ရာစုအတွင်းဆိုတော့ကာ ကဗ္ဘာသစ်ကို စတင်တွေထိ သိရှိလာခဲ့တဲ့နှစ်ကာလ ဆိုတာ တကယ်တော့ လူ့သက်တမ်းနဲ့နှိုင်းယှဉ်ရင် ဘာမှမကြာလှသေးဘူးလို့ ပြောလို့ရမယ်ထင်ပါတယ်။ နှစ် ၅၀၀ ၀န်းကျင်လောက်ပဲရှိပါသေးတယ်။ ကျနော်တို့နိုင်ငံက ပုဂံခေတ်နှောင်းပိုင်းလောက်ကြမှ လူသားတွေဟာ ကမ္ဘာကြီးဟာ အပြားကြီးမဟုတ်ဘဲ လုံးဝန်းတဲ့ကဗ္ဘာဖြစ်တဲ့အကြောင်း၊ နေက ကမ္ဘာကိုပတ်နေတာမဟုတ်ဘဲ ကမ္ဘာကြီးကသာ နေကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ်ပါတ်ပြီး ရွေ့လျားနေတာဖြစ်ကြောင်း သိလာကြရတာပါ။

အသိညာဏ်ပညာနယ်ပယ်မှာ လူငယ်တွေဟာ ယေဘုယျအားဖြင့်ပြောရရင် လူကြီးတွေထက်တော့ နညး်ပါးကြရတာတော့ အမှန်ပါပဲ။ တခါတလေ လူငယ်တချို့က လူကြီးတွေထက် အသိညာဏ်ပညာဗဟုသုတ သာသွားတာမျိုး မရှိမဟုတ် ရှိတယ်ဆိုပေမယ့် အဲဒါက ချွင်းချက်ပါပဲ။ ယေဘုယျပြောရရင် လူကြီးတွေက လူငယ်တွေထက် ဗဟုသုတ သာကြတာပါပဲ။ လူငယ်တွေက လူကြီးတွေထက် ကံကောင်းတာတချက်တော့ရှိပါတယ်။ လူငယ်တွေဟာ လူကြီးတွေရဲ့ပခုံးပေါ်တက်ပြီး လူကြီးတွေထက် ပိုပြီးဝေး ပိုပြီးပြည့်စုံတဲ့ အမြင်ကို ရယူနိုင်ကြတာတော့ အမှန်ပါပဲ။ ဆိုရိုးစကားအရပြောရရင် အမြင့်ကိုရောက်လေ ပညာဗဟုသုတပိုပြီးရလေ မြင်ရလေဆိုတဲ့စကားဟာ မှန်ပါတယ်။

ကျနော််နေတဲ့မြို့မှာ အသက် ၂၅ နှစ်ဝန်းကျင်သာရှိသေးတဲ့လူငယ်တစ်ယောက်ဟာ လွန်ခဲ့တဲ့ သုံးနှစ်က စင်္ကာပူကိုသွားပြီး အလုပ်လုပ်ပါတယ်။ ပြန်လာတဲ့အခါ ငွေကြေးတစ်စုံတစ်ရာလည်း ပါလာပါတယ်။ သူဟာ သူစုစောင်းလာတဲ့ငွေကို အရင်းတည်ပြီး ရေသန့်စက်ရုံလေးတစ်ခု ထောင်ပါတယ်။ အခုတော့ သူဟာ အနီးအနားမြို့တွေအထိ ရေသန့်ဗူးပို့တဲ့အထိ လုပ်ငန်းအောင်မြင်တိုးတက်လာတာတွွေ့ရပါတယ်။ သူဟာ ငယ်ရွယ်သူဖြစ်ပေမယ့်လည်း ကိုယ့်ထက်တတ်ကျွမ်းမှုရှိတဲ့တိုင်းပြည်သွား အလုပ်လုပ်တဲ့အခါ ဒီအတိုင်းမနေဘဲ ရေသန့်ဗူးစက်ရုံလုပ်တဲ့ နည်းပညာကို လေ့လာခဲ့တာဖြစ်လို့ အခုတော့ စီးပွားရေးကောင်းမွန်တဲ့လူငယ်တစ်ယောက်ဖြစ်လာပါတယ်။

ဒီလို ဗဟုသုတရှာဖွေပြီး ဘဝသစ်ထူထောင်ကြတဲ့အလုပ်ဟာ ဘဝတင်မက ကမ္ဘာကြီးကိုပါပြောင်းလဲပစ်နိုင်တယ်ဆိုတာ သက်သေတွေတပုံတပင်ကြီးပါပဲ။

ကမ္ဘာဦးလူသားတွေဟာ မီးကို စတင်တွေ့ရှိ တီထွင်ဖန်တီးလို့ရလိုက်တဲ့အချိန်ကစပြီး လူ့ယဉ်ကျေးမှုကြီး အချိုးအကွေ့ကြီးတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုမြင့်မားတဲ့သတ္တဝါအမျိုးအစားတစ်ခုအဖြစ် တိရစ္ဆာန်တွေရဲ့ဘဝနဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် ကွာခြားမြင့်မားလာခဲ့တာ အားလုံးအသိပါပဲ။ ဒါဟာ မီးကို ဘယ်လိုနည်းနဲ့ ဖန်တီးယူလို့ရတယ်၊ မီးဟာ ရန်သူအဖြစ်က မိတ်ဆွေအဖြစ်ဖန်တီးလို့ရတယ်၊ မီးကို ကိုယ်လိုသလို နဖါးကြိုးထိုး ခိုင်းစေလို့ရတယ်ဆိုတာ တကယ်တော့ စူးစမ်းလိုစိတ်ရှိသူလူသားတစ်ဦး ဒါမှမဟုတ် တချို့ကြောင့် သိလာကြ တတ်လာကြရတာပါ။ ဆွေစဉ်မျိုးဆက် ကြောက်လန့်လာကြရတဲ့မီးကို ကိုယ့်ရဲ့အခိုင်းအစေအဖြစ် ပြောင်းပြန်ပြန်ပြီး အသုံးချလို့ရအောင် ပြောင်းလဲပစ်လိုက်နို်င်တာဟာ တကယ်တော့ ဗဟုသုတရှာဖွေလိုသူ လူတစ်ဦးကစခဲ့တာလို့ ပြောလို့ရပါတယ်။ ဒီလိုစဉ်းစားရင် ဗဟုသုတရှာဖွေဖြင်းဟာ လူသားရဲ့ဘဝနဲ့သမိုင်းမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ ခန့်မှန်းလို့ရမှာပါ။

တကယ်တော့ လူငယ်ရယ်လို့မဟုတ်ပါဘူး၊ လူသားရဲ့နဂိုလ်ဗီဇကို၌က အသစ်အဆန်းကို သိရှိချင် ထိတွေ့ချင်တဲ့စိတ် ရှိတော့ ရှိကြတာပါပဲ။ ဒါပေမယ့် ဗဟုသုတ ရှာဖွေစူးစမ်းလိုစိတ် သူများထက်ပိုရှိသူဟာ အဲဒီသူများထက်ပိုပြီး ပညာညာဏ် ကြီးမြင့်ကြတာပဲ ကွာသွားကြတာပါ။

ကောင်းပြီ။ ဗဟုသုတရှာဖွေကြသူတချို့ရဲ့ကျေးဇူးကြောင့် ကမ္ဘာကြီးပေါ်က လူတကာမသိသေးတဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေကို သိကြရတာလည်းရှိပါတယ်။ ဥပမာ ကျနော်တို့နိုင်ငံကို ဟံသာဝတီခေတ်က ရောက်လာဖူးကြတဲ့ ဥရောပတိိုက်သားတချို့ရဲ့ကျေးဇူးနဲ့ ကျနော်တို့ဟာ ကိုယ့်နိုင်ငံရဲ့သမိုင်းအဆင့်အတန်းကို အတ်ိအကျသိလာကြရတာရှိပါတယ်။ သမိုင်းကိုသိရင် ကိုယ့်လူမျိုး ဘယ်နေရာမှာ ဘယ်သူတွေထက် သာတယ်နိမ့်တယ်ဆိုတာ နှိုင်းယှဉ်သိ၊ သမိုင်းသင်္ခါန်းစာတွေယူလို့ရတဲ့အသိကို ယူကြရတာဖြစ်ပါတယ်။

အထင်ရှားဆုံး ဥပမာတစ်ခုပြောရမယ်ဆိုရင် ခရစ်သက္ကရာဇ် ၁၂၂၇ နှစ်တုန်းက ကမ္ဘာကျော် လူစွန့်စား မာကိုပိုလိုက တရုတ်မြန်မာစစ်ပွဲနဲ့ မြန်မာဘုရင့်အကြောင်း မှတ်တမ်းပြုစုရေးသားခဲ့တာတွေ့ကြရပါတယ်။

မြန်မာဘုရင် နရသီဟပတေ့မင်းလက်ထက်( တရုတ်နဲ့စစ်တိုက်လို့ စစ်ရှုံးလို့ ထွက်ပြေးရသူဖြစ်လို့ တရုတ်ပြေးမင်းဆိုပြီးလည်း မှတ်သားကြပါတယ်။ ပုဂံခေတ်ရဲ့နောက်ဆုံးမင်းဆက်လို့လည်းပြောလို့ရပါတယ်။ ) မြန်မာစစ်တပ်က ဆင်တပ်ကိုအားကိုးပြီး တရုတ်ဘုရင် ကူဗလိုင်ခန်က မြင်းတပ်ကိုအားကိုးခဲ့ကြပါတယ်။ မြန်မာစစ်တပ်က ဆင်တပ်ကိုရှေ့ကထားပြီး စစ်တိုက်ကြပါတယ်။ ဆင်ကောင်ရေတစ်သောင်းပါတဲ့ မြန်မာစစ်တပ်ဟာ အစပိုင်းမှာ တရုတ်တပ်ကို နိုင်ခဲ့ပါသတဲ့။ မြင်းတွေဟာ စစ်တွေကိုလန့်ပြီး တရုပ်တတ် ပြန်ဆုတ်ရတယ်လို့ဆိုပါတယ်။ နောက်တော့ တရုတ်တပ်က ၀ါးပင်တွေကို မီးပုံရှို့ကြ အသံတွေဆူညံအောင်လုပ်တော့ အသံနဲ့မီးကိုကြောက်တဲ့ မြန်မာဆင်တပ် ပျက်ပြီး ကိုယ့်တပ်ကို ကိုယ်ပြန်နင်းသလိုဖြစ်ပြီး မြန်မာတွေ စစ်ရှုံးရတဲ့အကြောင်း ထည့်ရေးခဲ့ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖွယ်ဖြစ်တဲ့အချက်က မြန်မာဆင်တပ်ဖွဲ့စည်းပုံမှာ တိုက်ဆင်တစ်ကောင်စီမှာ စစ်သား ၁၂ ဦးမှ ၁၆ ဦးအထိပါလာတာတွေ့ရတယ်ဆိုတဲ့အချက်ပါပဲ။ တချို့က ဆင်ကြောပေါ်ကလိုက်ပြီး တချို့က မြေပေါ်ကဝန်းရံပြီး လိုက်ကြပုံရပါတယ်။ ဆင်ကြောပေါ်မှာ သစ်နဲ့ဆောက်ထားတဲ့ ရဲတိုက်လိုအဆောက်အဦးပါရှိပြီး မြန်မာစစ်သားတိုင်း လေးနဲ့မျှား ဒိုင်းး၊ ကာ၊ ဓါး ကိုယ်စီကိုင်ဆွဲထားကြကြောင်းလည်း အတိအကျ မှတ်သားဖွယ်ရေးထားခဲ့ပါတယ်။ ဘုရင်က ဆင်ဖြူတော်ကိုစီးတဲ့အကြောင်း သူစီးတဲ့ဆင်ဖြူတော်ရဲ့လည်မှာ အဖိုးတန်ကျောက်မျက်ရွဲများနဲ့စီချယ်ထားတဲ့ ရွှေဆွဲကြိုးကြီးဆွဲထားတဲ့အကြောင်း၊ မြန်မာတွေဟာ တလင်တမယားစံနစ်ကိုပဲ ကျင့်သုံးကြတဲ့အကြောင်း၊ ရုပ်တုကိုးကွယ်ကြကြောင်း အစရှိတဲ့ သာမာန်လူတွေရဲ့ယဉ်ကျေးမှုစရိုက်တချို့ကိုပါ ထည့်ရေးခဲ့တာတွေ့ရပါတယ်။

ဒီမှတ်တမ်းဟာ ဗဟုသုတ ရှာဖွေလိုစိတ်ရှိသူ ဥရောပတိုက်သားတစ်ဦးရဲ့ မှတ်တမ်းပါပဲ။ သူ့မှတ်တမ်းကြောင့် ကျနော်တို့တတွေဟာ တရုပ်မြန်မာ ငဆောင်းချမ်းစစ်ပွဲ အကြောင်း အသေးစိတ်သိခဲ့ကြရပြီး သမိုင်းသင်္ခါန်းစာတွေယူလို့ရခဲ့ကြပါတယ်။ ကိုယ့်လူမျိုးရဲ့ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ၀န်းကျင်က ယဉ်ကျေးမှုအဆင့်အတန်းအခြေအနေကိုလည်း အတိအကျခန့်မှန်းလို့ ပိုရလာစေခဲ့ပါတယ်။

ဒါဟာ ဗဟုသုတ ကြောင့် ရလိုက်တဲ့ အကျိုးအမြတ်တွေပါပဲ။ လူငယ်တွေဟာ အဲဒီလို ဗဟုသုတရှာဖွေကြတဲ့အခါ မာကိုပိုလိုလို ပင်လယ်ပြင်ထွက် အခုလို ရွက်သင်္ဘောတွေနဲ့ ခရီးထွက်ပြီး ရှာဖွေဖို့တိုက်တွန်းတာမဟုတ်ပါဘူး။ မာကိုပိုလိုရဲ့ ဗဟုသုတရှာဖွေလိုစိတ် ပြင်းပြမှုကို အတုယူကြဖို့ကိုသာ တိိုက်တွန်းလိုခြင်းဖြစ်ပါတယ်။ ဗဟုသုတအသစ်တွေကြောင့် ရရှိလာစေတဲ့ အကျိုးကျေးဇူးတချို့ကို ပြောပြခဲ့တာပါ။

ကဲ နောက်တစ်နေ့ဆက်ကြသေးတာပေါ့။

လူငယ်များ ဗဟုသုတရှာဖွေဆည်းပူးလိုစိတ် ပြည့်ဝကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

လူငယ်နဲ့ ဗဟုသုတရှာဖွေမှု မိုးကောင်းကင် (၁ )

Mizzima Weekly