လူငယ်နဲ့ ဗဟုသုတရှာဖွေမှု မိုးကောင်းကင်

လူငယ်နဲ့ ဗဟုသုတရှာဖွေမှု မိုးကောင်းကင်

 

ပြီးခဲ့တဲ့တစ်လကျော်က လူငယ်နဲ့ခရီးသွားခြင်းအနုပညာခေါင်းစဉ်အောက်မှာ ခရီးသွားခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးရလဒ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အခုဆွေးနွေးမယ့်အကြောင်းအရာဟာ အဲဒီခေါင်းစဉ်နဲ့ တစ်ဆက်တစ်စပ်တည်းပဲလို့ ပြောရင် ရနိုင်ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်တုန်းကတော့ ငါးနှစ်ကျော် ပြန်မရောက်ခဲ့တဲ့ ကျနော့်ရွာကို ခဏတဖြုတ်ပြန်ရောက်ပါတယ်။ ကျနော်က ငယ်စဉ်က အဲဒီရွာမှာပဲ ကျောင်းဆရာလုပ်ခဲ့တာမို့ ညပိုင်းမှာ   ကျောင်းသားဟောင်းတွေနဲ့ ၀ိုင်းဖွဲ့စကားပြောဖြစ်ပါတယ်။ ကျောင်းသားဟောင်းတွေက အခုဆိုရင် အသက် ၄၀ ကျော်လူလတ်ပိုင်းတွေဖြစ်နေကြပါပြီ။ ဒီစကားဝိုင်းမှာ ကိုယ့်ရွာကလေးအပေါ်မူတည်ပြီး ရွာကလူငယ်တွေအပေါ်မူတည်ပြီး အများဆုံးပြောဖြစ်တဲ့အကြောင်းအရာကတော့ လူငယ်တွေဟာ ဇာတိရွာကိုစွန့်ခွာပြီး ဝေးရပ်မြေတွေဆီ အလုပ်သွားလုပ်ကြရတဲ့အကြောင်းလည်း ပါ၀င်ပါတယ်။ ရွာကိုပြန်ရောက်တဲ့အချိန်က နွေစပါးပြီးလို့ မိုးစပါးထပ်စိုက်ကြတဲ့အချိန်ဖြစ်ပါတယ်။

ရွာမှာရှိတဲ့ စပါးကွင်းတွေအကုန်လုံး စိုက်စပါးမဟုတ်တော့ဘဲ ကြဲစပါးခင်းတွေ ဖြစ်ကုန်တာဟာ ရွာမှာ စပါးစိုက်မယ့်သူ အလုပ်သမားမရှိကြတော့လို့လည်းဖြစ်ကြောင်း ဒီလူတွေဟာ ရွာမှာလုပ်ကိုင်စားရတာ မကိုက်တော့လို့ ထိုင်းကိုသွားပြီး အလုပ်လုပ်ကြတဲ့အကြောင်းကိုလည်း ပြောဖြစ်ခဲ့ကြပါတယ်။

အိမ်ခြေဦးရေ ၁၁၅ အိမ်သာပဲရှိတဲ့ ရွာတစ်ရွာရဲ့အခြေအနေကို စနစ်တကျမဟုတ်သည့်တိိုင် အကြမ်းပျဉ်းအားဖြင့် ဇယားချကြည့်တဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း တစ်နှစ်မှာ ရွာသားအနည်းဆုံး သုံးဦးအထိ ကွယ်လွန်ခဲ့ကြတာကိုလည်း သိလိုက်ရပါတယ်။ အဲသလို အကြောင်းအမျိုးမျိုးနဲ့ ကွယ်လွန်ခဲ့ကြသူတွေထဲမှာ အသက် ၂၀ နဲ့ အသက်၄၀ ကြားအရွယ်လူက အရေအတွက်အများဆုံး ဖြစ်တယ်ဆိုတာကိုလည်း သိလိုက်ရပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် အစိတ်လောက်တုန်းကလည်း အိမ်ခြေဦးရေ ၁၁၀ ကျော်ရှိခဲ့ပေမယ့် အခုအချိန်အထိ အိမ်ခြေဦးရေတိုးမလာပဲ တန့်နေတဲ့သဘောကိုလည်း သိလိုက်ရပါတယ်။ ဒီကြားထဲ ရွာမှာ သာရေးနာရေးအလုပ်ရှိတဲ့အခါ ၀ိုင်းဝန်းလုပ်ကိုင်ကြမယ့် လူငယ်တွေ မရှိသလောက်ဖြစ်နေလို့ သာရေးနာရေး လူငယ်အသင်းပျက်မလိုဖြစ်နေတယ်ဆိုတာကိုလည်း ကြားခဲ့ရပါတယ်။ ရွာမှာရှိတဲ့လူငယ် အသက် ၁၅ နှစ်နဲ့ အသက် ၂၅ နှစ်ကြား ကျားမ အယောက် ၄၀ ၀န်းကျင်ရှိခဲ့ရာက အခုတော့ ၃၀ ကျော်က ထိုင်းနိုင်ငံထွက်ပြီး အလုပ်လုပ်နေကြတာမို့ လက်ကျန် လူငယ် ၁၀ ပင်မပြည့်လောက်အောင် လူငယ်အင်အားလျော့နည်းသွားတယ်လို့လည်း သိလိုက်ရပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ကွယ်လွန်သွားကြသူတွေထဲမှာ ပိုးထိလို့၊ ဖျားနာလို့ အရက်နာကျလို့ ကွယ်လွန်သူက များပြီး အရွယ်လွန်လူကြီးရောဂါနဲ့ အသက်ကြီးရင့်မှကွယ်လွန်သူက ရှားတဲ့အကြောင်းလည်း သိရပါတယ်။ ဒီကြားထဲ ထိုင်းကိုသွားပြီးအလုပ်လုပ်ကြပေမယ့်လည်း ရွာကိုပြန်ပြီး လစဉ်ငွေပြန်ပို့နိုင်သူက နည်းပြီး မပို့နိုင်သူက များတဲ့အကြောင်းလည်း စိတ်မကောင်းဖွယ်ကြားခဲ့ရပြန်ပါတယ်။

လူငယ်တွေ တစ်နယ်တစ်ကျေးထွက်ပြီး အလုပ်လုပ်ကြရတာနဲ့ပတ်သက်ပြီး တွေးမိတဲ့အချက်က ရွာရဲ့လူသားအရင်းအမြစ်တွေ ဆုံးရှုံးရတဲ့သဘောဆိုတာ မှန်ပေမယ့် ဒီအထဲက   လေ့လာစူးစမ်းလိုစိတ်ရှိတဲ့လူငယ်တွေ များများရှိနိုင်မယ်ဆိုရင်တော့ မဆိုးဘူးလို့ အရှုံးထဲက အမြတ်သဘော တွေးမိပါသေးတယ်။ မှန်ပါတယ်။ တချိန်ကဆိုရင် ရွာက မိ်န်းကလေးလူငယ်တွေဟာ ထိုင်းကို အခုလိုသွားပြီးအလုပ်လုပ်ကြဖို့နေနေသာသာ ဟိုဘက်ရွာ ဒီဘက်ရွာအလည်သွားချင်ရင်တောင်မှ မိဘက အဖေါ်မပါဘဲခွင့်မပြုခဲ့ကြတဲ့ အခြေအနေမှာ အခုတော့လည်း ငယ်ရွယ်တဲ့မိန်းကလေး အကုန်နီးပါး တိုင်းတပါးကိုထွက်ပြီး အလုပ်လုပ်နေကြရတဲ့ အခြေအနေမို့ စိတ်မကောင်းဖြစ်ရတာတော့ အမှန်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အရှုံးထဲကအမြတ်သဘော ဆက်တွေးမိတာက လူငယ်တွေ တစ်နယ်စ်တရပ်တစ်ကျေးထွက်ပြီးအလုပ်လုပ်နေကြရင်းက စူးစမ်းလိုစိတ် ပညာသင်ယူလိုစိတ်ရှိတဲ့ လူငယ်တွေဖြစ်မယ်ဆိုရင်တော့ မဆိုးဘူးလို့လည်း တွေးမိပါတယ်။ ဥပမာ ကျနော်တွေ့ဖူးတဲ့ ပြည်ပထွက်အလုပ်လုပ်တဲ့ အသက် ၂၀ ကျော်လူငယ်တစ်ယောက်ဟာဆိုရင် ချည်မျှင်နဲ့အထည်စက်ရုံတစ်ရုံရဲ့ အအောက်ခြေသိမ်းအလုပ်ကအစ ကုန်ချောထုတ်လုပ်တဲ့အလုပ်အထိ ကျွမ်းကျင်သူ တတ်သိနားလည်သူဖြစ်နေတာနဲ့ ထိုင်းနိုင်ငံရဲ့ မျက်မှောက်နိုင်ငံရေးစီးပွားရေး အခြေအနေတွေကိုပါ  စိတ်ဝင်တစားပြောပြနိုင်တာ တွေ့ရပါတယ်။ ထိုင်းစကားနဲ့ ထိုင်းစာကိုလည်း တတ်သိနေတာ တွေ့ရပါတယ်။ ဒီလိုလူငယ်မျိုးကြတော့ ချီးကျူးရမလိုဖြစ်ပါတယ်။ ရွာမှာမနေသာလို့ တိုင်းတပါးထွက်အလုပ်လုပ်ရပေမယ့် သူက စူးစမ်းလေ့လာလိုစိတ် ရှိသူဖြစ်တာမို့ ရွာရဲ့အနာဂါတ် တိုင်းပြည်အနာဂါတ်မှာ အားကိုးရမယ့်လူငယ်ဖြစ်လာနိုင်တာမို့ ဒီလိုတဖက်က ပြန်တွေးရင်တော့ အားရှိရမလိုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပထွက် အလုပ်လုပ်ကိုင်ကြရတာမှန်ပေမယ့် ကိုယ်ရောက်တဲ့ဒေသ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ စိတ်ဝင်တစား စူးစမ်းလေ့လာလိုစိတ် ရှိတဲ့လူငယ်တွေဖြစ်ကြရင်   ကောင်းပါတယ်။ လူငယ်ဆိုတာ စူးစမ်းလိုစိတ် စွန့်စားလိုစိတ်ရှိကြတာမို့ ဒီလိုလူငယ်တွေ များများစားစား ရှိလာကြဖို့လည်း ပြောခဲ့တွေးခဲ့မိပါသေးတယ်။ ဒီလိုနည်းနဲ့ပဲ ခေတ်မီတဲ့နိုင်ငံတွေဆီက စိုက်ပျိုးနည်းပညာတွေ၊ စက်မှုနည်းပညာတွေနဲ့ အခြားအထွေထွေဗဟုသုတတွေ ရလာစေနိုင်ပါတယ်။

ဒါကြောင့်မို့ ရွာကလူငယ်တွေပြည်ပထွက် အလုပ်လုပ်ကြရလို့ တိုင်းပြည်ရဲ့လူသားအရင်းအမြစ်တွေ ဆုံးရှုံးကြရတာမှန်ပေမယ့် စူးစမ်းလေ့လာလိုသူ လူငယ်တွေ များများရှိရင်တော့ မဆိုးဘူးလို့ အရှုံးထဲကအမြတ်သဘော ပြောခဲ့မိကြပါတယ်။ ဒီလိုနည်းနဲ့ တချိန်ကြရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရတဲ့အခါ ဒီလိုတတ်သိလူငယ်တွေ တကူးတက အချိန်ယူ သင်ကြားလေ့ကျင့်   မွေးထုတ်ဖို့ မလိုတော့ဘဲ ကျွမ်းကျင်လုပ်သားတွေ ရရှိလာစေမယ့် သဘောမို့လည်း ဒီသဘောဒီကိစ္စ ၀ိုင်းဝန်းအကြံပြုအားပေးသင့်တယ်လို့ ပြောခဲ့မိပါတယ်။

ဒီအကြောင်းတွေ ပြောကြဆိုကြတဲ့အခါ ကျနော်တွေ့ဖူးသိဖူးတဲ့ အသက် ၂၀ ၀န်းကျင်အမျိုးသမီးငယ်တစ်ဦးကို သွားတွေးမိပါတယ်။ သူဟာ တက္ကသိုလ်က ဘွဲ့ယူဖို့ပြင်ဆင်နေသူဖြစ်ပြီး သူယူမယ့်ဘွဲ့အတွက် စာတမ်းပြုစုနေသူလည်းဖြစ်ပါတယ်။ တနေ့တော့ သူ့ကို သုံးလလောက်မတွေ့ရဘဲဖြစ်နေလို့ ပြန်တွေ့တဲ့အခါမေးကြည့်တော့ ဘောစနီးယားကို သွားနေတာဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဒီတုန်းက ဘောစနီးယားမှာက ခရစ်ယန်ဘာသာဝင်နဲ့ အစ္စလန်ဘာသာဝင်တွေ အပြန်အလှန် အုပ်စုလိုက် သတ်ကြဖြတ်ကြနဲ့ လူမျိုးစုလိုက် ပဋိပက္ခတွေ အကြီးအကျယ်ဖြစ်နေတဲ့ နေရာမို့ ကျနော်က ဘာပြုလို့ အဲဒီနေရာကို မင်းသွားခဲ့တာလည်းဆိုတော့ သူက သူရေးမယ့်စာတမ်းက ဘာသာမတူသူများ၊ လူမျိုးမတူသူများကြား ဆက်ဆံရေးဘာသာရပ်ဖြစ်လို့ အဲဒီဒေသကို တမင်သွားခဲ့တာဖြစ်တယ်လို့ ပြန်ဖြေပါတယ်။ မချွင်းမချန်ပြောရရင်တော့ ကိုယ့်တိုင်းပြည်အခြေအနေပေါ်မူတည်ပြီး စဉ်းစားမိတာက ဒီလိုငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦး အဖေါ်မပါဘဲ စစ်ဖြစ်နေတဲ့နေရာသွားဖို့ဆိုတာ မိဘတွေကအစ သဘောတူနိုင်စရာ အကြောင်းမရှိဘူးလို့ မြင်ပေမယ့် သူတို့လူမျိုး သူတို့လူငယ်တွေကတော့ အဲသလို ကမ္ဘာကြီးထဲ လွတ်လွတ်လပ်လပ် ရဲရဲဝန့်ဝန့် ခုန်ချချင်တဲ့စိတ် အားပေးတဲ့ တိုင်းပြည်ဖြစ်တာမို့ အားကျမိ လေးစားခဲ့မိပါတယ်။ သူတို့တိုင်းပြည် ချမ်းသာကြွယ်ဝပြီး ပညာတွေတတ် ဖွံ့ဖြိုးလာနေတာတွေထဲမှာ ဒီလို လူငယ်တွေ မွေးထုတ်နိုင်လို့ ဖြစ်တယ်ဆိုတဲ့ အချက်လည်း အရေးပါတဲ့အချက် ဖြစ်နိုင်ပါတယ်။

ကဲ ဒီကနေ့ ဒီခေါင်းစဉ်နဲ့ဆွေးနွေးခဲ့တာ နိဂုံးမချုပ်ခင် ပြောချင်တဲ့အချက်က တကယ်တော့ လူသားချင်းတူပါလျက်နဲ့ ကမ္ဘာကြီးပေါ်မှာ စူးစမ်းရှာဖွေလိုသူ ဗဟုသုတရှာဖွေလိုသူ စွန့်စားလုပ်ကိုင်လိုသူ လူငယ်တွေဟာ တိုင်းပြည်တစ်ပြည်အတွက်အင်မတန်အရေးကြီးတဲ့လူငယ်တွေဖြစ်ကြောင်းနဲ့ ကမ္ဘာကြီးပေါ်မှာ တိုင်းတပါးပင််လယ်ရပ်ခြား စွန့်စားထွက်ခွာ လေ့လာစူးစမ်းခဲ့ကြ တနည်းအားဖြင့် ကမ္ဘာသစ်ကို စတင်ရှာဖွေခဲ့ကြသူတွေထဲမှာ ဒတ်ချ်နဲ့ ပေါ်တူဂီလူမျိုးတို့က စခဲ့တာဖြစ်ကြောင်း၊ ဒီလူမျိုးတွေဟာ ရွက်တပ်သဘောင်္တွေနဲ့ပဲ ပင်လယ်တွေဖြတ်ပြီး စွန့်စားသွားလာ ခဲ့သူတွေဖြစ်ကြောင်းပြောရင်း ဒီကနေ့ လူငယ်နဲ့ဗဟုသုတရှာဖွေမှု ခေါင်းစဉ်အောက်မှာ နိဂုံးချုပ် ဆွေးနွေးလိုက်ပါတယ်။ နောက်နေ့တွေမှာလည်း ဒီခေါင်းစဉ်အောက်မှာ ထပ်ပြီးဆွေးနွေးသွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly