FDA ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် မျိုးဇော်ဦးအား သေဒဏ်ချမှတ်

FDA ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် မျိုးဇော်ဦးအား သေဒဏ်ချမှတ်

ရန်ကုန်၊ ဇွန်လ ၂၂ ။             ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ အငှားယာဉ်မောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား လူသတ်လုယက် မုဒိမ်းကျင့်၊ ဓမ္မတာနှင့်ဆန့်ကျင်သည့် ကာမစပ်ယှက်ခဲ့မှုများမှာ ပြစ်မှုထင်ရှားသည့်အတွက် ခရိုင်တရားသူကြီးက သေဒဏ်ချမှတ်လိုက်သည်။

ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီးက အပြီးသတ် အမိန့်ချမှတ်လိုက်သည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၁ဝ နာရီ၊  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီးက ယင်းအမှုနှင့်ပတ်သက်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ် ရ နှစ်အထိပြစ်ဒဏ်ချမှတ်နိုင်သော မုဒိမ်းမှု၊ လုယက်မှု စသည့်ပြစ်မှုများအားကျူးလွန်နေစဉ် လူသတ်သည့်ပြစ်မှုကိုကျူးလွန်ပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂(၁)(ဂ)အရ အမြင့်ဆုံးပြစ်ဒဏ်သည် သေဒဏ်ဖြစ်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ဖော်ပြထားသည်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် FDA ဝန်ထမ်းအမျိုးသမီးအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက် အပြီးသတ်ကြားနာခဲ့ပြီး ယနေ့ ဇွန်လ ၂၂ ရက်တွင် ခရိုင်တရားသူကြီးက ယခုကဲ့သို့ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

FDA ဝန်ထမ်းအမျိုးသမီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့၊  ညနေပိုင်းအချိန်က လှည်းတန်းမှ နေအိမ်သို့ ကားငှားပြန်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ချောင်းဘေးတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါ သွေးထွက်ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ က သတင်းထုတ်ပြန်ထားသည်။

အမျိုးသမီးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူကို ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် သက်သေခံ ဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာစျေးအတွင်း မင်္ဂလာတောင်ညွှန့်မြို့ မရဲစခန်း၊ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly