အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ် အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြောဆို ဆွေးနွေးမှုများ မရှိသလောက် နည်းပါးပြီး၎င်းအစား ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းအကြောင်းကိုသာ ရေးသားထားသည့် စာအုပ်များ ကိုသာ တွေ့ရပါသည်။ “ဘဏ္ဍာရေးဖက်ဒရယ်စနစ်” သည် ပညာရပ်ပိုင်းအားဖြင့် နက်နဲမှုရှိပြီး မြန်မာနိုင်ငံသားအများစုအတွက် အကျွမ်းတဝင် မရှိလှသော အကြောင်းအရာတစ်ခု ဖြစ်နေသည်။ သို့ရာတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်မည့် မြန်မာနိုင်ငံ တွင် နိုင်ငံအခြေ အနေနှင့် သင့်လျော်သည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ် တစ်ခုသည် ဖက်ဒရယ် စနစ် ပီပြင်စွာပေါ်ထွန်းလာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မရှိ မဖြစ်လိုအပ်နေပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေးစနစ်သည် ထိုနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး ဆိုင်ရာ အခြေအနေများနှင့်တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ဆက်နွှယ်မှု ရှိသည်။ နိုင်ငံရေးမတည်ငြိမ်မှုသည် စီးပွားရေးကို ရိုက်ခတ်နိုင်သကဲ့သို့ စီးပွားရေး မတည်ငြိမ်လျှင်လည်း နိုင်ငံတစ်ခု၏ ဘဏ္ဍာရေးကဏ္ဍကို ရိုက်ခတ်နိုင်ပါသည်။

ထိုနည်းတူပင် ဘဏ္ဍာရေးစနစ် ခိုင်မာအားကောင်းမှု မရှိလျှင် ထိုနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးကဏ္ဍတို့ကို ရိုက်ခတ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ဘဏ္ဍာ ရေးစနစ်ကို လေ့လာသုံးသပ်ရာတွင် ထိုနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခင်းအကျင်းများကို သိရှိနားလည်ထားရန်အလွန်အရေးကြီးပါသည်။ထိုအခင်းအကျင်း များသည်မြန်မာနိုင်ငံတွင်ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကျင့်သုံးရန်နိုင်ငံ၏အဆင်သင့်ဖြစ်မှု နှင့်မြန်မာနိုင်ငံတွင် ကျင့်သုံးလိုသည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်အတွက် အခွင့်အလမ်း များ သို့မဟုတ် အတားအဆီးများ ဖြစ်နိုင်မှုတို့ကို ထင်ဟပ်ပြနေသည်။

မြန်မာနိုင်ငံ၏ အဓိကကျောရိုးဖြစ်သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အစိုးရအဖွဲ့အသီးသီး၏လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေထားသည့် ပြဋ္ဌာန်းချက်များ ပါရှိ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား - ၁ ပြည်ထောင်စုဥပဒေပြု စာရင်းတွင် ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကိုလည်းကောင်း၊ ဇယား - ၂

တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်းနှင့် ဇယား - ၅ တိုင်းဒေသကြီး/ပြည်နယ် များက ကောက်ခံခွင့်ရှိသော အခွန်အခစာရင်းတို့တွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ တို့၏ လုပ်ပိုင်ခွင့်အာဏာများကိုလည်းကောင်း ခွဲဝေပေးထားသည်။  ထိုအာဏာခွဲ ဝေမှု များသည် ဖက်ဒရယ်စနစ် (federalism) အသွင်ဆောင်သော်လည်း ပြည်ထောင်စု အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများသည် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၏ လုပ်ပိုင် ခွင့်အာဏာများထက် ပိုများနေသဖြင့် ထိုအာဏာခွဲဝေမှုများသည် ဖက်ဒရယ်ပြုခြင်း (federalization) အသွင်ဆောင်ခြင်းသာ ဖြစ်သည်ဟု ရှုမြင်နိုင်ပါသည်။ ၂၀၁၅ ခုနှစ် တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေတစ်ရပ်ထွက်လာပြီး ထိုဥပဒေသည် ပြည်နယ်/တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်စာရင်း (ဇယား - ၂ နှင့် ဇယား - ၅) တို့ကိုတိုးချဲ့ပေးထားသည်။ အဆိုပါတိုးချဲ့စာရင်းများသည် ပြည်နယ်/ တို်င်း ဒေသကြီးအစိုးရတို့၏ လုပ်ပိုင်ခွင့်အာဏာများမှ အချို့ကို ခွဲပေးထားခြင်းသာ  (ဥပမာ - ပညာရေးကဏ္ဍတွင် မူလတန်းအဆင့်ကိုသာ ပြည်နယ်/တိုင်းဒေသကြီးများအား ပေး ထားပြီး အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့် ပညာရေးတို့ကိုပြည်ထောင်စုအစိုးရ အား အပ်နှင်းထားသည်)ဖြစ်ပြီး “ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ” ဆိုသည့် စကားရပ်နှင့်ခံကာ အဆိုပါ တိုးချဲ့စာရင်းများကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း ဒေသကြီးအစိုးရနှစ်ခုလုံးက ပူးတွဲကျင့်သုံးခွင့်ရှိသည့် ပြည်ထောင်စု အစိုးရ၏ အရေးပါမှုများသော ထပ်တူပြုအာဏာစာရင်းများ (concurrent powers with Union / federal paramountcy) အဖြစ် ရှုမြင်နိုင်ပါသည်။

ထိုတိုးချဲ့စာရင်းများမှတစ်ဆင့် ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်များနှင့် မျှဝေခြင်းသည် ဗဟိုချုပ်ကိုင်မှု ဖြေလျော့ခြင်း (decentralization) သာ ဖြစ်နေပြီး လုပ်ပိုင်ခွင့်အာဏာများ (အထူးသဖြင့် အရေးကြီးသော လုပ်ပိုင်ခွင့် အာဏာများ) သည် ပြည်ထောင်စုအစိုးရ၏ လက်ထဲတွင်သာ စုပုံနေသေးသဖြင့် ဗဟို ချုပ်ကိုင်မှု ကြီးစိုးနေဆဲဖြစ်သည်။ ဥပမာ - တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့၏ စီးပွား  ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများသည် အကန့်အသတ်နှင့်သာ ရှိသည်။  ဝင်ငွေ အလုံးအရင်းရနိုင်သည့် စီးပွားရေးလုပ်ငန်းများကို   ပြည်ထောင်စုအစိုးရကသာ   စီမံ ဆောင်ရွက်ခွင့် ရှိသည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ အသွင်ပြောင်းနိုင် ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြင်ဆင်သွားရန် လိုပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် လက်ရှိအာဏာရ အစိုးရအပါ အဝင် နိုင်ငံရေးအစုအဖွဲ့အသီးသီးသည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို နည်းမျိုးစုံ (ဆန္ဒ လက်မှတ်ခံယူပွဲ၊ လူထုဆန္ဒခံယူပွဲ၊ ဆန္ဒပြပွဲ၊ ဖိုရမ်နှင့်အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပ ခြင်း၊ လွှတ်တော်သို့ အဆိုတင်သွင်းခြင်းနှင့် ဝေဖန်ထောက်ပြခြင်း) ဖြင့် လှုပ်ရှား ဆောင်ရွက်မှုများ ရှိနေသော်လည်း အများပြည်သူလိုလားသော ပြောင်းလဲတိုးတက်မှု များမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာများကို လျော့ချနိုင်သည့်အပြင် ဆယ်စုနှစ်ချီ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း အထောက်ကူပြုနိုင် သည်ဟု ယူဆသူများရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အလွန်ခက်ခဲနေ သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၄၃၆ (က) အရ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက် အချို့ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံမှုအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး

ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲများရရှိမှသာလျှင် ပြင်ဆင်နိုင် သည်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်၏ ၂၅ ရာခိုင်နှုန်းသည် ပြည်သူလူထု ရွေးကောက်ခံ ကိုယ်စားလှယ်များမဟုတ်ဘဲ တပ်မတော်မှ တင်မြှောက်ထားသော တပ်မတော်သား ကိုယ်စားလှယ်များဖြစ်ရာ တပ်မတော်သားကိုယ်စားလှယ်များသည် တပ်မတော်၏ လက်ရှိအာဏာများကို လျှော့ချနိုင်သည့် သို့မဟုတ် ရုတ်သိမ်းနိုင်သည့် ဖွဲ့စည်းပုံပြင်ဆင်မှုကို ထောက်ခံမည်ဟု မျှော်လင့်၍မရနိုင်ပါ။ ထို့ကြောင့် လွှတ်တော် တွင်း ဖွဲ့စည်းပုံပြင်ဆင်ခြင်းထက် လွှတ်တော်ပြင်ပတွင် ဖွဲ့စည်းပုံပြင်ဆင်သည့်နည်းလမ်း များကိုလည်းရှာဖွေဖော်ထုတ်သွားရန် အရေးကြီးသည်။ လက်ရှိသွားနေသည့် လွှတ်တော် ပြင်ပ လမ်းကြောင်း မှာလည်း အငြင်းပွားစရာများ ရှိနေပါသည်။ 

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly