အန္တရယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတွင်း အမြန်ရေယာဉ်များအစား သင်္ဘောများ ပြေးဆွဲမည်

အန္တရယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတွင်း အမြန်ရေယာဉ်များအစား သင်္ဘောများ ပြေးဆွဲမည်

မုံရွာ၊ ဇွန် ၂၃။            ။ ချင်းတွင်းမြစ်ရေကြီး၍ ဝဲဂယက်များအန္တရာယ်ကြောင့် အမြန်ရေယာဉ်များ ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းထားရာ သင်္ဘောများဖြင့် ယာယီအစားထိုး ပြေးဆွဲပေးသွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလေးနိုင်က ပြောသည်။

"ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းပြီး ပြေးဆွဲတာဖြစ်ပါတယ်။ မုံရွာနဲ့ဟုမ္မလင်းအထိပဲ ပြေးဆွဲနိုင်တာပါ" ဟု ဦးလေးနိုင်က ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ဟုမ္မလင်းမြို့တို့ အား တစ်ပတ်လျှင်နှစ်ရက်သာ ပြေးဆွဲသွားမည်ဖြစ်ပြီး သင်္ဘောနှစ်စီးအသုံးပြု ပြေးဆွဲသွားမည်ဖြစ်သည်။

ချင်းတွင်းမြစ်ရေကြီး၍ ဝဲဂယက်များအန္တရာယ်ကြောင့် အမြန်ရေယာဉ်များ ပြေးဆွဲမှုရပ်နားချိန်တွင် သင်္ဘောများ ပြေးဆွဲခြင်းဖြစ်ပြီး ရေကြောင်းခရီးသွားလာ သူများအဆင်ပြေစေရန်အတွက် စီစဉ်ခြင်းဟုလည်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနခွဲမှ လက်ထောက် ရေကြောင်းဌာနမှူးချုပ် ဦးသန်းထွန်းက ပြောသည်။

"ချင်းတွင်း မြစ်ရေကြီးချိန်ဆိုရင် အမြန်ရေယာဉ်တွေက ပြေးဆွဲမှုရပ်နားတယ်။ အဲ့ဒီအချိန်မှာ သင်္ဘောတွေ ပြေးဆွဲပေးခြင်းအားဖြင့် ရေကြောင်းသွားလာသူတွေ အတွက်အဆင်ပြေမယ်"ဟု ပြောသည်။

မုံရွာမြို့နှင့် ဟုမ္မလင်းမြို့သည် ၃၂၇ မိုင် ကွာဝေးပြီး မုံရွာ-ဟုမ္မလင်း အဆန်ခရီးအား အပတ်စဉ် တင်္နလာနေ့နှင့် ကြသပတေး နေ့များတွင်လည်းကောင်း၊ ဟုမ္မလင်း-မုံရွာ အစုန်ခရီးအား အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် လည်းကောင်း ပြေးဆွဲသွားမည်။

လူဦးရေ ၄၀၀ ကျော်လိုက်ပါနိုင်ပြီး ကုန် ၂၃၀ တန် တင်ဆောင်နိုင်သော သင်္ဘောတစ်စီးနှင့် လူဦးရေ ၂၀၀ နီးပါး လိုက်ပါနိုင်ပြီး ကုန် ရ၀ တန် တင်ဆောင်နိုင်သော သင်္ဘောတစ်စီးစီတို့ ပြေးဆွဲကြမည်ဖြစ်သည်။ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းပြေးဆွဲခြင်းဖြစ်၍ ငှားရမ်းသူက ဟုမ္မလင်းမြို့ထိသာ ငှားရမ်းခြင်း ဖြစ်သောကြောင့် ကျန်ရှိသော ဟုမ္မလင်း-ခန္တီး ၁၂၇ မိုင်အား ပြေးဆွဲနိုင်ခြင်း မရှိကြောင်း အဆိုပါဌာနမှ သိရသည်။

ချင်းတွင်းမြစ်အတွင်းတွင် ရေများချိန်၌ အန္တရာယ်ရှိသော ဝဲဂယက် ရ ခုရှိပြီး ယင်းဝဲများမှာ ရွှေစာရေးဝဲ၊ ဝက်သိုက်ဝဲ၊ ပေဝဲ၊ လောင်းဂရိတ်ဝဲ၊ မစိန်ဝဲ၊ ရွှေပုလ္လင်ဝဲ၊ ကုတိုးဝဲ တို့ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly