လေဆိပ်-ဆူးလေ ယာဉ်လိုင်းသစ် YBS-Airport Shuttle Bus စတင်ပြေးဆွဲ

လေဆိပ်-ဆူးလေ ယာဉ်လိုင်းသစ် YBS-Airport Shuttle Bus စတင်ပြေးဆွဲ
(ဓာတ်ပုံ - ပြည့်ဖြိုး)

YBS-Airport Shuttle Bus အမည်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ကို ဇွန်လ ၂၂ ရက်နေ့က ယာဉ်အစီးရေ ၃၀ ဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ Omni Focus ကုမ္ပဏီမှ သိရပါတယ်။

စတင်ပြေးဆွဲတဲ့ ပထမဆုံးရက်မှာ ယာဉ်စီးခ အခမဲ့ ပြေးဆွဲပေးပြီး လေဆိပ်-ဆူးလေ လွန်းပြန်ယာဉ်အနေနဲ့ ပြေးဆွဲမှာဖြစ်တဲ့အတွက် ယာဉ်လမ်းကြောင်းမှာရှိတဲ့ မှတ်တိုင် အားလုံး ရပ်မှမဟုတ်ပဲ သတ်မှတ်ထားတဲ့ မှတ်တိုင်တွေမှာသာ ရပ်မှာဖြစ်တယ်လို့ သိရပြီး စုစုပေါင်း ရပ်မယ့် မှတ်တိုင် ၁၈ ခုပဲ ရှိတယ်လို့ ဆိုပါတယ်။

ယာဉ်စီးခကိုတော့ ပုံသေ ကျပ် ၅၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါယာဉ်လိုင်းမှာ လေဆိပ်အနီးမှာ နေထိုင်တဲ့သူတွေ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ ပြည်တွင်း၊ပြည်ပခရီးသည်တွေအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး အဆင်ပြေအောင်ပြေးဆွဲပေးတာဖြစ်တယ်လို့ Omni Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောပါတယ်။

စတင်ပြေးဆွဲရာမှာ ယာဉ်အစီးရေ ၃၀ ဖြင့် စမ်းသပ်ပြေးဆွဲပေးနေပြီး နောက်ပိုင်းမှာ ခရီးသည် စီးနင်းမှုအရ လိုအပ်ချက်များရှိပါက ယာဉ်အစီးရေ ၅၀ အထိ တိုးချဲ့ပြေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါယာဉ်လိုင်းမှာ ပြေးဆွဲမယ့် ယာဉ်များမှာ YBS တံဆိပ် ပါရှိမှာဖြစ်ပေမယ့် ယာဉ်လိုင်းနံပါတ် မပါရှိဘဲ Airport Shuttle Bus နာမည်နဲ့ ပြေးဆွဲနေတာဖြစ်ပါတယ်။

Airport Shuttle Bus ယာဉ်လိုင်းရဲ့ အသွားမှတ်တိုင်များအဖြစ် လေဆိပ်၊ (၈)မိုင်၊ နဝေဒေး၊ ကမ္ဘာအေးဘုရား၊ လမ်းနီ၊ ဟာမိတစ် ၊ ရွှေဂုံတိုင်၊ ဗဟန်း (၃)လမ်း၊ ကျောက်တိုင်မှတ်တိုင်၊ ယောက်လမ်း၊ ဆူးလေတို့ဖြစ်ပြီး အပြန်မှတ်တိုင်များအဖြစ် ဆူးလေ၊ ဘူတာကြီး၊ တိရစ္ဆာန်ဥယျာဉ်၊ ဗဟန်း (၃)လမ်း၊ ရွှေဂုံတိုင်၊ လမ်းနီ၊ ကမ္ဘာအေးဘုရား၊ နဝေဒေး၊ (၈)မိုင်၊ လေဆိပ်တို့ ဖြစ်ပါတယ်။

ဖြတ်သန်းသွားလာမယ့် လမ်းများမှာ လေဆိပ်အဝင်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်းနဲ့ ဆူးလေဘုရာလမ်းတို့ဖြစ်တယ်လို့ သိရပါတယ်။

Omni Focus General Services ကုမ္ပဏီဟာ YBS ၂ဝ ယာဉ်လိုင်းနှင့် YBS ၅၆ ယာဉ်လိုင်းတို့ကိုပါ ပြေးဆွဲနေပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၉၆ လိုင်းအထိ ရှိပြီး ထပ်မံပြီး ယာဉ်လိုင်းအသင်းများ တိုးချဲ့ပြေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Ref; The Mirror Daily

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly