လှိုင်မြစ်အတွင်းရှိ ရေများ သောက်သုံးပါက ခံတွင်းရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်

လှိုင်မြစ်အတွင်းရှိ ရေများ သောက်သုံးပါက ခံတွင်းရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်

 ရန်ကုန် ၊ ဇွန် ၂၁ ။            ။ လှိုင်သာယာစက်မှုဇုန်နုင့်ရွှေပြည်သာစက်မှုဇုန်အနီး လှိုင်မြစ်အတွင်းရှိ ရေများတွင် စက်မှုဇုန်များမှ စွန့်ပစ်သည့် ရေဆိုးများကြောင့် သံဓါတ်ပါဝင်မှုနှုန်းများပြားနေသည်ဟု စိမ်းလန်းအမိမြေအသင်းကဓါတ်ခွဲခန်းတာဝန်ခံ ဒေါက်တာအေးအေးဝင်းက ပြောသည်။

“Iron (သံဓါတ်)တွေများတာကိုတွေ့ရတယ် ။မြစ်ရေကအတော်နောက်ကျိတယ်။ အနည်အနှစ်တွေ များတယ်။သံဓါတ်တွေဆိုတာ လိုအပ်တယ်ဆိုပေမယ့် အရမ်းများနေရင်တော့မကောင်းဘူး” ဟု ဒေါက်တာအေးအေးဝင်းက ပြောသည်။

စိမ်းလန်းအမိမြေအသင်းအနေဖြင့် စက်မှုဇုန်များမှ လှိုင်မြစ်အတွင်းသို့ ရေဆိုးစွန့်ပစ်မှုများကိုု စောင့်ကြည့်တိုင်းတာခြင်းများအား ၂၀၁၆ ခုနှစ်မှ စတင်ပြီး တစ်လလျှင် တစ်ကြိမ် ပုံမှန်တိုင်းတာမှုများ ပြုလုပ်နေသည့်အဖွဲ့လည်းဖြစ်သည်။

“ပါဝင်မှု အရမ်းမြင့်လွန်းအားကြီးရင် အရာရာတိုင်းက မကောင်းဘူး။ အဲဒီရေတွေကို သောက်မိသုံးမိရင် ခံတွင်းရောဂါတွေဖြစ်မယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်မယ်။ သုံးလို့ဘယ်လိုမှ အဆင်မပြေတဲ့ အနေအထားရှိတယ်” ဟု လှိုင်မြစ်အတွင်းရှိ ရေထု၏ အရည်အသွေးကို စစ်ဆေးခဲ့သည့် ဒေါက်တာအေးအေးဝင်းက ပြောသည်။

သံဓါတ်ပါဝင်မှုနှုန်း များပြားသည့် ရေကို သုံးစွဲခြင်းကြောင့်အသည်းရောဂါများ၊ နှလုံးနှင့်ဆိုင်သော ရောဂါများ၊  အရေပြားရောဂါများဖြစ်ပွားနိုင်ပြီး ၊ အဝတ်အစားများ ၊ အသုံးအဆောင်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များတွင် အစွန်းအထင်းများ ဖြစ်ပွားနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရေဆိုးစွန့်ပစ်သည့် စက်ရုံပေါင်း ၃၀၀ ခန့် ရှိနေပြီး ယင်းစက်ရုံ အများစုသည် ရေဆိုးများကို ရန်ကုန်တိုင်းအတွင်းရှိ မြစ်ချောင်းများသို့ အထိန်းအသိမ်းမရှိ စွန့်ပစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရရှိသည့် စာရင်းများအရ သိရသည်။

ယင်း ရေဆိုးစွန့်ပစ်သည့် စက်ရုံများအနက် ၁၀ ရာခိုင်နှုန်းခန့်သာ ရေဆိုးကို စနစ်တကျ စွန့်ပစ်ခြင်း ဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းသည် ရေဆိုးများအား ထိန်းသိမ်းမှုမရှိဘဲ စွန့်ပစ်ခြင်းများ ရှိနေသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယ ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောသည်။

“ပိုက်ဆံမတတ်နိုင်ကြဘူး။ ရေဆိုးသန့်စင်တဲ့ဟာ တပ်ဆင်ဖို့က ပိုက်ဆံအကုန်အကျများတယ်လေ။ ပိုက်ဆံလည်း ပြန်မရဘူး။ အဲဒီတော့ စက်ရုံတွေက မလုပ်ချင်ကြဘူး” ဟု ဒေါက်တာအောင်မြင့်မော်က စက်ရုံရေဆိုးစွန့်ပစ်မှုနှင့်ပတ်သက်ပြီး မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

၂၀၁၃ ခုနှစ်စည်ပင်သာယာရေးဥပဒေသာ ထွက်ရှိထားပြီး နည်းဥပဒေမထွက်ရှိသေးသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်သည့် အပိုင်းတွင်  ရေဆိုးများအား စနစ်တကျ မစွန့်ပစ်သည့် စက်ရုံများကို ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ဒဏ်ငွေတပ်ရိုက်သည့်ကိစ္စများ ပြုလုပ်နိုင်သည်။

ဒဏ်ငွေအားဖြင့်လည်း မြန်မာကျပ်ငွေ ငါးသောင်း ၊ တစ်သိန်း နှင့် အများဆုံး သုံးသိန်းအထိသာ တပ်ရိုက်နိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက်မှုဇုန်ပေါင်း ၂၉ ခု ရှိပြီး စက်ရုံပေါင်း ၄၀၀၀ ကျော်ရှိနေသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲ ထိန်းသိမ်းမှုအောက်တွင် စက်ရုံပေါင်း ၃၄၇၄ ခု ရှိပြီး ယင်းစက်ရုံအများစုသည် လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်တည်ရှိရာ ရွှေပြည်သာ လှိုင်သာယာမြို့နယ် များတွင် တည်ဆောက်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly