ပြောင်းလဲချိန်တန်ပြီ ဆိုသော်ငြား အချိန်ယူရဦးမယ်လို့ NLD ဗဟိုပြန်ကြားရေး ကော်မတီပြော

ပြောင်းလဲချိန်တန်ပြီ ဆိုသော်ငြား အချိန်ယူရဦးမယ်လို့ NLD ဗဟိုပြန်ကြားရေး ကော်မတီပြော
ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံပြုလုပ်စဉ် ဓာတ်ပုံ-သက်ကို

ရန်ကုန် ၊ ဇွန် ၂၃ ။           ။ “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့် ရွေးကောက်ပွဲကြွေးကြော်သံဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အစိုးရအဖွဲ့တာဝန်ယူခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမှန်တကယ် ပြောင်းလဲနိုင်ရန် အချိန်ကာလ အတော်တော်များများ ယူရဦးမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

“ပါတီအနေနဲ့ကလည်း ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံအတူ ပြောင်းလဲဖို့လုပ်နေတာ ကြိုးစားနေတာပဲ။ သို့သော်လည်းပဲ သိထားဖို့က နှစ်ပေါင်းများစွာ မှားယွင်းတဲ့ အုပ်ချုပ်မှုစနစ်တွေက ရှိထားခဲ့တဲ့ အခါကျတော့ ဒီ နှစ်နှစ်ခွဲလောက်နဲ့ သုံးနှစ်လောက်နဲ့ ငါးနှစ်လောက်နဲ့ အခြေတကျဖြစ်အောင် ပုံမှန်ဖြစ်အောင်လုပ်ဖို့ ကျတော့ တော်တော်လေး အချိန်ယူရမယ်ထင်ပါတယ်” ဟု မုံရွာအောင်ရှင်က ဆိုသည်။

ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံပြုလုပ်စဉ် မဇ္ဈိမ၏ မေးမြန်းမှုကို မုံရွာအောင်ရှင်က ပြောခဲ့ခြင်းဖြစ်သည်။

ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် အစိုးရတာဝန်ယူခဲ့သည့် NLD အနေဖြင့် အလုပ်တာဝန်များ များပြားစွာ ဆောင်ရွက်ခဲ့ရသော်လည်း အချိန်ကာလအားဖြင့်ဆိုလျှင် လွန်စွာတိုတောင်းကြောင်း သဘာပတိမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သေးသည်။

“၂၀၁၅ ရွေးကောက်ပွဲပြီးနောက် အဖွဲ့ချုပ်အပေါ် လွှဲပြောင်းတာဝန်ပေးခဲ့တာ နှစ်နှစ်ကျော်ကာလ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ထမ်းဆောင်ခဲ့တဲ့ ကာလဟာလည်းပဲ တိုတောင်းတယ်လို့ ဆိုရမှာဖြစ်ပေမယ့် တာဝန်တွေကို မြောက်များစွာ ထမ်းရွက်ခဲ့ရတဲ့ အနေအထားရှိပါတယ်။ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းကာလမှာလည်း တာဝန်တွေ အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ဦးညီပုက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဝန်ကြီးများ၏ လုပ်ငန်း စွမ်းဆောင်ရည်များကို စောင့်ကြည့်နေပြီး လဲလှယ်သင့်သူများကို လဲလှယ်နေကြောင်း မုံရွာအောင်ရှင်က ဆိုသည်။

 “တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ဝန်ကြီးတွေရဲ့ လုပ်ကိုင်မှုတွေကို ဗဟိုက အမြဲတမ်းကြည့်နေတာ လေ့လာနေတာပဲ။ တစ်ချို့ဝန်ကြီးချုပ်တွေက အစ ပြောင်းလဲပစ်ရမယ့် သူတွေကို ပြောင်းပစ်လိုက်တာပဲ။ ဒါကိုကြည့်ရင်ပါတီက ဘယ်လောက်အလုပ်လုပ်နေလဲ လူထုရဲ့ကောင်းကျိုးကို ဆောင်ရွက်နေတာ ပိုပြီးသိသာပါတယ်” ဟု ဆိုသည်။

NLDပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ရွေးချယ်လိုက်သည့် ညီလာခံကိုယ်စားလှယ်များ ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

ကျင်းပလျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုင်ငံရေးဆိုင်ရာ အစီရင်ခံနှင့် စည်းရုံးရေးအစီရင်ခံစာကို တင်သွင်းသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လစ်လပ်နေသည့် ပါတီဗဟိုကော်မတီဝင်များကို ရွေးချယ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly