ခွင့်ဆိုတဲ့ တေးစီးရီးသစ်နဲ့ မိတ်ဆက်လာတဲ့ တေးသံရှင် လေးနက်

ခွင့်ဆိုတဲ့ တေးစီးရီးသစ်နဲ့ မိတ်ဆက်လာတဲ့ တေးသံရှင် လေးနက်

ရန်ကုန် ဇွန် ၂၀ ။            ။ တေးသံရှင် လေးနက်က ခွင့်လို့ နာမည်ပေးထားတဲ့ တေး စီးရီးသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ စာနယ်ဇင်း မိတ်ဆက်ပွဲပြုလုပ်ခဲ့တာပါ။

ဒီတေးစီးရီးဟာ လေးနက်ရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးသစ်ဖြစ်သလို ၆ နှစ်နီးပါး အချိန် ယူကြိုးစားထားတာ ဖြစ်တယ်လို့ သိရပါတယ်။ တေးသံရှင် လေးနက်ဟာ ၂၀၀၇ ခုနှစ်၊ Melodyworld သီချင်းဆိုပြိုင်ပွဲမှာ တတိယအဆင့်ထိ ပါ၀င်ယှဉ်ပြိုင်ခဲ့ဖူးသလို အခြားသူတွေနဲ့ တွဲဖက်ထားတဲ့ စီးရီး ခွေတွေလည်း ထွက်ရှိထားသူတစ်ဦးဖြစ်ပါတယ်။

ဒီတေးစီးရီးမှာ စီးရီးခေါင်းစဉ်ပေးထားတဲ့ ခွင့်ဆိုတဲ့အမည်ဟာ အချစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာဖြစ်ပြီး အနှစ်သက်ဆုံးဖြစ်တဲ့အတွက် ဒီနာမည်လေးပေးဖြစ်တာလို့ လေးနက်က ပြောပါတယ်။
"ခွင့်သီချင်းထဲမှာတော့ အချစ်နဲ့ပတ်သက်တဲ့ခွင့်ပဲ၊ ဒါပေမယ့် အဲဒီ ခွင့်ဆိုတဲ့စာလုံးလေးကိုကြိုက်လို့ ကျွန်တော့် အခွေနဲ့ပတ်သက်ပြီးတော့ရော၊ နောက်ပြီး တခြားလုပ်ခွင့်၊ နေခွင့်၊ စားခွင့်၊ အိပ်ခွင့်အကုန် လုံးပေါ့၊ ဒါတွေနဲ့ပတ်သက်ပြီး ခွင့်ဆိုတဲ့ စကားလုံးကလေးကို ကြိုက်လို့ ရွေးဖြစ်သွားတာ" လို့ တေးသံရှင် လေးနက်က ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ ဟယ်လို၊ မင်းမသိလို့၊ ကွမ်းယာ၊ အလွမ်းနဲ့ဒီဇင်ဘာ၊ သရဲဖြစ်ချင်တယ်၊ ခွင့်၊ ငါ လိမ္မာ နေပြီ၊ ဇာတ်ရှုပ်မ၊ အိပ်မက်သခင်၊ လူဖြစ်ရှုံးတဲ့လူ၊ ရည်ရွယ်သူသို့နဲ့ အရိပ်သက်သက်ဆိုတဲ့ Rock တေးသီချင်း ၁၂ ပုဒ် ပါ၀င်ပါတယ်။ ဒီတေးစီးရီးထဲက သီချင်း ၁၂ ပုဒ်ကို လေးနက်ကိုယ်တိုင် ရေးသားထားပြီး ၄ ပုဒ်ကိုတော့ တေးသံရှင် သာဒီးလူက ရေးသားထားတယ်လို့ သိရပါတယ်။

" ကျွန်တော်လည်း သူ့ကိုအားကျတယ်လေ၊ ကျွန်တော်တို့ ပြိုင်ပွဲတွေ ပြိုင်တဲ့အချိန်မှာ သူက ဆုရတာ ဆိုတော့ သူ့ကိုအားကျတာ၊ ဟာ ဒီလူကြီး အသံလည်းကောင်းတယ်ဆိုပြီးတော့ ဒီလူကြီးကို ငါ သီချင်း လေးရေးပေးခွင့်ရရင် ကောင်းမှာပဲဆိုပြီးတော့၊ အခုလို အခွင့်အခါကြုံလာတော့ ရေးပေးဖြစ်တာ၊ ကျွန်တော်ရေးပေးတာတွေကို သူပြန်ဆိုတော့ ကျွန်တော်ကိုယ်၌က အားကျရတာဆိုတော့ သူ့ကို အားရတာပေါ့" လို့ တေးရေး၊ တေးဆို သာဒီးလူက ပြောပါတယ်။

ခွင့်လို့ နာမည်ပေးထားတဲ့ တေးစီးရီးသစ်ထဲမှာ ပါ၀င်တဲ့သီချင်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေးသားထားတဲ့ သီချင်းတွေပါ၀င်သလို၊ လတ်တလောခံစားချက် သီချင်းတွေလည်းပါ၀င်တဲ့ အတွက် ပရိတ်သတ်တွေ အကြိုက်တွေ့ဖို့ မျှော်လင့်ထားတယ်လို့ တေးသံရှင်လေးနက်က ပြောပါတယ်။

" ဒီအခွေထဲမှာ အိမ်ဖြည့်ဆိုပြီးထည့်ထားတဲ့သီချင်းတွေ တစ်ပုဒ်မှ မပါဘူး၊ ကျွန်တော် အကုန်လုံး ကြိုက်တဲ့သီချင်းတွေချည်းပါပဲ၊ အဲဒါကြောင့် ကျိုက်ထီးရိုးဘုရားက ထိုးမုန့်မြည်းသလိုမျိုး အရင် အမြည်းစားကြည့်ပေါ့ဗျာ၊ ရတဲ့နေရာကနေ အမြည်းစားကြည့်ပြီးတော့ ဒီခွေလေးက ငါတို့ဝယ်ဖို့ တန်တယ်ဆိုရင် ၀ယ်ပြီးအားပေးကြပါ" လို့ တေးသံရှင်လေးနက်က ပြောပါတယ်။
ဒီတေးစီးရီးကို BO BO Music Production ကနေ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ချိသွား မယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly