FDA အရာရှိအား အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသူ အယူခံတင်မည်ဆို

FDA အရာရှိအား အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသူ အယူခံတင်မည်ဆို
သေဒဏ်အမိန့်ချမှတ်ခံရသည့် မျိုးဇော်ဦး(ခ) ဆီဒိုးနား။ ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၂၃ ။          ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းအား အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် သေဒဏ် ချမှတ်ခံရသော မျိုးဇော်ဦး (ခ) ဆီဒိုးနားက အယူခံတင်သွားမည်ဖြစ်ကြောင်း မျိူးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေက ပြောသည်။

မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား လက်ရှိတွင် အင်စိန်ဗဟိုအကျဉ်းထောင်တွင် ထိန်သိမ်းထားပြီး မျိူးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ဇွန်လ ၂၄ ရက်နေ့တွင် သွားရောက် တွေ့ဆုံကာ အယူခံတင်မည်ကိစ္စအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဇ္စျိမသို့ ပြောသည်။

“အယူခံတင်မှာပါ။ ထောင်က နေပဲ မနက်ဖြန်တင်လိမ့်မယ်။ အယူခံတင်ရင် အများကြီး ပြောင်းလဲနိုင်တာပေါ့။ တချို့အမှုတွေက တသက် တကျွန်းကနေ ဆယ်နှစ်ကျော်တွေဖြစ်သွားတာရှိတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

“သတ်ဖို့ ကြံစည် ထားတဲ့ တင်ကူးကြံရွယ်ချက်လည်းမရှိဘဲ ဖြစ်သွားတာဆိုတော့ ပြစ်ဒဏ်က လျော့သွားမှာပါ။ လျှော့ဖို့လည်း သင့်တယ်”ဟုလည်း ဆိုသည်။ ကနဦးအနေဖြင့် ရန်ကုန်တိုင်းတရားရုံးနှင့် ဗဟိုတရားရုံးသို့ အယူခံစာတင်သွားမည်ဖြစ်ပြီး ပြီးနောက်  နိုင်ငံတော်သမ္မတထံသို့ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း သိရသည်။

FDA မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းထံမှ ရွှေထည်ပစ္စည်းလုယက်မှု၊ မုဒိမ်းကျင့်မှု၊ ဓမ္မတာနှင့်ဆန့်ကျင်သည့် ကာမစပ်ယှက်မှုများကျူးလွန်ခဲ့သည့် အပြင် လူသတ်မှုကိုပါကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် မျိုး ဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီးက ဇွန်လ ၂၂ ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂(၁)(ဂ)အရ သေဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်ခဲ့သူ မျိုးဇော်ဦး(ခ) ဆီဒိုးနား ဆိုသူ၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်၊ ည ရ နာရီ၊ မိနစ် ၄ဝ ခန့်အချိန်တွင်  လှည်းတန်းလမ်းဆုံအနီး၊ အမျိုးသမီးတစ်ဦးက ၎င်း၏ တက္ကစီအား ငှားရမ်းခဲ့ပြီး ဒဂုံမြို့နယ်ရှိ သူမ၏ နေအိမ်သို့ မောင်းခိုင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမျိုးသမီးက ကားပေါ်တွင်လိုက်ပါလာစဉ် ယာဉ်စီးခနှင့် ပတ်သက်ပြီးစျေးဆစ်ရာမှာ စကားများခဲ့ပြီး မျိုးဇော်ဦးက အမျိုးသမီးလည်ပင်းကို ညှစ်ခဲ့ကြောင်း၊ ထိုသို့ လည်ပင်းညှစ်ရာမှ အမျိုးသမီးက သတိလစ်သွားသဖြင့် မျိုးဇော်ဦးက ၎င်း၏ နေအိမ်ရှိရာ ဒဂုံမြို့သစ်မြောက်ပိုင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အမှောင်ရိပ်တစ်ခုရောက်သည့်အချိန်တွင် အမျိုးသမီးက သတိပြန်ရပြီးအော်သဖြင့် ကားပေါ်အသင့်ပါလာသည့် ဝက်အူလှည့်ဖြင့် လည်ပင်းကိုတစ်ချက်ထိုးခဲ့ပြီး မသေဆုံးမီ သားမယားပြု ကျင့်ခဲ့ခြင်းဖြစ်သည်ဟု မျိုးဇော်ဦးက ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သားမယားပြုကျင့်ပြီးနောက် အမျိုးသမီးကို မြောက်ဒဂုံမြို့နယ်၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း၊ ဖူဆယ်မိုး လုံလေလုံအားကစားရုံအနီးရှိ ကုလားမန်ကျည်းပင်အောက်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိူးသမီး၏ ရုပ်အလောင်းကို ယင်းနေရာ၌ ဇန်နဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ အသက် ၂၅ နှစ်အရွယ်ခန့်ရှိ မရွှေရည်ဝင်း(ခ) ရွှေရည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်အတွင်း မုဒိမ်းမှုဖြစ်ပွားမှုနှုန်း အမှုပေါင်း ၁၁ဝဝ ထိရှိပြီး ၂ဝ၁၇ ခုနှစ်တွင် ၁၄ဝ၅ မှုထိ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ၂ဝ၁၇ ခုနှစ်တွင် မုဒိမ်းမှုဖြစ်ပွားမှုနှုန်းမှာ ၂ဝ၁၆ ခုနှစ်ထက် ၃ဝ၅ မှုထိတိုးလာကြောင်း တွေ့ရသည်။

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှုဖြစ်ပွားမှုနှုန်း ၂၇ဝ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၄၃ မှုဖြင့် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၄ မှုဖြင့် မုဒိမ်းမှု တတိယ အများဆုံး ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly