ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ မြေလှူခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းထုတ်

ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ မြေလှူခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းထုတ်

ရန်ကုန်၊ ဇွန် ၂၁ ။           ။ ငွေပင်လယ် dry port စီမံကိန်းနှင့်ပတ်သက်၍ မြေသိမ်းယူရာတွင် မြေပိုင်ရှင်များကို အစိုးရအဖွဲ့သို့မြေလှူဒါန်းကြောင်း လက်မှတ်ရေးထိုးခိုင်းမှုများရှိနေသည်ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောခဲ့ပြီးနောက် ထိုသို့လုပ်ဆောင်နေခြင်းမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဟန်ထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

ဇွန်လ၂၁ရက်နေ့၊ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၄၉ ရက်မြောက်နေ့တွင် ဒေါ်စန္ဒာမင်းက စီမံကိန်းပြုလုပ်ရန်အတွက် မြေသိမ်းယူခြင်း မိမိပိုင်မြေစွန့်လွှတ်လှူဒါန်းပါကြောင်း လက်မှတ်ရေးထိုးခိုင်းသည်မှာ လုပ်ထုံးလုပ်နည်းနှင့် ညီ/မညီ၊ မြေယာသိမ်းဥပဒေနှင့်အညီ မြေသိမ်းမိန့်ထုတ်ယူ၍သိမ်းယူခြင်း၊ လယ်ယာမြေပိုင်ဆိုင်သူ၊ တောင်သူများအား ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ငွေပေးဆောင်မှု ရှိ/မရှိ ကို မေးမြန်းခဲ့သည်။

စီမံကိန်းဧရိယာတွင်ပါ၀င်နေသော လှိုင်သာယာမြို့နယ် အလယ်ကျေးရွာအုပ်စု ကွင်းအမှတ် ၃၀၀/ခ ကုန်းရွာကွင်းရှိ မြေဧရိယာ ၄၂.၆၂ ဧကရှိ တောင်သူများကို အစိုးရအဖွဲ့သို့မြေလှူဒါန်းခိုင်းသည့်အဖြစ် ရှိနေသည်ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

"လက်မခံစဉ်ကာလတွေမှာ မြေပိုင်ဆိုင်သူလုပ်ငန်းရှင်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ dry port စီမံကိန်းအတွက် မြေစွန့်လွှတ်လှူဒါန်းပါတယ်ဆိုတဲ့စာချုပ်များရိုက်ကာ ၄င်းစာချုပ်ပေါ်မှာမြေပိုင်ရှင်တွေကို ခရိုင်အဆင့်လက်ထောက်ဌာနမှူးကနေပြီးတော့ တာဝန်ခံကာ လက်မှတ်တွေရေးထိုးခိုင်းခဲ့ပါတယ်" ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

အစိုးရအဖွဲ့သို့ အမှန်တကယ်မြေလှူဒါန်းလျှင် လျှော်ကြေးပေးသည့်ကိစ္စရပ်များ ရှိမည်မဟုတ်ကြောင်းလည်း ၄င်းကပြောသည်။

"စီမံကိန်းမြေအဖြစ်အသုံးပြုရန် ၈၀% အားလည်းကောင်း၊ လက်ရှိပိုင်ဆိုင်သူများမှ လယ်မြေအားအခြားနည်းသုံးစွဲခွင့်ရရှိပြီး မြို့မြေအဖြစ် ၂၀ % ပြန်လည်ရယူရန် သဘောတူညီမှုရရှိခဲ့သဖြင့် မူလပိုင်ရှင်တောင်သူများမှ ၄င်းတို့၏ဆန္ဒဖြင့် ၀န်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်"ဟု စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဟန်ထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ပုဒ်မ ၃၁ အပိုဒ် ၃ အရ ကောလိပ်တော်အရာရှိသည် အကျိုးခံစားခွင့်ရှိသောတောင်သူတစ်ဦးနှင့် အလဲအလှယ်ပြုသောအားဖြင့် အခြားသောမြေကိုဂရမ်ထုတ်ပေးခြင်း၊ သို့မဟုတ် ထိုသူ၏အခြားမြေအတွက် စည်းကြပ်ထားသည့်အခွန်တော်ကိုလျှော်ပစ်ခြင်း၊ သို့မဟုတ် သက်ဆိုင်သောအကျိုးခံစားခွင့်ရှိသူများအား မည်မျှသောအကျိုးဖြစ်စေမည့် အခြားသောနည်းဖြင့်   နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် သဘောတူညီမှုတစ်စုံတစ်ရာကို ပြုလုပ်ခြင်းများ ပြုလုပ်နိုင်သည်ဟု ဖော်ပြပါသည့်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးဟန်ထွန်းက ပြောသည်။

ငွေပင်လယ် dry port စီမံကိန်းဖော်ဆောင်မည့် ဧရိယာထဲတွင် ဥယျာဉ်ခြံမြေအဖြစ်လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံရ ရရှိထားသူ တောင်သူ၅ ဦး၏ မြေဧရိယာ ၂၀၁ ဧက၊ ပုံစံ ရ မရရှိထားသည့် တောင်သူ ၆ ဦး၏ လယ်ယာမြေဧရိယာ ၄၂.၆၂ ဧ စုစုပေါင်း တောင်သူ ၁၁ ဦး၏ မြေဧရိယာ ၂၄၃.၆၂ ဧက ပါ၀င်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly