ရေဘေးသင့်သူများကို မဲပေးခွင့်ကတ် ရွေးကောက်ပွဲမတိုင်မီ ရရက်အလိုတွင် ထုတ်ပေးမည်

ရေဘေးသင့်သူများကို မဲပေးခွင့်ကတ် ရွေးကောက်ပွဲမတိုင်မီ ရရက်အလိုတွင် ထုတ်ပေးမည်
Photo- Thet Ko (Mizzima)

ပယ်ချခံအမတ်လောင်းများ ကော်မရှင်ထပ်မံစိစစ်ပေးမည်

ရေဘေးသင့်သူများအတွက် မဲပေးခွင့်ရှိသူကတ်များကို ရွေးကောက်ပွဲမတိုင်မီ ၇ရက်အလိုတွင် စတင်ထုတ်ပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာ ၁ရက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

"မဲပေးဖို့ မှတ်ပုံတင်ပါမှ မဟုတ်ဘူး။ မှတ်ပုံတင်မပါရင် သက်သေခံကဒ်၊ ကျောင်းသားကဒ်၊ ဝန်ထမ်းကဒ်၊ ယာဉ်မောင်း လိုင်စင်၊ အခုထုတ်ပေးမယ့် သက်သေခံကတ် ဒါတွေပါရင်လည်း မဲပေးနိုင်မယ်။" ဟု ဦးတင်အေးက ပြောသည်။

အစိုးရစာရင်းများအရ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း မိုးထန်ရေကြီးမှုကြောင့် မြန်မာနိုင်ငံအနံှ့ရေဘေးဒဏ်ခံစားရသူ ၁ ဒဿမ ၆သန်း ကျော် ရှိနေပြီး၊ အိမ်ထောင်စုပေါင်း တစ်သိန်းကျော် လုံးဝပျက်ဆီး ဆုံးရှုံးကာ ၁၂၂ ဦး သေဆုံးခဲ့သည်။

မဲပေးနိုင်ရေး သက်သေခံကတ်များကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှူး ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးများတွင် ထုတ်ပေးမည်ဖြစ်ပြီး၊ မဲစာရင်းတွင် အမည်ပါရှိရန် လိုအပ် သည်။

"အဲဒီကတ်ကို ကော်မရှင်ရုံးတွေမှာ ထုတ်ပေးမှာ။ အုပ်ချုပ်ရေးမှုးထောက်ခံချက်တွေနဲ့ ထုတ်ရမှာပေါ့။ လာမထုတ်နိုင်ရင် အိမ်အထိ လိုက်ပို့ပေးဖို့ ပါတီတွေကတော့ ပြောတယ်။ အဲဒီအတွက်ကိုလည်း ပါတီတွေ၊ အရပ်ဖက်အဖွဲ့နဲ့ သက်ဆိုင်ရာ ကော်မရှင်တွေ ပူးပေါင်းပြီး လိုက်လုပ်ပေးဖို့တော့ ဒီနေ့သဘောတူလိုက်တယ်။" ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေက မဇ္ဈိမ ကိုပြောသည်။

မဲစာရင်း၌ အမည်ပါရှိရန် လိုအပ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံး မဲစာရင်းကို စက်တင်ဘာလ ၁၄ရက်မှ စတင်ကာ ၂ပတ် ကြာ ထုတ်ပြန်ပေးထားမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က မဇ္ဈိမကို ပြောသည်။

"တစ်နိုင်ငံလုံးမဲစာရင်းတွေကို ထုတ်မှာဆိုပေမယ့်။ ရေဘေးသင့်တဲ့နေရာက မဲစာရင်းတွေ ပါမပါကိုတော့ မဆုံးဖြတ်နိုင် သေးဘူး။ ပါရင်လည်း ပါလာမယ်။ မပါတာလည်း ဖြစ်နိုင်တယ်။" ဟု ၎င်းကဆို သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ရှိအချိန်ထိ နေပြည်တော်ရှိ ဗဟိုအချက်အလက်သိမ်းဆည်းရာနေရာတွင် မဲစာရင်း ၃၂သန်းကျော် ရရှိထားပြီဖြစ်သည်။

ပယ်ချခံအမတ်လောင်းများ ကော်မရှင်ထပ်မံစိစစ်ပေးမည်

နိုင်ငံရေးပါတီပေါင်း ၉၀မှ တင်ပြထားသည့် အမတ်လောင်း ၆၀၀၀ ကျော်တွင် သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ ခွဲများ စိစစ်မှုအပြီး၊ တိုင်းနှင့် ပြည်နယ်အနံှ့ရှိ အမတ်လောင်းပေါင်း ၈၈ဦးကို ပယ်ချခဲ့ပြီးဖြစ်သည်။

ဥပဒေအရ ပြည်နယ်နှင့် တိုင်းကော်မရှင်အဖွဲ့ခွဲများသို့ ထပ်မံအယူခံဝင်ခွင့်ရှိပြီး ယင်းအဆင့်၏ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဟု ဆိုသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက ၎င်းတို့ ပယ်ချသည့် အကြောင်းအရာများ အပေါ် အခြေခံကာ ပြန်လည်စိစစ်မှုများကို ဆောင်ရွက်ပေးမည်ဟု စက်တင်ဘာ ၁ရက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ဦးတင်အေးက ပြောကြားခဲ့သည်။

"ဥပဒေ ပုဒ်မ ၅၃အရ၊ အခုပယ်ချခံရတဲ့သူတွေကို ကျွန်တော်က လူကြီးလုပ်ပြီး ပြန်စိစစ်ပေးမယ်။ ပယ်ချခံရတဲ့ သူတွေက တစ်ပတ်အတွင်းတော့ အမှီတင်ပေးရမှာပေါ့။" ဟု ၎င်းကပြောသည်။

သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃တွင် ရွေးကောက်ပွဲအတွက် ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်များနှင့် ဆက်လျဉ်း၍ ကော်မရှင်သည် မိမိဆန္ဒအလျောက် သက်ဆိုင်ရာ အမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဌာန်းထားသည်။

ကချင်ပြည်နယ်တွင် ၁ဦး၊ ကယားပြည် ၂ဦး၊ ကရင် ၅ဦး၊ စစ်ကိုင်း ၂ဦး၊ ပဲခူး ၉ဦး၊ မကွေး ၂ ဦး၊ မွန် ၄ဦး၊ ရခိုင် ၂၈ဦး၊ ရန်ကုန် ၂၄ဦးနှင့် ရှမ်း ၁၁ဦး စုစုပေါင်း အမတ်လောင်း ၈၈ဦးတို့ သက်ဆိုင်ရာ ခရိုင်အဆင့်ရွေးကောက်ပွဲ ကော်မရှင်တို့က ပယ်ချထားသည်။

"ကျွန်တော်တို့ ပါတီက အကုန်လုံးနီးပါးအပယ်ခံရတယ်။ အဲဒီတော့ အခုကော်မရှင်ဥက္ကဌကို တိုက်ရိုက်တင်ပြီး အယူခံတင်လို့ရပြီ။ အဲဒီလိုလုပ်ဖို့လည်း ပါတီက ပြင်ဆင်နေတယ်။" ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ အတွင်းရေးမှုး ဦးကျော်စိုးအောင်က ဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရခိုင်ပြည်နယ်မှမဲဆန္ဒနယ်အချို့မှ ဝင်မည့် ၁၁ ဦးလုံးနှင့် ရန်ကုန်မှ ၆ ဦးလုံးကို နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူမဟုတ်သည့် အချက်ဖြင့် ပယ်ခံထားရသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ရန်ကုန်နှင့် ရခိုင်တို့မှ အမတ်လောင်း စုစုပေါင်း ၁၈ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ဖြစ်သည်။

အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အမည်စာရင်းတင်သွင်းထားသည့် ၁၁၃၈ ဦးမှ ၇ဦးကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲ့များက ပယ်ချထားသည်။ ယင်းအတွက်ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အယူခံဝင်ရန် ပြင်ဆင်နေသည်ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

"အယူခံဝင်ဖို့ကို ဘယ်လိုအချက်အလက်နဲ့ ပယ်တယ်ဆိုတာကို မသိရသေးဘူး။ အဲဒီအပေါ်မှာအခြေခံပြီး သိရတော့မှပဲ ဆောင်ရွက်မယ့်အကြောင်းအရာကို အတိအကျပြောလို့ရမယ်။" ဟု ၎င်းကဆိုသည်။

ပြည်နယ်နှင့် တိုင်းအဆင့် အယူခံဝင်ပြီးနောက် ထပ်မံပယ်ချခံရပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အယူခံဝင်ရန် ၇ ရက်အတွင်း တင်ပြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly