(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ယူရို သန်း(၄၀၀)ဖိုး ရောင်းရရန် မျှော်မှန်းထား

.

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဇွန်လ ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့ ဇွန်လ ၂၀ရက်ကစပြီး နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ခင်းကျင်းပြသလျက် ရှိပြီး ရောင်းရငွေ စုစုပေါင်း ယူရိုငွေ သန်း ၄၀၀ ရရှိမည်ဟု ခန့်မှန်းထားကြောင်း ပြပွဲကျင်းပရေးကော်မတီ ဒုဥက္ကဌ ဦးသန်းဇော်ဦးက ပြောသည်။

“ဒီပွဲကလည်း မှန်းတာကတော့ အကြမ်းဖျင်းကတော့ ၄၀၀ဝန်းကျင်လောက်တော့ ရောင်းရမယ်လို့တော့ ခန့်မှန်းပါတယ်” ဟု ၎င်းက ပြောသည်။

(၁၀)ရက်ကြာ ကျင်းပမည့် အဆိုပါ ပြပွဲတွင် ပုလဲ ၃၆၀တွဲ၊ ကျောက်မျက် ၃၃၆တွဲနှင့် ကျောက်စိမ်း ၆၇၉၅တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

အခြေခံဈေးအဖြစ် ပုလဲတစ်တွဲလျှင် ယူရို ၅၀၀၀၊ ကျောက်မျက်တစ်တွဲလျှင် ယူရို ၅၀၀၊ ကျောက်စိမ်းအချောထည် တစ်တွဲလျှင် ယူရို ၁၀၀၀နှင့် ကျောက်မျက် အရိုင်းထည်တစ်တွဲလျှင် ယူရို ၄၀၀၀ အဖြစ် သတ်မှတ်ထားသည်။

ပြပွဲကို ပြည်တွင်းကုန်သည် ဦးရေ ၁၂၀၀ကျော်နှင့် ပြည်ပကုန်သည်ဦးရေ ၃၀၀၀ ကျော် တက်ရောက်ရန် စာရင်းပေးထားပြီး ထူးခြားချက်အနေဖြင့် ယခင်က ပြပွဲများတွင် တက်ရောက်လေ့မရှိသည့် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံမှ ကုန်သည်တချို့ ပါဝင်သည်ဟု ဦးသန်းဇော်ဦးက ဆိုသည်။

ပုလဲအတွဲများကို ဇွန်လ ၂၀၊ ၂၁ရက်များတွင် ရောင်းချသွားမည်ဖြစ်ပြီး ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို ဇွန်လ ၂၃ရက်မှ ၂၉ရက်အထိ ရောင်းချသွားမည်ဖြစ်သည်။

ယနေ့စတင်သည့် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းတို့ တက်ရောက်လာကြသည်။