ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ စည်းကမ်းမဲ့ အငှားမော်တော်ဆိုင်ကယ်များကို ကြပ်မတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ စည်းကမ်းမဲ့ အငှားမော်တော်ဆိုင်ကယ်များကို ကြပ်မတ်မည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ
 

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်မောင်းခွင့်ရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်အငှားယာဉ်မောင်း အချို့သည် လိုင်စင်မဲ့ မောင်းနှင်ခြင်း၊ ကမ်းမဲ့မောင်းနှင်ခြင်း၊ ဆိုင်ကယ်အသုံးပြု၍ ဒုစရိုက်မှုများဖြစ်ပေါ်နေခြင်းတို့ကြောင့် ကြပ်မတ်ကွပ်ကဲမှုများ လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

ဇွန်လ ၂၀ ရက် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်နေ့၌ သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက စည်းကမ်းမဲ့ အငှားဆိုင်ကယ်များကို ကြပ်မတ်နိုင်ခြင်း ရှိမရှိ မေးခွန်း မေးမြန်းမှုအပေါ် စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကြီးကြပ်မှု အစဉ်အဆက်အရ အားနည်းနေတာကို ကြီးကြပ်မှုပြန်မြှင့်တင်နေပါတယ်"ဟု ဝန်ကြီးကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၏ မေးမြန်းမှုတွင် မော်တော်ဆိုင်ကယ်အငှားယာဉ်များကို ဥပဒေနှင့်အညီ ယာဉ်ရပ်နားစခန်းသတ်မှတ်၍ ကြီးကြပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုလည်း ပါဝင်ရာ “မော်တော်ဆိုင်ကယ်များ ဂိတ်ထိုးရပ်နားနိုင်မည့် စခန်းများထပ်မံဖွင့်လှစ်ခြင်း၊ ၀န်ထမ်းများ ထပ်မံခန့်အပ်ခြင်း၊ မြို့နယ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့များနှင့် လုပ်ငန်းအောင်မြင်စေရန် ပေါင်းစပ်လုပ်ဆောင်သွားမည်” ဟု ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေတွင် အငှားစက်တပ် ယာဉ်ငယ်များနှင့်ပတ်သတ်၍ ယာဉ်ရပ်နားစခန်းများ၊ အခွန်အခကောက်ခံမှုများ၊ စည်းမျဉ်းစည်းကမ်း ဥပဒေများရေးဆွဲခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆိုင်ကယ်စီးနင်းမှုများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ် ၃၃ မြို့နယ်တွင် ခွင့်မပြုကြောင်း ၂၀၁၃ ခုနှစ်က စတင်သတ်မှတ်ခဲ့သည်။

အငှားစက်တပ်ယာဉ်ဆိုသည်မှာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခုမှ စက်တပ်ယာဉ်ငယ်အဖြစ် မှတ်ပုံတင်ခွင့်ပြုထားသော နှစ်ဘီး သုံးဘီးပါ စက်တပ်ယာဉ်ဖြင့် ခရီးသည် ကုန်ပစ္စည်းတို့ကို အခကြေးငွေယူ၍ မြို့နယ်တစ်ခုအတွင်းပြေးဆွဲနေသော စက်တပ်ယာဉ်ငယ်ကိုဆိုလိုသည်၊ လျှပ်စစ်စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ အခန်း ၁ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly