မိကျောင်းတွေနဲ့ တရင်းတနှီးရှိတဲ့ ရွာငယ်လေး

မိကျောင်းတွေနဲ့ တရင်းတနှီးရှိတဲ့ ရွာငယ်လေး

ဇွန် ၂၀ ။           ။ မိကျောင်းဆိုတာကတော့ တကယ်တော့ လူသားတွေကို အန္တရာယ်အပြုနိုင်ဆုံး တိရိစ္ဆာန်တွေထဲမှာ ပါ၀င်နေတယ်ဆိုပေမယ့် အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘာကီနာ ဖာဆိုက ရွာလေးတစ်ရွာမှာတော့ ရွာသားတွေဟာ အဆိုပါ ကြောက်စရာ တွားသွားတိရိစ္ဆာန်တွေနဲ့ တရင်းတနှီး နေထိုင်ကြတာကို ထူးထူးခြားခြား တွေ့ရမှာဖြစ်ပါတယ်။

မြို့တော် Quagadougou ကနေ မိုင် ၂၀ အကွာမှာ ရှိတဲ့ Bazoule အမည်ရ ယင်းရွာလေးမှာ နေထိုင်ကြသူတွေကတော့ မိကျောင်းကောင်ရေ ၁၀၀ ကျော်လောက် ရှိတဲ့ ရေကန်တစ်ခုကို အတူတကွ အသုံးပြုနေလျက်ရှိပါတယ်။

" ကျွန်တော်တို့ငယ်ငယ်လေးကတည်းက ဒီမှာ ဒီလိုပဲ မိကျောင်းတွေနဲ့ တရင်းတစ်နှီးပဲ နေခဲ့ကြတာပါ၊ ဒီ ရေကန်ထဲလည်း ရေ ဆင်းကူးကြတာပဲ၊ အကုန်လုံးဒီလိုချည်းပါပဲ" ဆိုပြီး ရွာသားတစ်ဦးဖြစ်တဲ့ ပီရာရီ ကာဘိုးက ပြောပြပါတယ်။

"ကျွန်တော်တို့ဆို ဒီ မိကျောင်းတွေနဲ့ နီးနီးကပ်ကပ် နေတာပဲလေ၊ သူတို့အပေါ် တက်ထိုင်လည်း ဘာမှ မဖြစ်ဘူး၊ တကယ်လို့ ခင်ဗျား မကြောက်တတ်ဘူးဆိုရင် သူတို့ကျောခုံးပေါ် တက်အိပ်နေလို့တောင် ရသေးတယ်၊ သူတို့ ဘာမှ ပြန်မလုပ်ပါဘူး၊ တကယ်တော့ သူတို့က ဒီမှာ အလေးအမြတ်ထားတဲ့ မိကျောင်းတွေပါ၊ သူတို့ လူတွေကို ဘာမှ အန္တရာယ်ပြုမှာမဟုတ်ပါဘူး" လို့ ၎င်းက ပြောသွားပါတယ်။

ဒဏ္ဍာရီတွေအရတော့ ယင်းရွာလေးဟာ တစ်ချိန်တုန်းက ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ ဆိုးဆိုးရွားရွား ကြံုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ သောက်ရေသုံးရေ ပြတ်လပ်နေချိန်မှာပဲ  မိကျောင်းတွေက လူသူမတွေ့သေးတဲ့ ရေကန်တစ်ခုဆီ ရွာသားတွေကို လမ်းပြခေါ်သွားရာကနေ တစ်ရွာလုံး သောက်သုံးရေအတွက် အဆင်ပြေသွားခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းအချိန်ကစလို့ မိကျောင်းတွေကို ဂုဏ်ပြုကျေးဇူးပြုတဲ့ ပါတီပွဲတစ်ခုကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာဟာဆိုရင် ယခုအချိန်ထိ ဖြစ်တယ်လို့ ကာဘိုးက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly