“ ကြေကွဲစရာ အဖြစ်ဆိုးတွေ ရပ်ပါစေတော့ ”

“ ကြေကွဲစရာ အဖြစ်ဆိုးတွေ ရပ်ပါစေတော့ ”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့တဲ့ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ကတော့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ထဲမှာ စာအုပ်လိုက်ရောင်းတဲ့ စစ်မှုထမ်းဟောင်း နှစ်ယောက် သေနတ် ပစ်ခတ်ခံ ရပြီးသေဆုံးသွားတယ် ဆိုတဲ့ သတင်းပါ။ ပစ်ခတ်သူ ဘယ်သူတွေမှန်းတော့ မသိရသေး ပါဘူး။ ပတ်ခတ်ခံလိုက်ရတဲ့ စစ်မှုထမ်းဟောင်း နှစ်ယောက်ကတော့ တိုက်ပွဲမှာရတဲ့ ဒဏ်ရာတွေနဲ့ အငြိမ်းစား ယူထားရတဲ့ နောင်ချိုနဲ့ မိုင်းရယ် အခြေစိုက် ခမရ ၁၁၅ နဲ့ ခမရ ၆၇ က ဖြစ်တယ်လို့ သိရပါတယ်။

အငြိမ်းစားယူပြီးနောက် ဝမ်းစာရေးကြောင့် စာအုပ် လှည့်လည် ရောင်းချရင်း ခုလို ဖြစ်ရပ်မျိုး ကြုံလိုက်ရတာကတော့ စိတ်မကောင်းစရာပါ။ အဲဒီ တပ်ကြပ်ကြီးဟောင်း နှစ်ယောက်မှာ မိသားစု သားသမီးတွေလည်း ကျန်ရစ်နေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ခုလို ကြေကွဲစရာ အဖြစ်ဆိုး ဘာကြောင့် ဖြစ်ရတာလဲ၊ နောင်မဖြစ်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ရင် ရနိုင်မလဲဆိုတာ ဆွေးနွေး သုံးသပ်ကြည့်ရအောင်ပါ။

တကယ်တော့ စစ်ယူနီဖောင်း နွမ်းနွမ်းလေးတွေ ဝတ်၊ စစ်လွယ်အိတ်လေးတွေ လွယ်၊ စာအုပ်တွေကို လက်ကနေ ပွေ့ပိုက်ရင်း တစ်အိမ်တက်ဆင်း စာအုပ်လိုက်ရောင်းနေကြတဲ့ မသန်မစွမ်း ဒုက္ခိတ ဘဝ ရောက်နေရတဲ့ စစ်မှုထမ်းဟောင်းတွေကို ရန်ကုန်နဲ့ အခြား မြို့ကြီး ပြြကြီးတွေမှာ နေထိုင်ကြသူတိုင်း မြင်ဖူးကြပါလိမ့်မယ်။ တံခါးကို ခေါက်ပြီး သူတို့တွေ ရောက်လာရင် ပွေ့ပိုက်လာတဲ့ စာအုပ်တွေ ကိုရောင်းချပါမယ်၊ အိမ်ရှင်၊ တိုက်ခန်းပိုင်ရှင်တွေက စာအုပ် မဝယ်လိုဘူး၊ အလှူငွေ ပေးမယ်ဆိုရင်လည်း လက်ခံလေ့ မရှိပါဘူး။ စာအုပ်ဝယ်ပါလို့ ပြောပြီး စာအုပ်ပဲ ရောင်းလေ့ ရှိပါတယ်။ တစ်နေ့ တစ်နေ့ သူတို့ စာအုပ် လှည့်လည်ရောင်းချတာ အမြတ်အစွန်းငွေ ဘယ်လောက် ရတယ် မသိနိုင်ပေမယ့် အဲလို စစ်မှုထမ်းဟောင်း တစ်ချို့ စာအုပ် လှည့်လည်ရောင်းချတဲ့ အလုပ် လုပ်နေတဲ့မြင်ကွင်းမျိုးတွေ့နေ ရတာကတော့ အနှစ် ၁၀၊ ၂၀ မကတော့ပါဘူး။

အဓိက ပြသနာကတော့ တိုက်ပွဲမှာ ဒဏ်ရာရသွားတော့ မသန်မစွမ်း ဖြစ်သွားတယ်၊ ဒီအခါ တပ်မတော်မှာ ဆက်ပြီး အမှုမထမ်းနိုင်တော့ အငြိမ်းစား ယူလိုက်ရတယ်၊ အငြိမ်းစားယူပြီးနောက် မိသားစု စားဝတ်နေရေးအတွက် အခြားသော သက်မွေးဝမ်းကျောင်းကို ပြောင်းလဲ လုပ်ကိုင်စရာ အရင်းအနှီးလည်း မရှိ၊ ကျွမ်းကျင်မှုလည်း တစ်စုံတစ်ရာ ရှိဟန်မပေါ်သူ တစ်ချို့ ခုလိုပဲ သက်မွေးဝမ်းကျောင်း ပြုကြပုံ ရပါတယ်။ အားလုံးသိကြတဲ့အတိုင်း အငြိမ်းစား တပ်ကြပ်ကြီး တစ်ယောက်ရဲ့ ပင်စင်လစာဟာ မိသားစု စားဝတ်နေရေး ပြေလည်စေသည်အထိ လုံလောက်မှု မရှိနိုင်ပါဘူး။ ဒီနေ့ခေတ်လို အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ခေတ်မှာ ပိုလို့တောင် အခြေအနေ ဆိုးစေပါတယ်။

အခု ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ စစ်မှုထမ်းဟောင်း နှစ်ယောက်ကတော့ နောင်ချို မြို့နယ်ဘက်မှာ ဆိုင်ကယ်နဲ့ သွားလာပြီး စာအုပ်ရောင်း ဝမ်းစာရှာသူတွေလို့ နယ်မြေခံ ရဲစခန်းက ပြောဆိုပါတယ်။ ဒီ သက်မွေးဝမ်းကျောင်းဟာ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ မြင်တွေ့နေရတဲ့ စာအုပ်လိုက်ရောင်းတဲ့ သက်မွေးဝမ်းကျောင်းနဲ့ အတူတူပဲဖြစ်ပြီး၊ နယ်ဒေသ ဖြစ်တာကြောင့် ဆိုင်ကယ်နဲ့ လိုက်ရောင်းတာပဲ ကွာခြားပါ တယ်။

ဒုတိယပြဿနာကအဲဒီ စစ်မှုထမ်းဟောင်းတွေကို စစ်ဝတ်စုံနဲ့ ဆိုင်ကယ်ပေါ်မှာ မြင်လိုက်ရတာကြောင့် ရန်သူလို့ ထင်မှတ်ပြီး လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုက ပစ်ခတ်လိုက် တာဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ ဆိုင်ကယ်ပေါ်မှာဆိုရင် မသန်မစွမ်း ဖြစ်နေတယ် ဆိုတာကိုလည်း သိနိုင်ကြမှာ မဟုတ်ပါဘူး။ ဒီ ပြဿနာကို ဆန်းစစ်ကြည့်ရင် အချက်နှစ်ချက်ကို တွေ့ရပါတယ်။ ပထမ အချက်က စစ်မှုထမ်းဟောင်းတွေ စားဝတ်နေရေး မပြေလည်မှုဖြစ်ပြီး ဒုတိယ အချက်ကတော့ ပြည်တွင်းစစ်ပါ။

တကယ်တော့ တပ်မတော်သား ပင်စင်စားမှ မဟုတ်ပါဘူး။ အစိုးရဝန်ထမ်း ဘယ်အငြိမ်းစားကမှ သူတို့ရဲ့ အငြိမ်းစား လစာက စားလို့ သောက်လို့ လောက်ငှတာ မဟုတ်ပါဘူး။ အများစုဆို နှစ်ပေါင်းများစွာ အစိုးရ ဝန်ထမ်းအဖြစ် ရိုးရိုးသားသား လုပ်၊ အငြိမ်းစားယူချိန် နေစရာတောင် ရှိတာ မဟုတ်ပါဘူး။ တပ်မတော်သား အငြိမ်းစားတွေလည်း ထို့နည်းလည်းကောင်း ပါပဲ။ အမှန်ဆိုရင် တပ်မတော်ဟာမြန်မာနိုင်ငံမှာ ဘတ်ဂျက်ငွေကြေး အများဆုံးသုံးတဲ့ အင်စတီကျူးရှင်းကြီးပါ။ မျက်မှောက်ခေတ်မှာဆို ခေတ်မီ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ ဝယ်ယူ အားဖြည့်နေတာတွေ လည်းတွေ့နေရပါတယ်။

အလားတူ ၁၉၈၈ နောက်ပိုင်းကစ ဖွဲ့စည်းထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လို၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလို အင်အား အလွန်ကြီးတဲ့ ကုမ္ပဏီကြီးတွေဟာလည်း တပ်မတော်ပိုင်ပါ။ တပ်မတော် သားတွေ၊ အငြိမ်းစားတွေရဲ့ အစုရှယ်ယာတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အထူးအခွင့်အရေးတွေလည်း အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော် ကိုယ်တိုင်ကရော၊ အဲဒီ ကုမ္ပဏီကြီးတွေ ကပါ အောက်ခြေ အငြိမ်းစား တပ်မတော်သားတွေရဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းပေးနိုင်ခြင်း မရှိတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာတော့ တပ်မတော် ထိပ်တန်းဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့ သားသမီးတွေနဲ့ ဆွေမျိုးသားချင်းတွေဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး လူပုဂ္ဂိုလ်တွေ ဖြစ်လာကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ ကသူဌေးတွေနဲ့ နှိုင်းယှဉ်နိုင်သည်အထိ ကြွယ်ဝ ချမ်းသာကြပါတယ်။ ဒါပေမယ့် အောက်ခြေ မသန်စွမ်း အငြိမ်းစား စစ်သည်တွေကတော့ စာအုပ်ရောင်းသူရောင်း၊ အခြား အောက်ခြေ အလုပ် လုပ်သူ လုပ်ပြီး မဝတဝ ဝမ်းရေး ဖြေရှင်းနေကြတာကတော့ အတော်လေးကို ကြေကွဲဖို့ကောင်းတဲ့ အခြေအနေပါ။ ဒီ ပြဿနာကို လက်ရှိ တပ်မတော်ခေါင်းဆောင်တွေ အသေအချာ ဆွေးနွေးဖြေရှင်း သင့်ပါတယ်။

နောက်ပြဿနာ တစ်ခုကတော့ ပြည်တွင်းစစ်ပါ။ ပြည်တွင်းစစ်ကြောင့် အဲဒီ တပ်မတော် သားတွေ ထိခိုက်ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်ခဲ့ရတာပါ။ ခုလည်း ပြည်တွင်းစစ် မငြိမ်းချမ်းလို့ ဒုက္ခတဘ၀ ရောက် တာတောင် ကောင်းရောင်းကောင်းဝယ် လုပ်မစားနိုင်ပဲ ရန်သူထင်မှတ်ပြီး ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်အောက်ခြေ တပ်မတော်သား မိသားစုတွေကို ချစ်ခင်ငဲ့ညှာရင် ပြည်တွင်းစစ်မီး ငြိမ်းသွားအောင်လည်း အားကြိုးမာန်တက် လုပ်ကိုင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags