ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် ပျံလွန်တော်မူ

ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် ပျံလွန်တော်မူ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်း ဆရာတော် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ မာနိတသိရီဘိဝံသ သည်၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၃ နာရီအချိန်ခန်တွင် ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ကြီးသည် သက်တော် (၈၄) နှစ် ဝါတော် (၆၄) ဝါ ရှိပြီဖြစ်ပြီး နှလုံးပိုးဝင်ရောဂါဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး နှလုံးအထူးကြပ်မတ် ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူစဉ် ပျံလွန်တော် မူခြင်းဖြစ်သည်။

ဆရာတော်ကြီးအား မတ္တရာမြို့နယ် ကောက်ရိုးပုံရွာ၌ ခမည်းတော် ဦးထွန်းအေး နှင့် မယ်တော် ဒေါ်ပေါတို့က ၁၉၃၅ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်စိန်ရ ဖြစ်သည်။ အသက် (၁၁) နှစ် အရွယ်တွင် ရှင်သာမဏေပြုခဲ့ပြီး ဘွဲ့တော်မှာ ရှင်မာဃဝ ဖြစ်ပြီး စာပေကျမ်းဂမ်များ လေ့လာဆည်းပူးခဲ့ကာ အသက် (၁၇) နှစ်တွင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယ (စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး) ထံတွင် ရောက်ရှိခဲ့သည်။

ထို့နောက် ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယက ရှင်မာနိတအဖြစ် ဘွဲ့အမည်ပြောင်းလဲခဲ့ပြီး သက်တော် (၂၀) တွင် ရဟန်းခံကာ စာပေကျမ်းပေါင်းများစွာ ရေးသား၍ သာသနာဝန် ထမ်းဆောင်ခဲ့သည်။ ထိုသို့ သာသနာဝန်ကို ထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရက မဟာဂန္တဝါစက ပဏ္ဍိတ ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ၊ အဂ္ဂမဟာ ပဏ္ဍိတ စသည့်ဘွဲ့တံဆိတ်တော်များ ချီးမြှင့်ခဲ့ပြီး (၁၉) ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲကြီး၌ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက အဖြစ် ရွှေကျင်ဂိုဏ်းကြီးတွင် တာဝန်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly