အိန္ဒိယတောခေါင်းတစ်ဦး စပါးအုံးမြွေနှင့် ဆယ်လ်ဖီရိုက်စဉ် မြွေက ရစ်ပတ်ညှစ်ခဲ့လို့ အသည်းအသန် ရုန်းခဲ့ရ

အိန္ဒိယတောခေါင်းတစ်ဦး စပါးအုံးမြွေနှင့် ဆယ်လ်ဖီရိုက်စဉ် မြွေက ရစ်ပတ်ညှစ်ခဲ့လို့ အသည်းအသန် ရုန်းခဲ့ရ

ဇွန် ၂၃ ။         ။ အိန္ဒိယနိုင်ငံက သစ်တောတာဝန်ရှိသူ တောခေါင်းတစ်ဦးဟာ စပါးအုံးမြွေကြီးတစ်ကောင်နဲ့ ဓာတ်ပုံတွဲရိုက်ဖို့ လုပ်နေစဉ်မှာပဲ မြွေကြီးရဲ့ ရစ်ပတ်ညှစ်မှုကို ခံခဲ့ရလို့ အသည်းအသန် ရုန်းခဲ့ရတယ်လို့ သိရပါတယ်။

ယင်း ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်က အိန္ဒိယ အနောက် ဘန်ဂေါဒေသ ကျေးရွာတစ်ခုက ရွာသားတွေက အလေးချိန် ကီလို ၄၀ မျှ ရှိတဲ့ စပါးအုံးမြွေကြီးတစ်ကောင် ဆိတ်တစ်ကောင်ကို အရှင်လတ်လတ် မျိုနေတာကို တွေ့ခဲ့လို့ တောခေါင်း ဖြစ်သူ ဆန်ဂျေး ဒက်တာ ဆိုသူကို အကြောင်းကြား လှမ်းခေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမှာ တောခေါင်းဖြစ်သူ ဆန်ဂျေး ရောက်လာပြီး မြွေကြီးကို ဖမ်းခဲ့ပါတယ်။ အဲဒီနောက် ဆန်ဂျေးဟာ မြွေကြီးကို ဘေးကင်းအောင် အိတ်တစ်ခုထဲ ထည့်ရမယ့် အစား သူ့လည်ပင်းပေါ် ထမ်းတင်ပြီး ရွာသားတွေနဲ့အတူ ဓာတ်ပုံရိုက်ဖို့ လုပ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာပဲ မြွေကြီးက ဆန်ဂျေးရဲ့ လည်ပင်းကို ရစ်ပတ်ညှစ်ဖို့ လုပ်ခဲ့တာကြောင့် ၎င်းအနေနဲ့ အသည်းအသန် ဖယ်ထုတ်ခဲ့ရပါတယ်။

အဲဒီလို မြွေရဲ့ ရစ်ပတ်မှုကို ခံခဲ့ရပေမယ့် ဆန်ဂျေးအနေနဲ့ ဒဏ်ရာမရခဲ့ဘဲ မျက်နှာသာ အနည်းငယ် နီမြန်းသွားခဲ့ပါတယ်။

ယခုလို တောခေါင်းဖြစ်သူ ဆန်ဂျေးရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဘန်ဂေါ သစ်တော ဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဆန်ဂျေးကတော့ သူ့အနေနဲ့ မြွေကြီးကို ရွာသားတွေ သတ်ဖြတ်ပစ်မယ့် ဘေးကနေ ကယ်တင်ခဲ့လိုရုံသက်သက်သာ ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly