ရွှေမျောစွန့်ပစ်ရေများ ဖုံးလွှမ်းခဲ့သော လယ်ယာမြေများကို စမ်းသပ်စိုက်ပျိုးနေ

ရွှေမျောစွန့်ပစ်ရေများ ဖုံးလွှမ်းခဲ့သော လယ်ယာမြေများကို စမ်းသပ်စိုက်ပျိုးနေ

မုံရွာ၊ ဇွန် ၂၂။            ။ ရွှေမျောများမှ စွန့်ပစ်လိုက်သော နွံရေများဖုံးလွှမ်းခဲ့ သဖြင့် ပျက်စီးလျှက်ရှိသော ဟုမ္မလင်းမြို့နယ်၊ လောင်းမင်း ကျေးရွာရှိ လယ်ယာမြေများကို စမ်းသပ်စိုက်ပျိုးနေကြောင်း ၄င်းကျေးရွာဒေသခံများထံမှ စုံစမ်းသိရသည်။

နတ်နန်းချောင်းရိုးတစ်လျှောက်တွင် ရွှေတူးဖော်မှုများ မှ စွန့်ပစ်လိုက်သောမျောမြီးများသည် တစ်မိုင်ခန့် ဝေးသော လောင်းမင်းကျေးရွာအနီးရှိ လယ်ယာမြေ များပေါ်တွင်ကျရောက်ခဲ့ပြီး လယ်မြေများ ပျက်စီး ခဲ့ရခြင်းဖြစ်သည်။

"နွံရေတွေဖုံးတာ ဒူးအထက်ထိ ရောက်တယ်။ သီးနှံစိုက်လို့မရတော့ဘူး။ ဒါပေမယ့် နွံရေသိပ်မဖုံးခဲ့တဲ့ လယ်ကွက်လေးတွေကို စမ်းသပ်စိုက်ပျိုးနေကြတယ်။ မအောင်မှာလည်း စိုးတယ်။ စားဝတ်နေရေးမှာ အဆင်မပြေတာ ရမယ်ထင်တာ လုပ်ကြည့်ရတာပဲ"" ဟု ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းကျေးရွာဒေသခံ မငြိမ်းခိုင်က ပြောသည်။

နွံများဖုံးလွှမ်းခဲ့သော လောင်းမင်းကျေးရွာရှိ လယ်ယာမြေများကို နွံများအား ဖယ်ရှား၍ မြေဆီလွှာများ ဖြည့်တင်းကာ ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးကမ်ဇာမုံကလည်း (၁၄)ကြိမ်မြောက်၊ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။

"အခုချိန်ထိတော့ ဘယ်ဌာနဆိုင်ရာမှမလာကြသေးဘူး။ စိုက်လို့ရအောင်လုပ်ပေးမယ်ဆိုတော့လည်း အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်" ဟု လောင်းမင်းရွာ ဒေသခံ မငြိမ်းခိုင်က ဆက်လက်ပြောသည်။

လောင်းမင်းကျေးရွာရှိ တောင်သူ (၃၁)ဦး၏ လယ်ယာမြေဧက ၁၀၀ ကျော်မှာ ရွှေမျောများမှ စွန့်ပစ်ရေ များကြောင့် နွံများကျရောက်ခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး MATA အဖွဲ (မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်အဟာမိတ်အဖွဲ့) နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကော်မတီတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ အတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၄င်းကျေးရွာရှိ ရေနှင့်မြေကို ဓါတ်ခွဲစမ်းသပ်ရန် နမူနာယူခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ ဇူလှိုင်လအတွင်းကမြစ်ရေကြီးမှုကြောင့် လယ်ယာမြေများကို ရေများဖုံးလွှမ်းခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ရေပြန်ကျချိန်တွင် မျောမီးစာများမှာ လယ်ယာမြေများပေါ်သို့ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄ ပေ ခန့်ထိ ဖုံးလွှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကော်မတီအတွင်းရေးမှူး ဦးစောမောင်က ပြောသည်။

"ရေနမူနာနှင့်မြေနမူနာကတော့ ဓါတ်ခွဲစမ်းသပ်ဖို့ ရုံးချုပ်ကိုပို့ထားရတယ်။ မြေအတွင်းမှာရှိတဲ့ အဟာရဓါတ် ပါဝင်မှုကို စစ်ဆေးတာဖြစ်ပါတယ်။ အာဆင်းနစ်နဲ့ ပြဒါးပါဝင်မှုကို အဓိကထားပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။" ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာက ပြောသည်။

ချောင်းအတွင်းရွှေကျင်ရာ၌ မြေနှင့်ရွှေတို့ရောနှောေ နသောရွှေချီးကို ပြဒါးနှင့်နယ်ကာ ဖမ်းယူရပြီး ရွှေ(၁)ကျပ် သားလျှင် ပြဒါး (၄)ကျပ်သားခန့် ့သုံးစွဲရကြောင်း၊ ပြီးလျှင် နွံရေများကို စွန့်ပစ်ရခြင်း ဖြစ်ကြောင်း ဝန်းသိုမြို့နယ် ရှိ ရွှေမျောလုပ်ကိုင်သူကို ကျော်သူဝင်းက ရှင်းပြခဲ့သည်။

ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ဒေသရှိ၊ နတ်နန်းချောင်းရိုးတလျှောက်သည် မိုင်(၂၀)ခန့်၊ ရှည်လျားပြီး ပုံလွန်မှော်၊ ကြာဇံချောင်းမှော်၊ နမ်နှစ်မှော်၊ မဏိစန္ဒာမှော်၊ ခိုတောင်းမှော်တို့ရှိကြပြီး ခေတ်အဆက်ဆက် ရွှေမျောလုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

ပြဒါးသုံးစွဲမှုများပြားပါက ဗဟိုအာရုံကြောစနစ်ထိခိုက်ခြင်း၊ သွတ်ချာပါဒဖြစ်ခြင်း၊ ဦးနှောက်မဖွံ့ဖြိုးခြင်း၊ တက်ခြင်း၊ အဆိပ်သင့်၍သေဆုံးခြင်း တို့ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Mizzima Weekly