အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

၂၀၁၆ ခုနှစ်တွင် တက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ် သည်“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရန် အားခဲထား လျက်ရှိရာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖက်ဒရယ်စနစ်နှင့်အညီ ကဏ္ဍ အသီးသီး ကို အားတက် သရော ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်သွားရန်အရေးကြီး ပါသည်။ တစ်ပြည်ထောင်စနစ်ဖြင့် ရာစုနှစ် (၇) ခုနီးပါး ဖြတ်သန်းလာ ခဲ့ရသော မြန်မာနိုင်ငံသည် အများပြည်သူလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ အသွင်ကူး ပြောင်းရာတွင် မရှောင်လွှဲနိုင်သော စိန်ခေါ်မှုများစွာ ရှိနေနိုင်သော်လည်း ဖက်ဒရယ်စနစ်နှင့် အတူ ရရှိ လာနိုင်သည့်အမျိုးသားတန်းတူညီမျှမှု၊ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့်တရားမျှတမှုတို့သည်ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့်   ရေရှည်တည်တံ့သောပြည်တွင်းငြိမ်းချမ်းရေး ပေါ်ထွန်းလာရေး အတွက် အထောက် အကူပြုနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

ထို့ကြောင့် တစ်ပြည်ထောင်စနစ်မှ ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ကူးပြောင်းမည့် မြန်မာနိုင်ငံသည် အခြေခံအုတ်မြစ် ခိုင်မာစွာဖြင့် ရပ်တည်နေသော ဖက်ဒရယ်နိုင်ငံများ ၏ ဖက်ဒရယ်စနစ်များ ကို လေ့လာပြီး မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိနိုင်မည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော် သွားရန် လိုပါသည်။ နိုင်ငံတကာတွင် ကျင့်သုံးနေသော ဖက်ဒရယ်စနစ်များ၏ အခြေခံဝိသေသ လက္ခဏာများအရ နိုင်ငံ တစ်ခု၏ အစိုးရအဖွဲ့များ (ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရ) သည် လုပ်ပိုင် ခွင့်အာဏာများ (အချုပ်အခြာအာဏာ အုပ်စုကြီးသုံးရပ် ဖြစ်သော အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ)  ကို ခွဲဝေကျင့်သုံး (division of powers) ကြသည်။  အစိုးရအဖွဲ့များအကြား ခွဲဝေကျင့်သုံးသောလုပ်ပိုင်ခွင့်အာဏာများ အနက် နိုင်ငံရေးအာဏာသည် အဓိကကျသော်လည်း နိုင်ငံရေး ခိုင်မာအားကောင်းရေး အတွက်မူ စီးပွားရေး၊ လူမှုရေးနှင့် အခြားကဏ္ဍများနှင့် ဆိုင်သော လုပ်ပိုင်ခွင့် အာဏာ များကိုလည်း စနစ်တကျ ခွဲဝေကျင့်သုံးသွားရန် အရေးကြီးပါသည်။ သို့မှသာ အစိုးရအဖွဲ့ များအကြား ပဋိပက္ခ လျော့နည်းပြီး အပြန်အလှန်ယုံကြည်မှုများနှင့်သဟဇာတ ရှိသော ဆက်ဆံရေးကို ရေရှည်တည်ဆောက်နိုင်မည်ဖြစ်ပြီး ဖက်ဒရယ်စနစ်ရေရှည်တည်တံ့ ရေးကို အာမခံချက်ပေးနိုင်မည် ဖြစ်သည်။ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ကူးပြောင်းမည့် မြန်မာနိုင်ငံတွင်လည်း လုပ်ပိုင်ခွင့်အာဏာများကိုအစိုးရအဖွဲ့များအကြား စနစ်တကျခွဲဝေကျင့်သုံး သွားရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံအတွင်း ဘဏ္ဍာရေးဖက်ဒရယ်စနစ်အကြောင်းကို ထဲထဲဝင်ဝင်သိရှိလာကြပြီး ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်သွားနိုင်ရန်နှင့်လာမည့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံအစည်းအဝေးများ တွင် တက်ရောက် ဆွေးနွေး ကြမည့် သက်ဆိုင်ရာ အစုအဖွဲ့များက လိုအပ်ပါက လေ့လာနိုင်ရန်နှင့်မူဝါဒ ချမှတ်သူ များ အတွက် အသုံးဝင်သော အရင်းအမြစ်တစ်ခုဖြစ်စေရန်အတွက် ရည်ရွယ် ပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပီပြင်စွာ ပေါ်ထွန်းလာရေးအတွက်ဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဘဏ္ဍာရေး ဖက်ဒရယ်စနစ်ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက် နိုင်ရန် နှင့် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် ဘဏ္ဍာရေးဖက်ဒရယ် စနစ်တစ်ခုကို ပုံဖော် ရာတွင် အထောက်အကူပြုစေရန်အလို့ငှာ မေးခွန်းများကို အခြေခံပြီး ဘဏ္ဍာရေး ဖက်ဒရယ်စနစ် ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှာဖွေဖော်ထုတ်ထားပါသည်။

(က) ဖက်ဒရယ်နိုင်ငံများတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား ဘဏ္ဍာရေးအာဏာ(အသုံးစရိတ်အာဏာ၊ အခွန်အာဏာ၊ ဘဏ္ဍာရေး ကွာဟ ချက်များ နှင့် ဘဏ္ဍာငွေ လွှဲပြောင်းခြင်းအစီအစဉ်) များကို မည့်သို့ ခွဲဝေကျင့်သုံးကြသနည်း။

(ခ) ဘဏ္ဍာရေးဖက်ဒရယ်စနစ်တွင် မည်သည့် အားသားချက်နှင့် အာနည်းချက်များ ရှိပါသနည်း။

(ဂ) ဘဏ္ဍာရေးဖက်ဒရယ်စနစ်ပုံဖော်ရာတွင် မည်သည့်စံနှုန်းများကို ထည့်သွင်းစဉ်းစား သင့်ပါသနည်း။

(ဃ) မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ကျင့်သုံးရန် မည်မျှ အရေးကြီးပါသ နည်း။

(င) မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာငွေစနစ်အရ အစိုးရအဖွဲ့များ (အထူးသဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရ) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘဏ္ဍာရေးအာဏာခွဲဝေမှုနှင့်လက်တွေ့ကျင့်သုံးမှု အခြေအနေတို့သည် မည်သို့ ရှိပါသနည်း။

(စ) မြန်မာနိုင်ငံနှင့် သင့်လျော်နို်င်မည့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုများ (သို့မဟုတ်) ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို မည်သို့ ပုံဖော်သွားနိုင်သနည်း။  ဆိုတာများပင်ဖြစ်ပါတယ် ။

ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် ဖက်ဒရယ်စနစ်၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည့် အားလျော်စွာဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို မြန်မာနိုင်ငံသားတိုင်းက နားလည်သဘောပေါက်ထားရန် အရေးကြီးပါသည်။သို့မှသာ ဘဏ္ဍာရေး ဖက်ဒရယ် စနစ်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် နိုင်ငံသားများ၏ အားပေးထောက်ခံမှု နှင့် လိုအပ်ပါကဝိုင်းဝန်းတည့်မတ်ပေးမှုတို့ကိုထိရောက်စွာပြုလုပ်သွားနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ဘဏ္ဍာရေးအာဏာများကို စနစ်တကျရေးဆွဲ ချမှတ်ထားသော ဘဏ္ဍာရေးဖက်ဒရယ်စနစ်တစ်ခုသည် မြန်မာနိုင်ငံ၌ ဖက်ဒရယ် စနစ် ပေါ်ထွန်းလာရေးအတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်စေနိုင်သည် ဟု အခိုင် အမာယူဆထားပါသည်။ ထိုကြောင့် အထက်ပါ မေးခွန်းများကို အခြေခံပြီး ဖက်ဒရယ် နိုင်ငံများတွင်တွေ့ရသော ဘဏ္ဍာရေးစနစ်၏ အခြေခံသဘောတရားများကို အများနား လည်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသားဖော်ပြလိုက်ပါသည်။  ။

အပိုင်း (၁) အပြည့်အစုံ ဖတ်ရှုရန်- http://www.mizzimaburmese.com/article/40742

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly