တရုတ်နိုင်ငံသူ ပြည့်တန်ဆာ ၁၇ ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးကို လဝက ဥပဒေဖြင့် ထပ်တရားစွဲရန်ပြင်

တရုတ်နိုင်ငံသူ ပြည့်တန်ဆာ ၁၇ ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးကို လဝက ဥပဒေဖြင့် ထပ်တရားစွဲရန်ပြင်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇွန် ၂၀ ။         ။ တောင်ဥက္ကလာပမြို့နယ်ထဲက အလှပြင်ဆိုင်လုပ်ငန်းကို အမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသူ ၁၇ ဦးနှင့် ဆိုင်မန်နေဂျာ တရုတ်နိုင်ငံ သား ၂ ဦးတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပါ ထပ်တိုးပြီး တရားစွဲနိုင်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးရွှေဌေးက ပြောဆို လိုက်ပါတယ်။

အခုလို ပုဒ်မထပ်တိုးပြီး တရားစွဲဆိုဖို့လုပ်ရတာကတော့ စီးပွားရေးဗီဇာကိုင်ဆောင်ပြီး တရားမဝင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်တဲ့အတွက်လို့ သူကဆက် ပြောပါတယ်။

“ ဗီဇာစည်း ကမ်းဖောက်ဖျက်မှုနဲ့ပေါ့နော် ဆက်စွဲဖို့ရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့က ဥပဒေအကြံတောင်း တင်ထားပါတယ်ခင်ဗျ။ ဥပဒေအကြံတောင်း ပြန်ကျပြီးမှသာလျင်ဆက်စွဲမှာပါ “ လို့ ဒုရဲမှူးရွှေဌေးက ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့ တရုတ်နိုင်ငံသူ ၁၇ ယောက်နှင့် ဆိုင်မန်နေဂျာတရုတ်နိုင်ငံသား ၂ ယောက်အပါအဝင် ဆိုင်ဝန်ထမ်းစုစုပေါင်း ၂၉ ယောက်ကို တောင်ဥက္ကလာပ မြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးအပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ စုစုပေါင်း ၂၉ ယောက်ထဲက တရုတ်နိုင်ငံမှ လာရောက်တဲ့ ၁၉ ဦးကို လ.၀.က ဥပဒေ ၄၂/၁၃ (၁)နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လ.၀.က မှထပ်စွဲတဲ့အမှုကို တရားရုံးတင်နိုင်ဖို့အတွက် ဥပဒေအကြံတောင်း တင်ထားရတာ ဖြစ်တယ်လို့လည်း တောင်ဥက္ကလာပ မြို့နယ်ရဲစခန်းက သိရပါတယ်။

ဇွန်လ ၂၀ ရက်နေ့ရုံးချိန်းမှာ တရားလိုကိုလည်း စစ်ဆေးခဲ့ပြီးတော့ တရားလို ရဲအုပ် တင့်လွင်ဦးက တွေ့ရှိတဲ့ပစ္စည်းတွေကို တရားရုံးကို တင်ပြခဲ့ပြီး တရားခံရှေ့နေ့က အပြစ်မရှိကြောင်း ပြန်လည် တင်ပြခဲ့တယ်လို့ တရားလိုကိုယ်တိုင်က မီဒီယာတွေရဲ့ မေးမြန်းမှုကိုပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင်မှာ တရုတ်နိုင်ငံသူ ၁၇ ဦးကို အရင်ရုံးချိန်းတုန်းကက စစ်တာကျန်တာကြောင့်  ပြန်စစ်ခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာထပ်စစ်ဆေးဖို့ မြို့နယ်တရား သူကြီးကပြန်ချိန်းခဲ့ပါတယ်။

လက်ရှိမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား အမျိုးသမီး ၁၇ ဦးကို ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ ၃ (က)/ (ခ)နှင့် လည်းကောင်း ဆိုင်မန်နေဂျာ အပါအဝင် ဆိုင်ဝန်ထမ်း ၁၂ ဦးတို့ကို ဥပဒေပုဒ်မ ၅(၁) ဖြင့်လည်းကောင်း တရားစွဲဆိုထားပါတယ်။

ဖြစ်စဉ်ကတော့ တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်တွင် တရားဝင်လိုင်စင်မရှိဘဲဖွင့်လှစ်ထားတဲ့ Oriental Spa အမည်ရှိ အလှပြင်ဆိုင်ကို  မေလ ၂၂ ရက်နေ့ ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်စစ်ဆေးတဲ့အခါ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေတာကိုတွေ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly