လက်ရွေးစင်အသင်းကနေ ထပ်မံအနားယူဖို့ တိုက်တွန်းခံနေရတဲ့ မက်ဆီ

လက်ရွေးစင်အသင်းကနေ ထပ်မံအနားယူဖို့ တိုက်တွန်းခံနေရတဲ့ မက်ဆီ

ဇွန် ၂၂၊ ရုရှ ။             ။ ဇွန်လ ၂၁ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ခရိုအေးရှားအသင်းကို သုံးဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အာဂျင်တီးနားပရိသတ်တွေဟာ မက်ဆီကို လက်ရွေးစင်အသင်းကနေ ထပ်မံအနားယူဖို့ ဆိုရှယ်မီဒီယာပေါ်မှာ တိုက်တွန်းနေကြပါတယ်။

ဘာစီလိုနာကလပ်ရဲ့စူပါကြယ်ပွင့် မက်ဆီဟာ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ နောက်ထပ် အောင်မြင်မှုမရတဲ့ပြိုင်ပွဲကြီး တစ်ပွဲနဲ့ ထပ်မံကြံုရလုနီးပါး အနေအထားနဲ့လည်း ရင်ဆိုင်နေရပါတယ်။

သူဟာ ကလပ်အသင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် နိုင်ငံအသင်းမှာတော့ အဓိကဆုဖလားတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ ၂၀၁၆ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ချီလီအသင်းကိုရှုံးခဲ့တုန်းကဆိုရင် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ဖူးပါတယ်။

ပရိသတ်တွေဟာ မက်ဆီရဲ့နာမည်ကို ဒီထက်ပိုပြီး မထိခိုက်စေချင်တော့တဲ့အတွက် အနားယူစေချင်နေကြတာဖြစ်ပြီး အာဂျင်တီးနားနည်းပြနဲ့ ကျန်အသင်းသားတွေကို ဝေဖန်ခဲ့ကြပါတယ်။

ဇွန် ၂၁ ရက်က ကစားခဲ့တဲ့ပွဲမှာ ခရိုအေးရှားအသင်းက အာဂျင်တီးနားကို ရီဘစ်၊ မိုဒရစ်၊ ရာကီတစ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနားဟာ နှစ်ပွဲကစားပြီးချိန်မှာ ရမှတ် တစ်မှတ်သာ ရထားပါသေးတယ်။

အခြားပွဲစဉ်တွေမှာတော့ ဒိန်းမတ်နဲ့ သြစတြေးလျတို့ တစ်ဂိုးစီသရေကျခဲ့ပြီး ပြင်သစ်က ပီရူးကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly