Startup Israel 2018 ကို အသက်အကန့်အသတ်မရှိ ၀င်ပြိုင်နိုင်

Startup Israel 2018 ကို အသက်အကန့်အသတ်မရှိ ၀င်ပြိုင်နိုင်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန်၊ ဇွန် ၂၂ ။           ။  မြန်မာနိုင်ငံ၏ IT ကဏ္ဍပိုမိုကျယ်ပြန့်လာစေရန်နှင့် ဆန်းသစ်သည့် ICT နည်းပညာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ထားသော Startup Israel 2018 ကို ပြိုင်ပွဲဝင်များအနေဖြင့် အသက်အကန့်အသတ်မရှိ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Startup Israel ကို လွန်ခဲ့သည့် ၃ နှစ်မှစ၍ မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးတို့ပူးပေါင်းကာ ကျင်းပပေးနေပြီး ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် အသက်ကန့်သတ်မှုမရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

လူနေမှုဘဝကိုဖွံ့ဖြိုးတိုးတက်စေနိုင်သော application များ၊ မြို့ပြဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သော ဆန်းသစ်တီထွင်မှု application များ၊ လူမှုစီးပွားဖွ့ံဖြိုးမှုများရရှိနိုင်သည့် application များ ကို ယင်းပြိုင်ပွဲအတွင်း ပါ၀င်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။ နည်းပညာအသုံးပြုကာ တီထွင်ဆန်းသစ်သည့် လုပ်ငန်း။၊ အကြံညဏ်များရှိသည့် လူငယ်တိုင်း ပါ၀င်ယှဉ်ပြိုင်နိုင်သည်ဟု မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောသည်။

"သူလုပ်ထားတာ အဓိက innovative(တီထွင်ဆန်းသစ်) သူဖြစ်ရင်၊ သူများဟာကူးမချနဲ့ ကိုယ့်ရဲ့ဟာနဲ့ပေါ့နော် innotative idea ရှိတယ် ဒါပေမယ့်သူဘယ်လိုအကောင်အထည်ဖော်ရမှန်းမသိဘူး၊ အဲဒီလိုလူတွေကို မြေတောင်မြှောက်ပေးချင်တာ အဓိကကအဲဒီဟာပဲ" ဟု ဒေါ်သန်းသန်းတင့် က ပြောပြသည်။

 ပါ၀င်ယှဉ်ပြိုင်မည့်သူများသည် တက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများ၊ ကုမ္ပဏီကြီးတစ်ခု၏ လက်အောက်ခံမဟုတ်သော မှတ်ပုံတင်သက်တမ်း ၃နှစ်ထက်မပိုသော ကုမ္ပဏီများ၊ လူငယ်များအားလုံး ပါ၀င်နိုင်မည်ဖြစ်သည်။

ပါ၀င်ယှဉ်ပြိုင်မည့်အသင်းအရေအတွက်ကို ကန့်သတ်မထားသော်လည်း ပြိုင်ပွဲဝင်တစ်ဖွဲ့လျှင် အများဆုံး ၃ဦး ပါ၀င်ရန် ကန့်သတ်ထားသည်။

"အခြေခံအားဖြင့် အဓိကက အိုင်ဒီယာနှစ်ခု ပြိုင်ပွဲရဲ့နောက်ကွယ်မှာရှိနေပါတယ်။ အဲဒါက စီးပွားရေးအခြေအနေကို cover လုပ်ဖို့ပါ။ ကျွန်တော်တို့ ဒီမှာ Startup လုပ်ငန်းတွေရဲ့ စီးပွားရေးအခြေအနေကို cover လုပ်ပါတယ်။ နောက်ပြီး Startup တွေက ecosystem နဲ့ဆက်နွယ်နေတာကိုပြဖို့ပါ။ ကျွန်တော်တို့ဆီမှာ စီးပွားရေးစနစ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက စတင်ခဲ့တာ ဖွံ့ဖြိုးနေပြီဖြစ်သလိုပဲ ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ နေရာဒေသအားလုံးလိုလိုမှာ ကွန်ပျုတာ နဲ့ တခြား အိုင်ဒီယာတွေက ကိုက်ညီမယ်လို့ထင်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် Mr.Daniel Zonshine က ပြောသည်။

ပထမဆုရရှိသူကို အစ္စရေးနိုင်ငံ၏အထောက်အပံ့ဖြင့် ၂၀၁၈ နိုဝင်ဘာလတွင်ကျင်းပမည့် Israel Startup ပွဲတော်သို့ တက်ရောက်စေမည်ဖြစ်ပြီး ဒုတိယဆု အမေရိကန်ဒေါ်လာ ၄၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၂၀၀ ဆုချီးမြှင့်သွားမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို www.mcf.org.mm တွင် ရယူနိုင်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ မတိုင်မှီ လျှောက်ထားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးတို့ပူးပေါင်းကာ Startup Israel ကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပပေးနေပြီး ယခင်နှစ်က မြန်မာနိုင်ငံတွင် "Shwe Bite" အမည်ရှိ အစားအသောက်ပို့ဆောင်သည့် application ဖြင့် ဆုရရှိခဲ့သည်။

အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင် တီထွင်ဖန်တီးမှု အဆင့်နှစ်ရှိနေပြီး startup ကုမ္ပဏီ ၅၀၀၀ ကျော်ဖြင့် ကမ္ဘာ့အများဆုံး startup ကုမ္ပဏီရှိရာ နိုင်ငံတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly