အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ရန်ကုန်တွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ရန်ကုန်တွင် ကျင်းပ

ရန်ကုန် ဇွန် ၂၁ ။         ။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၂၁ ရက် နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ရွှေတိဂုံဘုရားအနီး၊ ပြည်သူ့ရင်ပြင်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့်အခြားမြို့နယ်များမှ ယောဂပညာရှင်များနှင့် ၀ါသနာရှင် ၃၀၀ ကျော် စုပေါင်းပြီး ကျင်းပခဲ့ကြခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယသံရုံးနှင့် ၀ါသနာရှင်များပူးပေါင်းပြုလုပ် ခဲ့ကြပြီး တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ကို ယောဂပညာရှင်များနှင့် ၀ါသနာရှင်များ ပူးပေါင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယောဂကျင့်စဉ်သည် ကမ္ဘာတဝှမ်းတွင် ရေပန်းစားလာသည့် ကျန်းမာရေးကျင့်စဉ်တစ်မျိုးဖြစ်ပြီး ခန္ဓာ ကိုယ်တစ်ခုတည်း အားစိုက်လေ့ကျင့်ရခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ လေ့ကျင့်နိုင်သည့် ကျင့်စဉ် တစ်ခု ဖြစ်သည်။

" ယောဂကျင့်စဉ် ကျင့်တော့မယ်ဆိုရင် ကိုယ်ရော၊ စိတ်ရော၊ နှလုံးရော ပတ်ဝန်းကျင်ရော၊ အကုန်လုံး ပေါင်းစပ်ပြီးမှ ကျင့်ရတဲ့ကျင့်စဉ်ဖြစ်တယ်၊ အကျိုးကျေးဇူးပြောရမယ်ဆိုရင်တော့ အံ့မခမ်းဘဲ၊ ဘာဖြစ် လို့လဲဆိုတော့ အခုခေတ်မှာ ဆေးဝါးနဲ့ကုလို့မရတဲ့ရောဂါတွေကို ယောဂနဲ့ကုလို့ရတယ်၊ ယောဂစနစ် မှာ ဆီချိုဖြစ်ရင် ဘာလုပ်ရလဲ၊ ၀မ်းချုပ်ရင် ဘာလုပ်ရလဲ၊ ဇတ်ကြောတက်ရင် ဘာလုပ်ရတယ်၊ ဆေး နည်းစနစ်တွေရှိတယ်၊ ဒါကို အစဉ်အမြဲလုပ်သွားရင် ဆေးစားစရာမလိုဘူး" ဟု ယောဂနည်းပြချုပ် ဦးခင်မောင်ဆွေက ပြောသည်။

ယောဂကျင့်စဉ်ကို အသက်(၇)နှစ်က စတင်ပြီး အသက်(၈၀)အထိ အသက်အရွယ်မရွေး လေ့ကျင့် နိုင်ကြောင်း ယောဂနည်းပြချုပ် ဦးခင်မောင်ဆွေက ဆက်ပြောသည်။ ထို့ပြင် နိုင်ငံတကာတွင် ယောဂ ကျင့်စဉ်အပေါ် လက်ခံယုံကြည်သူများပြားလာပြီး ဇွန်လ ၂၁ ရက်ရက်နေ့၌ ကမ္ဘာအနှံတွင် အပြည် ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျှက်ရှိကြောင်း သိရသည်။

ယခင်က ကျန်းမာရေးချို့တဲ့မှုများရှိခဲ့သော်လည်း ယောဂကျင့်စဉ်ကြောင့် စိတ် လက်ပေါ့ပါးလာသည့် အပြင် ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာသည်ဟု ယောဂလေ့ကျင့်သူအချို့က ပြောသည်။

" အန်တီက ဆီးချိုရှိတယ်၊ အဲဒီအခါကျတော့ ဆရာကြီးဦးခင်မောင်ဆွေက မနက် ၆ နာရီခွဲဆို တီဗီမှာ လာတယ်လေ၊ သူက ယောဂဆော့ရင် ဆီးချိုတွေလည်း သက်သာတယ်၊ အတွင်းကလီစာတွေလည်း ကောင်းတယ်ဆိုတော့ စိတ်ဝင်စားပြီးတော့ ဒီကိုရောက်လာတယ်၊ အခုဆို ၄ နှစ်ဆက်တိုက်ရှိပြီ၊ တစ် ရက်မှ မပျက်သေးဘူး၊ ဆီးချိုလည်း ကျတယ်၊ ကိုယ့်ကိုကိုယ် ထိန်းနိုင်တာပေါ့၊ မနက်တိုင်း လာဆော့ နေရမှ စိတ်က ကြည်လင်တာ" ဟု ယောဂလေ့ကျင့်သူ ဒေါ်အေးအေးမြင့်က ပြောသည်။

ယောဂကျင့်စဉ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂကနေ အပြည်ပြည်ဆို်င်ရာယောဂနေ့ကို အတည်ပြု ပေးခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံက အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကျင်းပရန် သဘောတူခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ယောဂ နေ့အဖြစ် နှစ်စဉ် ဇွန်(၂၁)ရက်ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။                     

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly