လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၄ )

လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၄ )

မိုးကောင်းကင်ကို ခင်ဗျားတို့ မြင်ဖူးကြမှာပါပဲ။ မေးခွန်းတစ်ခုမေးချင်ပါတယ်။ ခင်ဗျားတို့မြင်ဖူးတဲ့မိုးကောင်းကင်ဟာ အမြဲတန်းတစ်ရောင်ထဲပဲခြယ်တဲ့ မိုးကောင်းကင် ဟုတ်ပါရဲ့လား။

မိုးကောင်းကင်တို့မည်သည် အစဉ်အမြဲ အရောင်ပြောင်းသွားနေလေ့ရှိပြီး ဘယ်တော့မှတစ်ရောင်ထဲမရှိဘဲ အရောင်စုံကောင်းကင်တစ်ခုအနေနဲ့ ဖြစ်နေတတ်တာ အားလုံးအသိပါပဲ။ မိုးကောင်းကင်တစ်ခုရဲ့ သဘောသဘာဝမှာ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။ အစဉ်အမြဲ ပြောင်းလဲနေတတ်တာရယ် တစ်ရောင်ထဲအမြဲမရှိဘဲ အရောင်စုံကောင်းကင်တစ်ခုအဖြစ်နဲ့သာ ပြောင်းလဲဖြစ်တည်နေတဲ့သဘာဝ ရှိပါတယ်။

အခု ကျနော်က ဒီတစ်ခါ ကျနော့်ဆောင်းပါးတွေကို လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ဆိုပြီးပေးခဲ့ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ဟာ ဗဟုသုတကို တိုးတက်အောင် အမြဲစုဆောင်းလေ့လာနေကြရမှာဖြစ်ပြီး ဗဟုသုတကိုလည်း တမျိုးတမည်တည်းနဲ့ တင်းတိမ်မနေကြဘဲ ဗဟုသုတမျိုးစုံကို လေ့လာမှတ်သားကြရမယ့်သဘောပါပဲ။ ဒီခေါင်းစဉ် ချွင်းချက်အနေနဲ့ တစ်ခုပဲဖြည့်စွက်ပြီးပြောချင်တာကတော့ ဗဟုသုတမျိုးစုံ ရှာကြရတာမှန်ပေမယ့် နောက်ဆုံးမတော့ ကိုယ်နဲ့သင့်တော်မယ့် ကိုယ်စိတ်ဝင်စားမှု အရှိဆုံးဘာသာရပ်ကိုတော့ အထူးပြုလေ့လာသင်ယူကြရမှာဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ဖြည့်စွက်ပြီးပြောလိုက်ချင်ပါတယ်။

တခါတုန်းက ကျနော်ဟာ မီဒီယာတစ်ခုမှာ အယ်ဒီတာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ်က တခြားလူငယ်အယ်ဒီတာတစ်ဦးနဲ့ဆုံဖူးပါတယ်။ သူဟာ ဗဟုသုတရှာမှီးဖို့ ရှက်တတ်ပါတယ်။ ဆိုလိုတာက သူမသိတဲ့အချက်အလက်တချို့ကို သိမယ်တတ်မယ်ထင်ရတဲ့သူဆီမှာ မေးရမြန်းရမယ့်အလုပ်ကို သိမ်ငယ်တဲ့အလုပ်လို့ထင်နေတတ်ပါတယ်။ ပိုပြီး အားနည်းတဲ့အချက်က အဲဒီ အဲဒီအချက်အလက်ကို သူသိတယ်၊ ဒါမှမဟုတ် သိသလောက်နဲ့ ပြည့်စုံမှန်ကန်ပြီလို့ သူ့ကိုယ်သူ ထင်ထားတဲ့အားနည်းချက်ပါပဲ။ ဒီတော့ သူတည်းဖြတ်ရမယ့် အကြောင်းအရာတစ်ခုကို မမှန်မကန် ဒါမှမဟုတ် ပြည့်စုံအောင် မတည်းဖြတ်နိုင်ဖြစ်ရပါတယ်။

ဥပမာ လာအိုနိုင်ငံနဲ့ပတ်သက်တဲ့ ဆောင်းပါး သို့မဟုတ် သတင်းတစ်ခုကို တည်းဖြတ်တဲ့အခါ လက်ရှိဒီကနေ့ လာအိုနိုင်ငံရဲ့အခြေအနေကိုပဲ သိထားပြီး အတိတ်က ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင်က လာအိုနိုင်ငံရဲ့အခြေအနေကို သူမသိပါဘူး။ သူဟာ အဲဒီ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က လာအိုနိုင်ငံအကြောင်း တီးမိခေါက်မိထားမယ်ဆိုရင် သူတည်းဖြတ်နေရတဲ့ ဆောင်းပါး ဒါမှမဟုတ် သတင်းကို သည့်ထက်ပိုပြီး မှန်ကန်အောင် ကောင်းအောင် တည်းဖြတ်နိုင်လိမ့်မယ်ဆိုတာတော့ သူသိပါတယ်။ ဒါပေမယ့် သူက သူမသိတာကို သူများမသိစေချင်တာရယ်ကြောင့် ဘယ်သူ့ကိုမှမမေးမမြန်းတော့ပဲ အဲဒီဆောင်းပါး သို့မဟုတ် အဲဒီသတင်းကို တော်ရုံတန်ရုံတည်းဖြတ်ပြီး လွှတ်ပေးလိုက်ပါတော့တယ်။

သူ အခုလိုလွှတ်ပေးလိုက်တဲ့ ဆောင်းပါး သို့မဟုတ် သတင်းနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှုနှစ်ခု ကပ်ပါသွားပါတယ်။ ပထမအချက်က စာဖတ်သူတွေကို တတ်နိုင်သမျှ ပြည့်စုံတဲ့ဆောင်းပါး  ဒါမှမဟုတ် သတင်းတစ်ခုအဖြစ် စီစဉ်တည်းဖြတ်ပေးရမယ် အရေးအကြီးဆုံးတာဝန်ကို သူ့ဘက်က ပျက်ကွက်သွားရတဲ့ အကျိုးသက်ရောက်မှု ရှိလာပါတယ်။ နောက်တစ်ချက်ကတော့ ဒီလို ဗဟုသုတရှာဖွေခြင်း သိမ်ငယ်တတ်တဲ့ မှားယွင်းတဲ့အမြင်ကြောင့် ဘယ်တော့မှ တော်တဲ့ ပြည့်ဝတဲ့ အယ်ဒီတာတစ်ဦးဖြစ်လာမှာမဟုတ်ဘဲ ဒါမှမဟုတ် ကျွမ်းကျင်တဲ့အယ်ဒီတာကောင်းတစ်ယောက်ဖြစ်ဖို့ မလွဲမသွေ အချိန်ကြာမြင့်တော့မှာဖြစ်ကြောင်းဆိုတဲ့ အကျိုးသက်ရောက်မှုပါပဲ။ တကယ်တော့ ဘယ်သူမဆို အကုန်လုံးသိထားတတ်တာမျိုးမဟုတ်ပေမယ့် အယ်ဒီတာတစ်ယောက်အနေနဲ့တော့ ဘာသာရပ်အစုံတီးမိခေါက်မိထားရင် အကောင်းဆုံးဖြစ်ပြီး ကိုယ်ကိုင်တွယ်ဆောင်ရွက်ရတဲ့အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် တီးမိခေါက်မိထားရင်တော့ အကောင်းဆုံးပါပဲ။

ဒါကတော့ အလျဉ်းသင့်တုန်း စကားချပ်အနေနဲ့ ဆွေးနွေးလိုက်တာသာဖြစ်ပါတယ်။ ဗဟုသုတရှာဖွေတဲ့နေရာမှာ ချို့ယွင်းချက်ရှိတတ်တဲ့သဘော ပြောလိုက်တာပါပဲ။

ကဲ ဗဟုသုတ ရှာဖွေခဲ့ကြလို့ ဗဟုသုတရှာဖွေတဲ့နေရာမှာ သာမာန်လူတွေလိုမဟုတ်ဘဲ စွန့်စွန့်စားစား ထူးထူးချွံချွံရှာဖွေခဲ့ကြလို့ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့အမွေတွေပေးနိုင်ခဲ့တဲ့အကြောင်း ဆက်ကြရအောင်။

မှန်ပါတယ်။ လူသားရဲ့သမိုင်းမှာ ကိုယ့်ဇာတိနယ်မြေနဲ့ဝေးရာ ကမ္ဘာအနှံ့ခြေဆန့်ပြီး ဗဟုသုတရှာဖွေကြတဲ့သမိုင်းဟာ တကယ်တော့ ဘာမျှမကြာလှသေးဘူးလို့ ကျနော်ပြောခဲ့ပါတယ်။ နှစ်ပေါင်း ၅၀၀ ၀န်းကျင်ပဲရှိပါသေးတယ်။ ဒါပေမယ့်လည်း ကမ္ဘာကြီးဟာ အပြားကြီးမဟုတ်ဘဲ အလုံးကြီးသာဖြစ်တယ်ဆိုတဲ့ယူဆချက်ကို လက်တွေ့ကျကျ သက်သေပြနိုင်တဲ့အတွေ့အကြံုဗဟုသုတကတော့ တကယ့်ကို တန်ဘိုးကြီးလှပါတယ်။

ထပ်ပြီးပြောရရင် ကျနော်တို့နိုင်ငံရဲ့သမိုင်းရေးဆိုင်ရာအချက်တချို့ဟာ အဲသလို လူစွန့်စားတချို့ရဲ့ကျေးဇူးကြောင့် ပိုပြီးပြည့်စုံအောင်သိလာရတယ်ဆိုတဲ့အချက်က စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဥပမာ တောင်ငူခေတ်ရဲ့ရှေ့ဆောင်မင်းတစ်ပါးဖြစ်တဲ့ ဟံသာဝတီ(ပဲခူး)ဘုရင် ဘုရင့်နောင်မင်းနဲ့ပတ်သက်ပြီး အီတလီလူမျိုး ဆီဇာဖရက်ဒရစ် ကိုယ်တွေ့ရေးသားထားခဲ့တဲ့မှတ်တမ်းအပေါ်မူတည်ပြီး ကျနော်တို့နိုင်ငံ ကျနော်တို့လူမျိုး ကျနော်တို့ယဉ်ကျေးမှုအခြေအနေကို ခန့်မှန်းလို့သိရှိနိုင်ကြရတာ အမှန်ပါပဲ။ ဖရက်ဒရစ်က ဘုရင့်နောင်မင်းနဲ့ပတ်သက်ပြီးရေးခဲ့တဲ့ ဗဟုသုတအချက်အလက်တစ်ခုတည်းနဲ့တင် ကျနော်တို့လူမျိုးသည်လည်း ကမ္ဘာပေါ်မှာ ဘယ်လိုအင်အား ဘယ်လိုစုစည်းမှု ဘယ်လိုယဉ်ကျေးမှုမျိုးနဲ့ ရပ်တည်ခဲ့ကြတယ်ဆိုတာ ဂုဏ်ယူရလောက်အောင် သိခဲ့ကြရပါတယ်။ အေဒီ ၁၅၈၇ ခုနှစ်အတွင်း ဟံသာဝတီကိုရောက်လာရင်းရေးခဲ့တဲ့မှတ်တမ်းမှာ ဘုရင့်နောင်မင်းသည် မြင်း ၁၆ ကောင်ကသော ရွှေချပြာဿဒ်တော်ပါရှိတဲ့ ရထားကိုစီးတဲ့အကြောင်း၊ ရထားရဲ့နောက်က မှူးမတ် ၂၀ က ရထားကြိုးကိုဆွဲကိုင်ပြီးလိုက်ရတဲ့အကြောင်း၊ ရထားဘေး မျက်နှာစာ ၄ ဘက်မှာ လူယုံတော် မှူးမတ် ၄ ဦး၊ ရထားရှေ့တည့်တည့်မှာ စစ်သည်တော်များ မူးမတ်များ၊ အအုပ်ချုပ်ခံနယ်ပယ်များရဲ့ အကြီးအမှူးများ ခြံရံလိုက်ပါပြီးမှ အပြင်ထွက်လေ့ရှိကြောင်း ရေးခဲ့ပါတယ်။ နေ့စဉ်မပြတ် ရှင်ဘုရင်သည် တိုင်းသူပြည်သားတို့၏ အမှုအခင်းများကို ကြားနာဆုံးဖြတ်တဲ့အကြောင်း၊ လွှတ်ရုံး ရာဇပလ္လင်တွင် ဘုရင်ကထိုင်ပြီး သူ့အောက်တွင် မှူးမတ်များနဲ့ ဘုရင့်နားတော်တင်ရန် စောင့်ဆိုင်းနေကြတဲ့ အမှုသည်များက လက်ထဲတွင်အမှုနဲ့ပတ်သက်ပြီးရေးထားတဲ့ပေစာရွက်ကိုကိုင်လျက် အမှုရဲ့တန်ဘိုးအလိုက် လက်ဆောင်ပဏ္ဍာများကိုင်လျက် တန်းစီပြီးထိုင်ကြရကြောင်း၊ ရုံးတော်အရာရှိများက ပေစာရွက်များကိုယူပြီး ဖတ်ပြရတဲ့အကြောင်း၊ ဘုရင်က သူတို့လျှောက်သည့်အမှုများ သင့်သည်ဟု ယူဆလျင် သူတို့ယူလာသော လက်ဆောင်ပဏ္ဍာများကို သိမ်းယူပြီး မသင့်ဟုယူဆလျင် ထိုလက်ဆောင်ပဏ္ဍာများကို မသိမ်းဘဲ ပြန်ပေးတတ်ကြောင်း အသေးစိတ်ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီရေးသားချက်က ဘာအကျိုးအမြတ်ရသလဲဆိုတော့ အဲဒီ ဟံသာဝတီခေတ် ဘုရင်တစ်ပါးရဲ့ အဆောင်အယောင်အခမ်းအနားဟာ ဘယ်လောက်အထိ ရှိခဲ့တယ်ဆိုတဲ့အချက်နဲ့ ဘုရင့်နောင်ဘုရင်လက်ထက် တရားစီရင်ရေးအနေအထား အဆင့်အတန်းကိုကျနော်တို့ သိလိုက်ကြရတဲ့အချက်ဖြစ်ပါတယ်။

ဖရက်ဒရစ်ရဲ့မှတ်တမ်းအရဆိုလျင် ဘုရင့်နောင်မင်းဟာ အော်တိုမန်ဘုရင်ထက် ပိုပြီးဓနအင်အားပိုကြီးတာ၊ ခြေလျင်စစ်သားအင်အားပိုရှိတာကိုလည်း ကျနော်တို့သိလိုက်ရပါတယ်။ ဖရက်ဒရစ်ဟာ သူ သွားခဲ့လာခဲ့တဲ့ခရိီး အတွေ့အကြံုတွေကို သူတင်မက သူ့နိုင်ငံ သူလူမျိုးတွေကိုပါ သိစေချင်လို့ အဲသလိုမှတ်တမ်းရေးခဲ့တာဖြစ်တယ်ဆိုပေမယ့် တကယ်တော့ သူတို့နိုင်ငံသူတို့ဒေသ သူတို့လူမျိုးအခြေအနေနဲ့ မြန်မာတို့ရဲ့အခြေအနေကို သူရှာဖွေလာတဲ့အချက်အလက်ဗဟုသုတအပေါ်မူတည်ပြီး နှိုင်းယှဉ်တွက်ချက်မိအောင် ရေးတဲ့သဘောဖြစ်ခဲ့ပါတယ်။ ဒီလိုအချက်အလက်တွေဟာ ကမ္ဘာကြီးပေါ်က လူမျိုးတွေ အချင်းချင်းဆက်ဆံမှု ပိုပြီးဖြစ်လာစေတာလည်း အမှန်ပါပဲ။ နောက်ဆုံး ဗဟုသုတပြည့်စုံလာတဲ့အခါ အင်္ဂလိပ်တွေဟာ ကျနော်တို့နိုင်ငံရဲ့အခြေအနေကိုသိပြီး နိုင်အောင်စစ်တိုက်ပြီး ကျွန်နိုင်ငံအဖြစ်သိမ်းယူခဲ့တာပါပဲ။ စစ်တိုက်တဲ့အခါ ရန်သူ့အကြောင်းပိုသိတဲ့သူက စစ်ပွဲကို မတိုက်ရခင်ကတည်းက တဝက်အနိုင်ရထားပြီးဖြစ်တယ်ဆိုတဲ့စကားဟာ ဗဟုသုတရဲ့အရေးပါမှုကို ဖေါ်ပြတဲ့သဘောပါပဲ။

ဒီနေရာမှာ ဗဟုသုတနည်းပါးလှတဲ့ ကျနော်တို့နိုင်ငံက ဘုရင်တွေ၊ တာဝန်ရှိသူတွေဟာ ကမ္ဘာကြီးပေါ်က အခြားတပါးသောတိုင်းနိုင်ငံတွေရဲ့အခြေအနေကို အမှန်အတိုင်းမသိနိုင်ကြလို့ အင်္ဂလိပ်် အမြှောက်တင်စစ်သဘောင်္တွေ မန္တလေးမြို့ ဂေါ၀န်ဆိပ်ကမ်း မေးတင်လိုက်တဲ့အခါကြမှ ပြာယာခတ်ကုန်ကြရတဲ့အဖြစ်ဟာ ဗဟုသုတ အားနည်းခြင်း၊ ဗဟုသုတအားနည်းတော့ နှို်င်းယှဉ်ချင့်ချိန်နိုင်ဖို့ မရနိုင်ခြင်းအပြင် ကိုယ့်ကိုယ်ကို တဖက်သတ်အထင်ကြီးမာန်တက်နေရတာနဲ့ပဲ အချိန်ကုန်ရင်း နောက်ဆုံးမှာ တိုင်းပြည်ပါဆုံးရှုံးရတဲ့ဘဝ ရောက်ရတော့တာပါပဲ။

ဒါဟာ ဗဟုသုတအားနည်းခြင်းဆိုတဲ့အချက်က အဓိကကျခဲ့တဲ့ သင်ခန်းစာယူဖွယ် သမိုင်းအဖြစ်အပျက်တွေပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

နောက်နေ့တွေမှာ ကျနော်တို့ ဆက်ပြီးဆွေးနွေးကြသေးတာပေါ့။ လူငယ်တွေ ဗဟုသုတ ကြွယ်ဝအောင် လုပ်နိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

  1. လူငယ်နဲ့ ဗဟုသုတရှာဖွေမှု မိုးကောင်းကင် (၁ )

  2. လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၂ )

  3. လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ( ၃ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly