ဖိလစ်ပိုင်တွင် စစ်တပ်နှင့် အိုင်အက်စ်ဆက်နွယ်သူပုန်အုပ်စု တိုက်ပွဲများ ထပ်ဖြစ်၍ နေရပ်စွန့်ထွက်ပြေးသူ တစ်သောင်းကျော်ရှိ

ဖိလစ်ပိုင်တွင် စစ်တပ်နှင့် အိုင်အက်စ်ဆက်နွယ်သူပုန်အုပ်စု တိုက်ပွဲများ ထပ်ဖြစ်၍ နေရပ်စွန့်ထွက်ပြေးသူ တစ်သောင်းကျော်ရှိ

မနီလာ၊ ဇွန် ၂၀ ။            ။ ဖိလစ်ပိုင်နို်င်ငံ တောင်ပိုင်း မန်ဒါနာအိုကျွန်းတွင် စစ်တပ်နှင့် အိုင်အက်စ်ဆက်နွယ် Maute သူပုန်အုပ်စုတို့ကြား တိုက်ပွဲများ အသစ်တစ်ဖန် ထပ်ဖြစ်လာရာ နေအိမ်စွန့် ဘေးလွတ်ရာထွက်ပြေးသူပေါင်း ၁၁၀၀၀ ကျော်ထက်မနည်း ရှိကြောင်း အစိုးရက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်သည်။

ဇွန် ၁၇ ရက်တွင် စစ်တပ်က ၂၄ နာရီ ထိုးစစ်ဆင်ရာ အခြားအရပ်များသို့ ဘေးကင်းရေးအတွက် ထွက်ပြေးသူ မိသားစုပေါင်း ၂၂၀၀ ကျော်မှ ဦးရေ ၁၁၁၇၀ ကျော်အထိ ရှိကြောင်း လာနာအိုဒယ်ဆာ ပြည်နယ်သဘာဝဘေး စီမံရေးကောင်စီ ထုတ်ပြန်သည်။

အရှေ့တောင်အာရှ အိုင်အက်စ်အုပ်စု၏ ခေါင်းဆောင်အဖြစ် သိထားသော Maute အုပ်စုအကြီးအကဲ အဘူဒါကို ဖမ်းဆီးရမိရေး ရည်ရွယ်သည့် ဇွန် ၁၇ ရက်က စတင်သော တိုက်ပွဲစဉ်တွင် အစွန်းရောက် ငါးဦးကို သုတ်သင်လိုက်နိုင်ကြောင်း စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူး ရိုမီယိုဘရောနာက ပြောသည်။

ပြီးခဲ့သည့် မာရာဝီမြို့ လက်ရသိမ်းပိုက်ရေး ငါးလတာတိုက်ပွဲကာလအတွင်း စစ်သွေးကြွသူပုန် ခေါင်းဆောင်များမှ တစ်ဦးဖြစ်သည်ဟု ကောက်ချက်ချထားသူ အဘူဒါသည် လာနာအိုဒယ်ဆာ တောတောင်ထူထပ်ရာ အရပ်တွင် တပ်ချထားကြောင်း စစ်ထောက်လှမ်းရေးက သတင်းပေးပို့ထားခြင်း ဖြစ်သည်။

၂၀၁၇ မတ်လအတွင်းက ဖြစ်ပွားသော မာရာဝီမြို့အား သူပုန်များ စီးနင်းသိမ်းပိုက်၍ ပြန်လည်တိုက်ခိုက်ရယူသည့် ငါးလတာ တိုက်ပွဲအတွင်း သူပုန်စစ်သွေးကြွ ၉၂၀၊ စစ်သား ၁၆၅ နှင့် အရပ်သား ၄၇ ဦး သေဆုံးခဲ့ကာ လူပေါင်း သုံးသိန်းခြောက်သောင်းနီးပါး နေရပ်ပြောင်းရွှေ့ခဲ့ရသည်။

အနက်ရောင် အိုင်အက်စ်အလံများ လွွှင့်တင်ထားသည့် ယင်းစစ်သွေးကြွများအတွက် အဆိုပါ အရပ်က ကြွယ်ဝသည့် ရင်းမြစ်များ ရှိနေပြီး ၎င်းတို့အနေဖြင့် ဆယ်စုနှစ်များအတွင်း ဖိလစ်ပိုင်တွင် အကြီးဆုံးလက်နက်ကိုင်ပဋိပက္ခကို ဖန်တီးရေး စိုင်းပြင်းနေကြောင်း စစ်ထောက်လှမ်းရေးက ဆိုသည်။

လူဦးရေ သန်း ၂၀ နီးပါး ရှိနေသည့် မန်ဒါနာအိုဒေသတစ်ခုလုံးကို သမ္မတ ဒူတာတေးက မာရှယ်လော ကြေညာထားပြီး အရေးပေါ်လုပ်ငန်းစဉ်ကို ၂၀၁၈ တစ်နှစ်လုံးအတွက် ချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly